သုံးရလွယ်ကူစေသည့် Link များ

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ A(H1N1) ခေါ် ၀က်တုပ်ကွေးရောဂါ ဖြစ်ပွားသူ အနည်းဆုံး ၃ ယောက်ကို ဆေးရုံတင် ဆေးကုသမှု ခံယူနေရပြီး ကာကွယ်ဆေး မလုံလောက်တာကြောင့် သူတို့ကို ကုသပေးနေတဲ့ ဆေးဝန်ထမ်းတွေ ကိုယ်တိုင် သူတို့အပေါ် ရောဂါ ကူးစက်လာမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပုသိမ်မြို့မှာ ၀က်တုပ်ကွေးရောဂါ ဖြစ်ပွားတာကတော့ ဒီလဆန်းပိုင်းလောက်က စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လူနာတွေ ပုသိမ်ဆေးရုံကြီးကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားတဲ့ အခြေအနေကိုတော့ ပုသိမ်မြို့ခံ တယောက်က အခုလို ပြောပါတယ်။

“သူတို့တွေ ၄ ရက်နေ့လောက်က ဆေးရုံတက်ကြတယ်။ ရန်ကုန်ကို ဓာတ်ခွဲခန်း တင်လိုက်တော့ ၆ ရက်နေ့ နေ့လယ် ၁၂ နာရီ တချက်တီးလောက်မှာ H1N1 ဆိုပြီး အတည်ပြုတယ်။ ကျနော်က လူနာရှိတယ်ဗျာ၊ အဆောင် ၂ မှာ။ အဲဒီလူနာတွေကို ကျနော်တို့ လူနာတွေထားတဲ့ အခန်းမှာပဲ လာထားတယ်ဗျ။ သူတို့စတက်တာ ၄ ရက်နေ့လောက်က တက်တာ ပြောတယ်။ ကျနော်တို့လည်း ပထမတော့ အမှတ်တမဲ့ပေါ့။ အဆောင်ထဲမှာ လာထားတာဆိုတော့ တခြားလူနာတွေလည်း ကြောက်သွားတာပေါ့ဗျာ။ ၆ ရက်နေ့ကျမှ အဆောင်ပြောင်းသွားတယ်။ သီးသန့်ခန်း ပြောင်းပေးလိုက်တယ်။”

ရောဂါ စတင်ဖြစ်ပွားတာကတော့ ယုဇန ကုမ္ပဏီ ငါးထုပ်ပိုးရာ အအေးခန်း အလုပ်သမားတွေကနေ စတင်ဖြစ်တာလို့ ပုသိမ်မြို့ခံက ပြောပါတယ်။

“ပုသိမ်မှာ H1N1 စတာက ယုဇန အအေးခန်းကနေ စတာဗျ။ ယုဇန အအေးခန်းက စပြီးတော့ သူတို့ ဟိုမှာ ကျိတ်ကုနေတယ်ဗျ၊ ဆရာဝန်တယောက်နဲ့။ အဲဒီမှာ အလုပ်သမား တော်တော်များများ ဖြစ်တယ်ဗျ။ ကျိတ်ကုနေတာ သူတို့ မနိုင်တော့ ပုသိမ်ဆေးရုံကြီးကို ပို့တယ်ဗျ။ ပုသိမ်ဆေးရုံကြီးမှာ လူနာ ၃ ယောက် ရောက်လာတယ်။ အမျိုးသမီး ၂ ယောက်၊ ယောက်ျားတယောက်။ H1N1 ကို မကြေညာဘူး။ ဆေးရုံက ဆရာဝန်၊ ဆရာမတွေကလည်း လက်အိတ်မပါ၊ နှာခေါင်းစွပ်မပါနဲ့ စမ်းကြတာပေါ့ဗျာ။ ရန်ကုန်ကို ဓာတ်ခွဲခန်း တင်လိုက်တော့ H1N1 ဆိုပြီး အတည်ပြုတယ်။

“အဲလို အတည်ပြုတဲ့ အခါကျတော့ ဆေးရုံက ဆရာဝန်၊ ဆရာမတွေ ကြောက်လန့်ကုန်ပြီး ဖုန်းတွေ သူတို့အိမ်တွေဆက်၊ ဘာတွေဆက်၊ သူတို့ ဒီတိုင်း စမ်းမိတဲ့အကြောင်း ဘာညာဆိုတာကို ကျနော်တို့ လူနာစောင့်တွေက အပြင်ကနေ ကြားနေရတယ်။ ငိုတဲ့လူတွေလည်း ငို။ သူတို့ ကာကွယ်ဆေးတို့၊ ကိုင်ကြည့်တဲ့လူတွေကို တိုက်ဖို့ ဆေးကလည်း ဆေးရုံမှာ မရှိဘူး။

“အဲဒီနေ့က ပြောနေသံကြားတာတော့ ဆေး ၃ ကတ် ရတယ်ပြောတယ်။ ဆေး ၃ ကတ်က သောက်ရမယ့် လူတွေက များတော့ ဝေလို့ ခြမ်းလို့ တယောက် ၁ လုံးရ၊ ၂ လုံးရ ဆိုတော့ ဘာမှ လုံခြုံမှုမရှိဘူး။ ဆေးရုံက ဆရာဝန်တွေကလည်း လုပ်ကိုင်နေကြရတယ်။”

အခြား ပုသိမ်မြို့ခံ တယောက်ကတော့ ဆေးရုံတက်နေသူ ၅ ယောက်ရှိတယ်လို့ ပြောပါတယ်။

“လက်ရှိ ပုသိမ်ဆေးရုံကြီး အဆောင်အတွင်းမှာ စုစုပေါင်း ၅ ယောက် တက်နေတယ်။ မိန်းကလေး ၂ ယောက်၊ အမျိုးသား ၃ ယောက်၊ စုစုပေါင်း ၅ ယောက်။ အဆောင် ၃ မှာ ကျနော့်သူငယ်ချင်း တက်နေလို့။ ဖြစ်တာက ယုဇနက စတာ။ ဒါပေမဲ့ ယုဇနက အရေးကြီးတဲ့ လူနာတွေလောက်ပဲ ဆေးရုံကို ခေါ်လာတာ။”

ယုဇန ကုမ္ပဏီကို ဒီသတင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ သူတို့ ဘာမှ မသိရဘူးလို့ ပြောပါတယ်။ ပုသိမ်ဆေးရုံကြီးကို ဆက်သွယ်ရာမှာတော့ ၀က်တုပ်ကွေး ဖြစ်တယ်ဆိုတာ ကြားသိရကြောင်း ပြောပေမဲ့ သက်ဆိုင်ရာ အထက်အရာရှိကို မေးပါလို့ ပြောပါတယ်။ တာဝန်ကျ အရာရှိကို ဆက်သွယ်ရာမှာတော့ သူတို့ ဖြေကြားပိုင်ခွင့် မရှိကြောင်း ပြန်လည်ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီနှစ် နှစ်ဆန်းပိုင်းက စတင်ပြီး ၀က်တုပ်ကွေးရောဂါ ထပ်မံဖြစ်ပွားခဲ့ရာမှာ မတ်လဆန်းပိုင်းအထိ စုစုပေါင်း ၆၃ ယောက် ဖြစ်ပွားခဲ့တယ်လို့ အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။ မတ်လ ဒုတိယပတ်လောက်မှာ စစ်ကိုင်းတိုင်း မုံရွာမြို့အနီး ဗောဓိတထောင် ကျောင်းတိုက်မှာ သံဃာ ၈ ပါး ၀က်တုပ်ကွေးရောဂါ ဖြစ်ပွားပြီး ဆေးရုံတင် ကုသရတဲ့သတင်း အပါအ၀င် နောက်ပိုင်းဖြစ်ပွားတဲ့ သတင်းတွေကိုတော့ အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြတာ မတွေ့ရပါဘူး။

ကျန်းမာရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရတော့ ၀က်တုပ်ကွေး ရောဂါကြောင့် အခုအချိန်ထိတော့ မြန်မာပြည်မှာ အသေအပျောက် မရှိသေးဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG