သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အာဆီယံတောင်းဆို


စစ်အစိုးရရဲ့ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဦးတည်ဆောင်ရွက်ဖို့ အာဆီယံ ခေါင်းဆောင်တွေက မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ဒါပေမဲ့ အခု ပြီးခဲ့တဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကနေ မြန်မာနိုင်ငံအရေး ဘယ်လိုကိုင်တွယ်ကြမလဲဆိုတဲ့ တိကျတဲ့အဖြေကိုတော့ အာဆီယံခေါင်းဆောင်တွေ မဆွေးနွေးနိုင်ခဲ့ကြပါဘူး။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွင်းမှာ ဒေသတွင်း စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံကိစ္စကိုတော့ အာဆီယံရဲ့ စိုးရိမ်ပူပင်မှုတခု အနေနဲ့သာ တို့ထိ ဆွေးနွေးခဲ့တယ်လို့ ပြောရမှာပါ။ အာဆီယံထိပ်သီးဆွေးနွေးပွဲအတွင်း ခေါင်းဆောင်တွေရဲ့ ဆွေးနွေးချက်ကို ထင်ဟပ်ပြီး အာဆီယံအလှည့်ကျ ဥက္ကဌ ဗီယက်နမ်နိုင်ငံကနေ မြန်မာနိုင်ငံအရေး ကြေညာချက်ထုတ်ခဲ့ပါတယ်။ အဲဒီမှာတော့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်အောင် လမ်းဖွင့်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်းပစ်ဆူဝမ် က ရှင်းပြပါတယ်။

<!-- IMAGE -->

"မြန်မာအစိုးရဝန်ကြီးချုပ်ကနေ အာဆီယံခေါင်းဆောင်တွေကို မြန်မာ့နိုင်ငံရေးအခြေအနေ ရှင်းပြသွားပါတယ်။ အဲဒီအပေါ်မှာ အခြား ခေါင်းဆောင်တွေ တုံ့ပြန်ဆွေးနွေးချက်အပေါ် တည်ပြီး အာဆီယံ အလှည့်ကျဥက္ကဌရဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်ရေး အစီအစဉ် ဆောင်ရွက်ချက်တွေကို ပြီးပြတ်တဲ့အထိ ဆောင်ရွက်ဖို့ ခေါင်းဆောင်တွေက အားပေးတိုက်တွန်းပါတယ်။ အခုလာမယ့် ရွေးကောက်ပွဲကနေ မြန်မာနိုင်ငံမှာ တကယ့်ကို စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်လာစေမယ်လို့ မျှော်လင့်ထားပါတယ်။"

မြန်မာနိုင်ငံအနေနဲ့ အာဆီယံကို ပေးထားတဲ့ကတိကဝတ်အတိုင်း ဒီမိုကရေစီလမ်းပြမြေပုံကို အကောင်အထည်ဖော်ဖို့ လိုမယ်လို့ အာဆီယံခေါင်းဆောင်တွေက သတိပေးခဲ့ကြပေမဲ့ အသေးစိတ်ကိုတော့ ဆွေးနွေးခဲ့ခြင်း မရှိဘူးလို့ အတွင်းရေးမှူးချုပ် ဆူရင်းပစ်ဆူဝမ်က ပြောပါတယ်။

"ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံနဲ့ ကုလသမဂ္ဂကို ပူးပေါင်းဆောင်ရွက်သွားဖို့ တိုက်တွန်းပါတယ်။ အာဆီယံခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံ အခြေအနေအပေါ်မှာ စိုးရိမ်ပူပင်ကြောင်း ဖော်ပြခဲ့ကြပြီး၊ မြန်မာအစိုးရရဲ့ ကတိကဝတ်အတိုင်း ဒီမိုကရေစီလမ်းပြမြေပုံကို ရှေ့တိုးဆောင်ရွက်သွားဖို့ အားပေးခဲ့ကြပါတယ်။ ဒါပေမဲ့ အသေးစိတ်အခြေအနေကိုတော့ ဆွေးနွေးပြောဆိုတာမရှိခဲ့ပါဘူး။"

အာဆီယံ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံရေးအင်အားစု အားလုံး ပါဝင်နိုင်အောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ကတော့ ယတိပြတ် အဖြေပေးတာတော့ မဟုတ်ပေမဲ့ လာမယ့်ရွေးကောက်ပွဲမှာ အားလုံး ပါဝင်နိုင်ရစေမယ်လို့ ပြီးခဲ့တဲ့ အာဆီယံအစည်းအဝေးမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးက အဖြေပေးခဲ့ဖူးပါတယ်။ ဒီအပေါ်ကို ထောက်ပြလိုတဲ့သဘောဖြစ်ပေမဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ကိစ္စတွေကိုတော့ အာဆီယံ ခေါင်းဆောင်တွေ ပြောဆိုသွားခြင်းမရှိပါဘူး။ ဒါပေမဲ့လည်း မြန်မာနဲ့ နိုင်ငံတကာ ပြန်လည်ပြေလည်ဖို့ဆိုရင် အခု ၂၀၁၀ ဟာ အလှည့်အပြောင်းကာလပဲလို့ အာဆီယံခေါင်းဆောင်တွေ ယူဆတဲ့အကြောင်း အတွင်းရေးမှူးချုပ် ဆူရင်းပစ်ဆူဝမ်က ပြောပြပါတယ်။

"မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ဆက်ဆံရေးမှာ ဘာပြဿနာမှ မကြုံရဘဲ မရှိရဘဲ နိုင်ငံတကာနဲ့ ထဲထဲဝင်ဝင် ချောချောမွေ့မွေ့ ဆက်ဆံနိုင်ဖို့ အခု ၂၀၁၀ ခုနှစ်ဟာ မြန်မာအတွက် အရေးအကြီးဆုံး အလှည့်အပြောင်း ဖြစ်တယ်လို့ အာဆီယံခေါင်းဆောင်တွေက ယူဆထားကြပါတယ်။"

အာဆီယံခေါင်းဆောင်တွေအနေနဲ့ မြန်မာအရေးစိုးရိမ်ကြောင်း ဖော်ပြပေမဲ့လို့၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ ဒေသတွင်း လွှတ်တော်အမတ်တွေ တောင်းဆိုခဲ့ကြသလို မြန်မာနဲ့ပတ်သက်လို့ အာဆီယံရဲ့ ပြတ်ပြတ်သားသား ကိုင်တွယ်မှုမပြောနဲ့ ဝေဖန်တိုက်တွန်းပြောဆိုမှုတောင် မထွက်လာပါဘူး။ အခု လာမယ့်ရွေးကောက်ပွဲဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေ့ရှူပြီး အများအတွက် လမ်းဖွင့်ပေးပါလို့ဆိုပေမဲ့ လာမယ့် ရွေးကောက်ပွဲအတွက် လိုအပ်ချက်တွေကို မြန်မာဖက်က လက်ခံမယ်ဆိုရင် အကူအညီပေးသွားဖို့ အာဆီယံက ကမ်းလှမ်းခဲ့တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG