သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့အရေး အမေရိကန် ထိတွေ့ဆက်ဆံမှုတွေနဲ့ ဆက်လက်ကြိုးပမ်းမည်


မြန်မာ့အရေး အမေရိကန် ထိတွေ့ဆက်ဆံမှုတွေနဲ့ ဆက်လက်ကြိုးပမ်းမည်

မြန်မာစစ်အစိုးရအပေါ် မူဝါဒတွေ ပြောင်းလဲကျင့်သုံးဖို့ ရည်ရွယ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက ထိတွေ့ ဆက်ဆံမှုတွေ လုပ်သွားမှာဖြစ်ပေမဲ့ သိသာတဲ့ အပြောင်းအလဲတွေကို မြင်တွေ့လိုတယ်လို့ ပြောဆိုလိုက်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံများ အသင်း (အာဆီယံ) အပါအ၀င် ဒေသတွင်းနိုင်ငံတွေက ပုံစံမျိုးစုံနဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိနေသလို အမေရိကန်ကလည်း ဒီလိုသဘောထားမျိုး ရှိတဲ့အကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ P J Crowley က မနေ့တုန်းက သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုလိုက်တာပါ။ ဒါပေမဲ့လည်း စစ်အစိုးရဖက်က သိသာမြင်သာတဲ့ အပြောင်းအလဲတွေ လုပ်ဖို့တော့ လိုတယ်လို့ အခုလို ပြောဆိုပါတယ်။

"မြန်မာနိုင်ငံဟာ အထီးကျန်ဖြစ်မှုကနေ ရုန်းထွက်ပြီး၊ ဒေသတွင်းမှာ တည်ငြိမ်မှုရဖို့က အားလုံးရဲ့ အကျိုးစီးပွားလို့ ထင်ပါတယ်။ ဒါပေမဲ့လည်း ဒီအတွက် မြန်မာနိုင်ငံက ခြေလှမ်းတွေ လှမ်းဖို့လိုတယ်ဆိုတာကလည်း ရှင်းပါတယ်။ ကျနော်တို့အနေနဲ့ကတော့ ဒေသတွင်းမှာ ဆွေးနွေးပြောဆိုမှုတွေ ဆက်လုပ်သွားမှာဖြစ်သလို၊ ဒီလို သတင်းစကားမျိုးကို မြန်မာစစ်အစိုးရကို ပေးဖို့အတွက်ကိုလည်း ကျနော်တို့က အားလုံးကို တိုက်တွန်းသွားမှာပါ။"

အမေရိကန်ပြည်ထောင်စုက စစ်အစိုးရအပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားပေမဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံတဲ့ မူဝါဒတွေ ကျင့်သုံးသွားဖို့ သမ္မတ ဘရက်ခ် အိုဘားမား အစိုးရက ကြေညာခဲ့ပြီးတဲ့နောက် စစ်အစိုးရနဲ့ ဆက်ဆံမှုတွေလည်း ရှိလာခဲ့တာဖြစ်ပါတယ်။ ဒီလို မူဝါဒတွေ ပြောင်းလဲကျင့်သုံးမယ့်နေရာမှာ စစ်အစိုးရဖက်ကသိသာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာမယ်ဆိုရင် ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဆောင်တာမျိုးအထိ ဆက်ဆံရေးတွေကို တိုးမြှင့်သွားနိုင်တဲ့အကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က မနှစ်တုန်းကပဲ ပြောခဲ့တာပါ။

ဒါပေမဲ့လို့လည်း မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေတွေကို ထုတ်ပြန်ရာမှာ ထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပါဝင်ခွင့်မပြုဘဲ တားမြစ်ကန့်သတ်မှုတွေ ရှိခဲ့တာကြောင့် အမေရိကန်ပြည်ထောင်စုက စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရတာပါ။ ဒီဥပဒေတွေကို ကြည့်ခြင်းအားဖြင့် အမေရိကန်က ထိတွေ့ ဆက်ဆံဖို့ ကြိုးပမ်းမှုတွေ အောင်မြင်စရာ အခွင့်အလမ်း နည်းပါးလှတဲ့အကြောင်း အာရှပစိဖိတ်ဒေသဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က ပြီးခဲ့တဲ့လ အာရှခရီးစဉ်အတွင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါဟာ အမေရိကန်က မျှော်လင့်ထားတာမျိုး မဟုတ်ဘဲ နောက်ပြန်ဆုတ်တဲ့ လုပ်ရပ်တခုဖြစ်တယ်လို့ ၀န်ကြီး Campbell က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG