သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲဆိုင်ရာ ရပ်တည်ချက် နော်ဝေနဲ့ ထိုင်းသံတမန်တွေ အဲန်အယ်လ်ဒီနဲ့ ဆွေးနွေး


မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲကို မှတ်ပုံမတင်ဖို့ အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံး ရပ်တည်ချက် သဘောထားတွေနဲ့ ပတ်သက်ပြီးတော့ သံတမန်တွေက အကဲခတ် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီကနေ့မှာ ဆိုရင်လည်း နော်ဝေနိုင်ငံ အကြီးအကဲ သံတမန်တဦးက အဲန်အယ်လ်ဒီ ရုံးချုပ်မှာ လာရောက်ဆွေးနွေးခဲ့တာပါ။ ဒီကနေ့ မွန်းလွဲပိုင်းကလည်း ထိုင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီးနဲ့ အဲန်အယ်လ်ဒီ တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ကြတဲ့အကြောင်းကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး မစ္စ မရေး ရက်တက် (Ms. Merete Brattefted) နဲ့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံထိုင်းသံအမတ်တို့ ဒီကနေ့ အဲန်အယ်လ်ဒီ ရုံးချုပ်ကိုလာရောက်ပြီး ဒုဥက္ကဌ ဦးတင်ဦး၊ စီအီးစီ အဖွဲ့ဝင် ဦးညွှန့်ဝေနဲ့ ဦးသန်းထွန်းတို့ကို တွေ့ဆုံခဲ့ပါတယ်။ သံတမန်တွေဟာ အဲန်အယ်လ်ဒီက လာမယ့်ရွေးကောက်ပွဲမှာ မှတ်ပုံမတင်ရတဲ့ အကြောင်းရင်းကို အဓိကထားပြီး မေးမြန်းခဲ့တယ်လို့ ဦးတင်ဦးက ပြောပါတယ်။

"သူတို့က မလာခင်တရက်တော့ စစ်ဘက်က တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့တယ်ပေါ့ဗျာ။ ဒီကို ကျနော်တို့ဘက်ကိုလည်း အဖွဲ့ချုပ်နဲ့ပတ်သက်တာ အားလုံးကို သူတို့လေးစားတဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာလည်း သူတို့ အင်မတန်မှာ လေးစားတယ်ဆိုတဲ့အကြောင်း၊ တွေ့ရင်လည်း ပြောစေချင်တယ်လို့ ပြောတာပေါ့လေ။ သူတို့လာတဲ့ ကိစ္စကတော့ အထူးသဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ မှတ်ပုံတင်ခြင်းမလုပ်တာကို သူတို့ အဓိကထားပြီးတော့ ပြောတာပဲ။"

အဲန်အယ်လ်ဒီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အကျဉ်းကျခံထားရတဲ့ အဖွဲ့ဝင်တွေကို ထုတ်ပယ်ပြီးမှ ပါတီတရပ် အနေနဲ့ မှတ်ပုံမတင်နိုင်သလို ရွေးကောက်ပွဲဥပဒေဟာ တရားမျှတမှု မရှိကြောင်းနဲ့ မကြာခင်ကမှ ထုတ်ပြန်ခဲ့တဲ့ ပြည်သူကို ပန်ကြားခဲ့တာတွေကို ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။

"အဖွဲ့ချုပ်အနေနဲ့ စပြီးတော့ထောင်ကတည်းက ဘယ်လိုဝါဒတွေ ထားတယ်ဆိုတာကို ကျနော်တို့က ပြောပြလိုက်ပါတယ်။ ဒါတွေကို ကျနော်တို့ လုပ်ကိုင်ဆောင်ရွက်လာတဲ့ အတိုင်းအတာမှာ ချောချောမွေ့မွေ့နဲ့ လုပ်ခဲ့ရတာတွေ သိပ်ပြီးတော့မရှိပါဘူး။ အတားအဆီး အပိတ်အပင် အနှောက်အယှက်တွေနဲ့ ဒီလို ဖြစ်လာခဲ့ရတယ်။ ဒီကြားထဲမှာ အဲန်အယ်လ်ဒီ အနေနဲ့ ကြိုးစားပြီးတော့ ခိုင်ခိုင်မာမာနဲ့ ရပ်တည်ပြီးတော့ ဆောင်ရွက်လာခဲ့ကြတယ်ပေါ့ဗျာ။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အစကတည်းကလည်း သူတို့ သိပါတယ်။ ရွေးကောက်ပွဲကို honor လုပ်တာလည်း မရှိဘူးပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်းပဲ အကျဉ်းထောင်ထဲ ထည့်တယ်ပေါ့ဗျာ။ တချို့လည်းပဲ နှစ်ရှည်လများ ကျခံပြီးတော့ အဲဒီလို အကျပ်အတည်းတွေကြားထဲကပဲ လုပ်လာခဲ့ရတယ်ပေါ့ဗျာ။ အခုလည်းပဲ မဝင်ရတဲ့အကြောင်းက အားလုံးသိတဲ့အတိုင်းပဲ၊ အတားအဆီး အပိတ်အပင် အကန့်အသတ်တွေကလည်း သိပ်များတယ်။ အထူးသဖြင့်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသမားတွေကို ကျနော်တို့က ပစ်ပယ်ရမယ်။ နောက်ပြီးတော့ သူတို့ကို ကျနော်တို့က အဖွဲ့ကနေ ထုတ်ပစ်ရမယ်။ စသည်ဖြင့်ပေါ့ အမိန့်ထုတ်တာတွေက တရားမျှတမှု မရှိလွန်း အားကြီးတယ်ပေါ့ဗျာ။ နောက်ပြီးတော့လည်း ဆက်လက်ပြီးတော့ လုပ်ရမယ့် သူတို့ constitution ကိုကြည့်ပြန်ရင်လည်း ဒီမိုကရေစီနဲ့ပတ်သက်ပြီး မညီညွတ်တာတွေပါလို့ ဒါလေးတွေကိုလည်း ပြင်ရအောင် ဆွေးနွေးဖို့ ညှိနှိုင်းဖို့လုပ်တဲ့အခါလည်း ညှိနှိုင်းလို့ မရဘူးပေါ့ဗျာ။ အဲဒါလေးတွေကိုရော ရှင်းပြပြီးတော့ ပြည်သူသို့ပြန်ကြားချက် ထဲမှာ ထုတ်ပြန်တဲ့အတိုင်းပေါ့။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လေး ရှင်းပြလိုက်တယ်ပေါ့။ လုပ်နိုင်စရာရှိတဲ့ အချက်အလက် အားလုံးမှာတော့ ဒီမိုကရေစီရရေး၊ လူ့အခွင့်အရေး ရရေး စသည်ဖြင့် အချက်အလက်တွေကိုတော့ဖြင့် အကြမ်းမဖက်ဘဲနဲ့ အငြိမ်းချမ်းဆုံးနည်းနဲ့ လုပ်ဖို့ဟာကိုပဲ အားကြိုးမာန်တက် လုပ်မယ် ဆိုတာတွေပဲ ကျနော်တို့က ရှင်းပြတာပေါ့လေ။"

အဲန်အယ်လ်ဒီရဲ့ အခုလို ရပ်တည်ချက်ကို နိုင်ငံတကာကပါ သဘောပေါက်နားလည်ပြီး ရွေးကောက်ပွဲဥပဒေတွေဟာ တရားမျှတမှု မရှိတာကို လက်ခံကြပေမဲ့ အဲန်အယ်လ်ဒီ ပါတီ မရှိရင် အဲန်အယ်လ်ဒီကို အားထားတဲ့လူထုအတွက် ရွေးကောက်ပွဲ မဲပေးရာမှာ အားကိုးရာမဲ့ဖြစ်မှာကို စိုးရိမ်ကြောင်း သံတမန်တွေက ပြောကြားခဲ့တယ် လို့လည်း ပြောပါတယ်။

"ကျနော်တို့က ဒါနဲ့ပတ်သက်လို့ မှတ်ပုံမတင်ချင်လို့ မတင်ရတာမဟုတ်ပါဘူး။ ကျနော်တို့ကို မတင်နိုင်အောင် မလုပ်နိုင်အောင်ကို အတင်းအကျပ် လုပ်လာလွန်းအားကြီးလို့ ဒီလိုပဲ ဖြစ်ကြရတာပါ။ အဲဒီတော့ ဒါနဲ့ပတ်သက်လို့ ကျနော်တို့ အားလုံးလည်း မလုပ်နိုင်မကိုင်နိုင်ဘူးဆိုတာတော့ မရှိပါဘူး။ ခုနတုန်းကလို ဆန္ဒမဲပေးတာနဲ့ပတ်သက်တာ အားလုံး ကလည်း ကျနော်တို့တွေ ဝင်ပြီးတော့ပေးလို့ ရရင်ရော၊ ပြီးတော့ အခုလက်ရှိဝင်နေတဲ့ splinter group တွေထဲ ဝင်လို့ရရင်ရော ကျနော်တို့ ဘာလုပ်နိုင်မှာလဲ၊ အဲဒီအဖြေကိုတော့ ခင်ဗျားတို့ ဖြေကြည့်စမ်းပါလို့၊ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေတွေနဲ့ ဘာလုပ်လို့ရမှာလဲ ဆိုတော့ အဲဒါနဲ့ သူတို့က ဟုတ်ပါတယ်ပေါ့။ သူတို့ရဲ့ ရပ်တည်ချက်ကတော့ ရှင်းနေတာပဲလေ။ သူတို့ကတော့ တဘက်အစိုးရနဲ့ပတ်သက်တာတော့ ဘာမှမပြောဘူး။ ဒါပေမဲ့လို့လည်း ဒီမိုကရေစီ အင်အားစုတွေဘက်က ဒီလိုဖြစ်ပျက်နေတာကိုလည်း ပြေလည်ရာပြေလည်ကြောင်း သူတို့က တတ်နိုင်သမျှ ညှိနှိုင်းပြီးတော့ အကျိုးရှိရာရှိကြောင်း သူတို့က လုပ်ပေးချင်တယ်ဆိုတဲ့ ဘယ်လောက်ကူညီနိုင်မလဲ ဆိုတာကို ပြောတယ်။"

ဒီကနေ့ သံတမန်တွေနဲ့တွေ့ဆုံခဲ့တဲ့ အဲန်အယ်လ်ဒီ ဒုဥက္ကဌ ဦးတင်ဦး ပြောပြခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG