သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့လွှတ်တော် ခေါ်ယူရေး ပျက်ကွက်မှုဖြင့် မြန်မာစစ်အစိုးရကို NLD တရားစွဲဖို့ ပြင်ဆင်


၁၉၉၀ ပြည့်နှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့ မြန်မာစစ်အစိုးရကို မဲဆန္ဒရှင်တွေ ကိုယ်စား တရားစွဲဆိုမယ့် အစီအစဉ် တရပ်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြင်ဆင်နေပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော် မခေါ်နိုင်ခဲ့တဲ့အတွက် မဲဆန္ဒရှင် လူထုကို တောင်းပန်အပြီး တဘက်မှာ အခုလို လွှတ်တော်ခေါ်ဖို့ ပျက်ကွက်ခဲ့တဲ့ မြန်မာစစ်အစိုးရကို နစ်နာမှုဆိုင်ရာနဲ့ တရားစွဲဆိုမှာ ဖြစ်တယ်လို့ NLD က ပြောဆိုပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

၁၉၉၀ ပြည့်နှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ လွတ်တော်ခေါ်ယူရမယ် ဆိုတဲ့ စကားလုံး အတိအကျ ရှိထားပြီး ဒီအပေါ်မှာ လွှတ်တော်ခေါ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့ စစ်အစိုးရ တာဝန်ရှိသူတွေကို ဥပဒေကြောင်းအရ ရင်ဆိုင်သွားဖို့ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒသဘောထားလည်း ဖြစ်တယ်လို့ ဦးတင်ဦးက ဗွီအိုအေကို ရှင်းပြပါတယ်။

“ကျနော်ရယ်၊ ဦးဝင်းတင်ရယ်၊ နောက် ကျနော်တို့ ဥပဒေ အထောက်အကူပြု အဖွဲ့က လုပ်သက်ရင့်တဲ့ ရှေ့နေကြီး ၂ ယောက်ပေါ့၊ ဦးဉာဏ်ဝင်းနဲ့ ဦးကြည်ဝင်းနဲ့။ သဘောက ဒီလိုပါ၊ ပြည်သူလူထုကို ပန်ကြားလွှာ ထုတ်ပြီးပြီလေ။ ထုတ်တဲ့အထဲမှာ ကျနော်တို့ အတားအဆီး၊ အပိတ်အပင်တွေကြောင့် ပြည်သူတွေ အပေါ်မှာ မလုပ်နိုင်၊ မကိုင်နိုင်တဲ့ အပေါ်မှာ တောင်းပန်တဲ့သဘော၊ ကျနော်တို့ ရေးလိုက်တာက။

“ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ပေးတဲ့ဟာက ကျနော်တို့ လုပ်ရမယ်ဆိုတာ ဥပဒေက ရှိပြီးသား။ လွှတ်တော်ဥပဒေလည်း ရှိတယ်၊ ရွေးကောက်ပွဲ ဥပဒေလည်း ရှိတယ်။ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေဟာ ရေးထားတာက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော် ခေါ်ပေးရမည်။ ဆိုတော့ အဲဒီဟာ ရှိနေတယ်။ အဲဒီတော့ ခေါ်မပေးရင် ခေါ်မပေးတဲ့လူမှာ တာဝန်ရှိတယ်။ ကျနော်တို့က ခေါ်မယ် လုပ်ပြန်တော့ ဖမ်းဟယ်၊ ဆီးဟယ်၊ အချုပ်အနှောင်တွေ ဖြစ်တယ်။

“အဲတော့ ပြည်သူလူထုကို ဒီလို လုပ်မပေးနိုင်တဲ့အတွက်၊ Honor လုပ်မခံရတဲ့အတွက် သူတို့လုပ်ချင်တဲ့ ဆန္ဒနဲ့ ပတ်သက်ပြီး အကောင်အထည် မဖော်နိုင်တာ ကြီးမားသော ဆုံးရှုံးမှု ဖြစ်တယ်။ အဲဒါကြောင့် လူထုက နစ်နာတယ်။ အဲဒါကို လွှတ်တော်ကိုယ်စားလှယ် အနေနဲ့လည်းပဲ တရားရုံးကို ဦးတိုက်လျှောက်ပြီးတော့ နစ်နာမှုအတွက် တရားစွဲမယ်ပေ့ါဗျာ။

“အလားတူပဲ ဆန္ဒရှိတဲ့ ပြည်သူလူထုကြီး၊ မဲဆန္ဒနယ်က ပြည်သူတွေကလည်း အလားတူပဲ သူတို့တင်မြှောက်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ အမြဲတမ်း အနှောင့်အယှက်၊ အတားအဆီးတွေကြောင့် မလုပ်နိုင်တာကြောင့် သူတို့ နစ်နာပါတယ်ဆိုတာ ပြည်သူလူထု အပိုင်းက နေပြီးတော့ တရားဥပဒေနဲ့ အညီပေါ့ဗျာ ဆုံးရှုံးနစ်နာမှုအတွက် သက်သာမှုရရန် အရေးဆိုနိုင်ခွင့် ဥပဒေ ရှိတယ်ပေ့ါ။ အဲဒါအတွက် ကျနော်တို့က လုပ်ကိုင်နေတဲ့သဘော ရှိတယ်။”

အဲဒါ တရားရုံးကို ဦးတိုက်လျှောက်တာလား။

“ဦးတိုက်လျှောက်တာ ဟုတ်ပါတယ်။ နစ်နာမှုအတွက် တရားရုံးကို ဦးတိုက်လျှောက်တာ။ ပထမတော့ ကျနော်တို့က နို့တစ်စ် (Notice) ပေးရမယ်ထင်တယ်။ ကျနော်တို့က ခက်တာက နို့တစ်စ် သွားပေးလို့ရှိရင်လည်း နို့တစ်စ် လက်ခံမယ့် အဲဒီ တရားရုံးချုပ်က ပုဂ္ဂိုလ်ကလည်း ကျနော်တို့ လက်မခံနိုင်ပါဘူးတို့ ဘာတို့ ပြောတာရှိတယ်။ အဲဒါဆိုရင်လည်း ကျနော်တို့က လက်မခံနိုင်ကြောင်းကို သေချာ မှတ်တမ်းတင်ပြီးတော့ ကျနော်တို့ လက်ခံရန် ပြောတယ်၊ လက်မခံတဲ့အတွက် ကျနော်တို့ အဲဒါနဲ့ ပတ်သက်လို့ ဆက်ပြီးတော့ လျှောက်နိုင်တဲ့ဟာရှိရင် ဆက်လျှောက်မယ်။ အဲဒီလိုပဲ သွားရမှာပဲ။”

အန်ကယ်တို့ ဥပဒေကြောင်း အရတော့ ဒါ ဥပဒေနဲ့ ညီညွတ်တဲ့ သဘောလား။ အန်ကယ်တို့ စစ်ဆေးပြီးပြီလား။

“ဒါက ဥပဒေရှိပြီးသားပဲ။ Specific Relief Act က ရှိပြီးသားပဲ။ နစ်နာတဲ့သူက နစ်နာကြေးကို သက်ဆိုင်ရာက နစ်နာသူထံ နစ်နာတဲ့အတွက် ကုစားမှု တောင်းနိုင်တယ်ဆိုတာ ရှိတယ်လေ။ ငွေသားနစ်နာရင်လည်း ငွေဒဏ်ပေါ့ဗျာ။ တမျိုးတမည်နဲ့ ဘယ်လိုနစ်နာလဲ၊ နစ်နာပုံကို Divide လုပ်ပြီးတော့ တရားစွဲရတာပေါ့ဗျာ။”

အန်ကယ်တို့ဘက်က ဘယ်လိုမျှော်လင့်ထားလို့လဲခင်ဗျ။

“မျှော်လင့်တယ်ဆိုတာက ပြည်သူလူထုအတွက် ကျနော်တို့က လွှတ်တော်မှ မခေါ်နိုင်ဘဲ။ ပြည်သူလူထုနဲ့ ပတ်သက်တဲ့ အကျိုးပြုလုပ်ငန်းလည်း မလုပ်နိုင်တော့ဘူးဆိုတော့ ပြည်သူလူထုက သူတို့ဆန္ဒနဲ့ တင်ထားတာ မလုပ်ရတဲ့အတွက် သူတို့ဆန္ဒ မပြည့်ဝဘူးပေါ့။ အဲတော့ နစ်နာတာပေါ့။”

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ရှင်းပြသွားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဥပဒေတွေ ထုတ်ပြန်တာနဲ့ ပတ်သက်လို့ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တရားစွဲဆိုခဲ့တာကို တရားရုံးက လက်မခံတဲ့အပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က တရားရုံးကို ပြီးခဲ့တဲ့အပတ်က ကန့်ကွက်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ကတော့ ရှေ့ဆက်ပြီး တရားမမျှတတဲ့ နိုင်ငံရေးကိစ္စရပ် အတော်များများကို ဥပဒေကြောင်းအရ ဆက်ပြီး ရင်ဆိုင်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG