သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအာဏာရပါတီ ဖျက်သိမ်းဖို့ ရွေးကောက်ပွဲ ကော်မရှင် အကြံပြု


ထိုင်းနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က ပြဿနာတက်နေတဲ့ ဝန်ကြီးချုပ် အဘီဆစ် ဝိတ်ဂျာဂျီ၀ (Abhisit Vejjajiva) ရဲ့ ပါတီဟာ ၂၀၀၅ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စဉ်ကာလမှာ တရားမဝင်တဲ့ ထောက်ပံ့ငွေ ဒေါ်လာ သန်းပေါင်းများစွာ လက်ခံရယူခဲ့လို့ ဖျက်သိမ်းရမယ်လို့ ဆိုလိုက်ပါတယ်။

အာဏာရ ဒီမိုကရက်တစ်ပါတီ ဖျက်သိမ်းဖို့ ရွေးကောက်ပွဲ ကော်မရှင်က တနင်္လာနေ့မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံရေးရာ တရားရုံးတော်က ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုမှသာလျှင် ဒီမိုကရက်တစ်ပါတီ ဖျက်သိမ်းရမှာ ဖြစ်ပါတယ်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားများက နှုတ်ထွက်ပါလို့ တောင်းဆိုသံတွေနဲ့ ရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ် အဘီဆစ်အဖို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဒီဆုံးဖြတ်ချက်က နောက်ထပ် ထိုးနှက်လိုက်တာလို့ သတင်းများက ဆိုပါတယ်။

၂၀၀၆ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး ဝန်ကြီးချုပ်အဖြစ် ဖယ်ရှားခံလိုက်ရတဲ့ တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ထောက်ခံကြတဲ့ ရှပ်အင်္ကျီအနီဝတ် ဆန္ဒပြသမားများက ရွေးကောက်ပွဲအသစ် ကျင်းပပေးဖို့လည်း တောင်းဆိုနေကြပါတယ်။

စနေနေ့က ဘန်ကောက်မြို့မှာ လူ ၂၁ ယောက်ထက်မနည်း သေဆုံးပြီး ၉၀၀ နီးပါး ဒဏ်ရာရခဲ့ကြတဲ့ ပဋိပက္ခမှာ ဆန္ဒပြသမားတွေ အကြမ်းဖက်သမား အဖြစ်နဲ့ လုပ်ဆောင်ခဲ့ကြကြောင်း၊ ပြဿနာ ဖြေရှင်းဖို့ မိမိအစိုးရက ပိုင်းဖြတ်ထားတယ်လို့ ရုပ်သံလွှင့်ကနေ ဝန်ကြီးချုပ် အဘီဆစ်က မိန့်ကြားသွားပါတယ်။

စနေနေ့က ဆန္ဒပြသမားများနဲ့ လုံခြုံရေး တပ်ဖွဲ့များကြား ပဋိပက္ခ ဖြစ်ပွားလို့ သေဆုံးသွားသူများအတွက် ဝမ်းနည်းကြေကွဲတဲ့ အနေနဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများက အလောင်းမပါတဲ့ အခေါင်းလွတ်များကို ကိုင်ဆောင်ကာ တနင်္လာနေ့က ဘန်ကောက်မြို့ လမ်းများပေါ်မှာ စီတန်း လှည့်လည်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG