သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်ရေကစားပွဲတွေ လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ ကျင်းပ


<!-- IMAGE -->

ရန်ကုန်မှာ ဒီနှစ်တော့ ရေကစားမဏ္ဍပ်တွေ ခပ်ကျဲကျဲနဲ့ သိပ်စည်စည်ကားကား မရှိဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောပြပါတယ်။ အပြည့်အစုံကို မသင်းသီရိက စုစည်းတင်ပြပေးထားပါတယ်။

“ကမ္ဘာအေး ဘုရားလမ်းရယ်၊ ပြည်လမ်းရယ် ဒါပဲ။ ကမ္ဘာအေးဘုရားလမ်းမှာ မဏ္ဍပ်အကြီးကြီးဆိုတော့ ၂ ခုပဲရှိတယ်။ ပြည်လမ်းမှာဆိုလည်း မဏ္ဍပ် အကြီးကြီးရှိတယ်။ သံချပ်တွေဘာတွေတော့ မထိုးဘူး။ သမီးသိတာတော့ ဗမာအကနဲ့ ပန်းကုံးတွေစွပ်ပြီးတော့ အဲဒီလိုမျိုးပဲ။ အရင်ကဆိုရင် တနေရာတည်းမှာ စုနေတာ။ အခုတော့ ဟိုနားနည်းနည်း၊ ဒီနားနည်းနည်း အဲလိုဖြစ်သွားတာပေါ့။”

“ပြည်လမ်းမှာတော့ နည်းနည်းဝေးတယ်။ ကန်တော်ကြီးမှာတော့ နည်းနည်းစည်တယ်။ ပြီးရင် မြို့ထဲဘက်ကို သွားရော။ မြို့ထဲမှာလည်း တော်တော်လှမ်းမှ တခု၊ တော်တော်လှမ်းမှ တခု။ နောက် သိမ်ဖြူလမ်းဘက်မှာ နည်းနည်းရှိတယ်၊ ကန်တော်ကြီးဘက် ဆက်လျက်ပေါ့။ အဲဒီဘက်တွေက နည်းနည်းစည်တယ်။ တခြားနေရာတွေမှာတော့ မရှိဘူး။ နေပူကြီးထဲမှာ ကားက မောင်းမောင်း၊ ပြီးတော့ မဏ္ဍပ်လေးတွေ့ရင် ရေပက်ခံ၊ မဏ္ဍပ်က ကျဲတော့။”

မနေ့က သင်္ကြန်အကြိုနေ့မှာတော့ နေပြည်တော်ဘက်မှာ မဟာသင်္ကြန် ရေသဘင်ပွဲ အခမ်းအနား ဖွင့်ပွဲတွေ ကျင်းပပြီး နာမည်ကြီး အဆိုတော် တော်တော်များများကိုလည်း နေပြည်တော်က မဏ္ဍပ်တွေက ငှားရမ်းထားတယ်လို့ ပြောကြပါတယ်။ မြန်မာစစ်အစိုးရထုတ်တဲ့ သတင်းစာထဲမှာတော့ ရန်ကုန် ပြည်သူ့ဆေးရုံကြီးနဲ့ အရေးကြီးတဲ့ တချို့နယ်မြေတွေကို ရေ ၂၄ နာရီ ပေးထားမယ်လို့ ရေးသားထားပါတယ်။ ဒါပေမဲ့ အများစု မြို့နယ်တွေက ရေသိပ်မရလို့ သိပ်မစည်ကားသလို ယူနီဖောင်းဝတ် အများအပြားကိုလည်း လုံခြုံရေးချထားတာ တွေ့ရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“သူတို့က လုံခြုံရေးတွေ ချထားတာခင်ဗျ။ စွမ်းအားရှင်လိုပဲ၊ သူတို့က ယူနီဖောင်းတခု ဝတ်ထားတယ် အပြာတွေ။ တံဆိပ်မတပ်ထားတော့ ဘာယူနီဖောင်းမှန်းတော့ မသိဘူး။ မီးသတ်တို့၊ ရဲတို့ ချထားပါတယ်။ သူတို့လူတွေပဲ များပါတယ်။ ပြည်သူကတော့ အဲဒီထဲကို သိပ်မတိုးချင်ကြဘူး။ အပြာဝတ်တွေ များတယ်။ အရင်လို ပျော်ပျော်ပါးပါး သိပ်မရှိကြဘူး။ နှစ်သစ်ကူး အတာသင်္ကြန်မှာ အညစ်အကြေးတွေ ဆေးတဲ့ ရေကစားတဲ့ နေရာမှာ ရေကလည်း မလာတဲ့အခါကြတော့ တယောက်နဲ့တယောက် မူးပြီး သောက်စား၊ နောက်ပြောင်ပြီး သီချင်းတွေဆို၊ ကတယ်။ အဲဒါပဲရှိတယ်။ ဟိုးအရင်နှစ်တွေနဲ့တော့ မတူတော့ဘူးဗျ။”

ရန်ကုန်မြို့ခံတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

အထူးသဖြင့် ဒီနှစ်တွေထဲမှာ စီးပွားရေး ကျပ်တည်းတာမို့ အလည်အပတ် သိပ်မရှိကြသလို ရပ်ကွက်နဲ့ မြို့နယ်တွေထဲမှာလည်း သင်္ကြန် အလှူဒါန ပြုတာမျိုး သိပ်မတွေ့ရဘူးလို့လည်း ပြောပါတယ်။

“မနှစ်ကနဲ့ စာရင်တော့ မစည်ဘူး၊ ဟိုးနှစ်တွေကနဲ့ စာရင်တော့ ပိုဝေးတာပေါ့။ အခုက ဘယ်လိုလဲဆိုတော့ ရေပက်ခံ ထွက်မယ်ဆိုလည်း ပိုက်ဆံနဲ့၊ ရေပက်မယ်ဆိုလည်း ပိုက်ဆံနဲ့၊ ရေပက်မဏ္ဍပ်မှာ ရေတက်ပက်ချင်ရင်လည်း တနေ့ကို ၃၀,၀၀၀၊ ၄၀,၀၀၀ အဲလိုမျိုးပေါ့။ ရေပက်ခံ ထွက်မယ်ဆိုလည်း ကားငှားရတာ ကားခက တသိန်းနဲ့ တသိန်းခွဲကြားမှာရှိတယ်။ အဲတော့ ရေပက်ခံထွက်မယ်ဆိုလည်း ပိုက်ဆံရှိမှ၊ ရေပက်ချင်ရင်လည်း ပိုက်ဆံရှိမှ အဲလိုဖြစ်နေတယ်။ မုန့်လုံးရေပေါ်တို့ ရွှေရင်အေးတို့ဆို ဒီနှစ် ဝေမယ့်လူ တယောက်မှမရှိဘူး။ ကျန်တဲ့ဟာ ဘယ်သူမှ လုပ်တာလည်း မတွေ့ဘူး၊ ဝေတာလည်း မတွေ့ဘူး။”

“သင်္ကြန် ရေကစားဖို့ ပစ္စည်းလေးတွေတောင်မှ ကျနော်တို့ ဝယ်မပေးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် ဝမ်းနည်းပါတယ်၊ ကျနော်တို့က စားဝတ်နေရေး လုံးပန်းနေရတဲ့အတွက် သင်္ကြန်မှာပျော်ဖို့ ကလေးတွေအတွက် မပံ့ပိုးနိုင်တာကို ကျနော်တို့ ဝမ်းနည်းပါတယ်။”

ရန်ကုန်သင်္ကြန်ပွဲအကြောင်း မြို့ခံတွေ ပြောပြသွားတာ ဖြစ်ပါတယ်။

မန္တလေးဘက်မှာဆိုရင်လည်း အရင်နှစ်တွေကလို ကျုံးဘေးမှာ သင်္ကြန်မဏ္ဍပ်အကြီးတွေ သိပ်မရှိပေမဲ့ ဒီနေ့ အကျနေ့မှာတော့ စည်စည်ကားကား ရှိခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG