သုံးရလွယ်ကူစေသည့် Link များ

အကြမ်းဖက် ဆန္ဒပြသမားတွေကို ထိုင်းအစိုးရ ဖမ်းဆီးဖို့ ကြိုးပမ်း


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ပြီးခဲ့တဲ့ စနေနေ့ညက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကြားမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ် တိုက်ခိုက်ခဲ့သူတွေကို ဖမ်းဆီးမိရေးဟာ အစိုးရရဲ့ အဓိက ဦစားပေးလုပ်ငန်း ဖြစ်တယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။ ဒါပေမဲ့ တဘက်မှာ အစိုးရအဖွဲ့ နှုတ်ထွက်ပြီး ရွေးကောက်ပွဲတွေ ပြုလုပ်ပေးဖို့လည်း ထိုင်းအစိုးရ ဖိအားပေး ခံနေရတယ်လို့ ဗွီအိုအေ သတင်းထောက် ရွန် ကော်ဘန် (Ron Corben) ဘန်ကောက်မြို့က သတင်းပေးပို့ထားတာကို ဦးရော်နီညိမ်းက တင်ပြပေးထားပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့တယ်ဆိုတဲ့ တရားခံ ဆိုသူတွေရဲ့ ဓာတ်ပုံတွေကို ထိုင်း ရုပ်မြင်သံကြားတွေမှာ ပြသနေသလို ထိုင်းသတင်းစာတွေမှာလည်း ဒီလူတွေရဲ့ ဓာတ်ပုံတွေကို ဖော်ပြနေပါတယ်။ စနေနေ့ညက အင်္ကျီအနီဝတ် ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ထိပ်တိုက် ရင်ဆိုင်နေချိန်မှာ စစ်သင်တန်းတွေ တက်ထားတဲ့ ဒီလူတွေက မောင်းပြန်သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ အစိုးရ အရာရှိတွေက ဆိုနေကြပါတယ်။

အဲဒီညက ရဲတပ်ဖွဲ့ဝင် ၄ ဦး၊ ဆန္ဒပြသူ ၁၆ ဦးနဲ့ ဂျပန်နိုင်ငံသား သတင်းထောက်တဦး အပါအ၀င် စုစုပေါင်း လူ ၂၁ ယောက် သေဆုံးပြီး လူပေါင်း ၈၀၀ ကျော်လည်း ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ ထိုင်းညွန့်ပေါင်းအစိုးရထဲက အကြီးဆုံး နိုင်ငံရေးပါတီ ဒီမိုကရက်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘရာနတ်ဂ်ျ စမွတ်သာရပ်ခ်စ် (Baranuj Smutharaks) ပြောတာကတော့ …

“အစိုးရအနေနဲ့က ငြိမ်းချမ်းစွာ ဆန္ဒပြကြသူ အများစုနဲ့ အဝေးကနေ လက်နက်ကိုင် စစ်သွေးကြွကို အသုံးချခဲ့ပြီး အကြမ်းဖက်မှု ကျူးလွန်သူတွေကို ခွဲခြားပစ်မယ့် အစီအမံတွေကို ရှင်းရှင်းလင်းလင်း ချပြခဲ့ပြီးပါပြီ။ ဆန္ဒပြပွဲကနေ နိုင်ငံရေးအရ ဖြေရှင်းမှုတွေ ရရှိဖို့ လိုအပ်တယ်လို့ ကျနော်ကတော့ ထင်ပါတယ်။ ဒါပေမဲ့ အများပြည်သူ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ကိုင်တွယ် ဖြေရှင်းဖို့လည်း တဘက်မှာ လိုအပ်နေပါတယ်။”

ဘန်ကောက်မြို့မှာ တလလောက် ကြာခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ဒီမိုကရက်တစ် ပါတီက ၀န်ကြီးချုပ် အဘီဆစ် ၀ိတ်ဂျာဂျီဝ (Abhisit Vejjajiva) ရဲ့ ညွန့်ပေါင်းအစိုးရ နှုတ်ထွက်ပေးပြီး ရွေးကောက်ပွဲတွေ လုပ်ပေးရေး တောင်းဆိုနေခဲ့ကြတာတွေနဲ့ ပတ်သက်ပြီး မစ္စတာ စမွတ်သာရပ်ခ်စ် ပြောတာကတော့ …

“လူထုက မဲရုံတွေမှာ အေးအေးချမ်းချမ်းနဲ့ မဲသွားထည့်နိုင်ကြတဲ့ အခြေအနေမျိုးနဲ့ တိုင်းပြည်မှာ ရွေးကောက်ပွဲအတွက် အဆင်သင့် ဖြစ်တဲ့အခါမှာ ရွေးကောက်ပွဲတွေ ဖြစ်လာဖို့၊ ဒီအခြေအနေကို ရောက်ဖို့ကလည်း သိပ်မကြာတော့ဘူးလို့ ကျနော် မျှော်လင့်ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ် အဓိက လုပ်ရမှာက ပြီးခဲ့တဲ့ စနေနေ့က အကြမ်းဖက်မှု ကျူးလွန်ခဲ့သူတွေကို တရားဥပဒေ ရှေ့မှောက် အရောက်ပို့ဖို့၊ ငြိမ်းချမ်းသာယာမှု ပြန်ပြီး ဖြစ်ပေါ်လာဖို့နဲ့ တိုင်းပြည်မှာ စည်းလုံးညီညွတ်ရေး ပြန်ပြီး ရရှိဖို့တို့ကို လုပ်ဆောင်ရေးပါပဲ။”

ဆန္ဒပြသူတွေက ၂၀၀၆ ခုနှစ်က စစ်အာဏာသိမ်း ဖြုတ်ချခံရပြီး အခုအခါ ပြည်ပမှာ တိမ်းရှောင်နေတဲ့ ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ထောက်ခံကြသူတွေက အများစု ဖြစ်ပါတယ်။

ဒီနေ့ ဗုဒ္ဓဟူးနေ့မှာတော့ ဆန္ဒပြသူတွေရဲ့ ခေါင်းဆောင်တွေက ဘန်ကောက်မြို့ထဲမှာ နဂိုက သူတို့ နေရာယူထားတဲ့ နေရာတွေကနေ အင်္ကျီအနီဝတ် ဆန္ဒပြသူတွေ အားလုံးကို ဇိမ်ခံဟိုတယ်ကြီးတွေနဲ့ ဈေးဆိုင်တန်းကြီးတွေ ရှိတဲ့ နေရာအနီးမှာ ပြောင်းရွှေ့ နေရာယူစေလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ အရောင်းအ၀ယ်တွေ ကျဆင်းနေပြီး ထိုင်းနိုင်ငံရဲ့ အဓိက၀င်ငွေဖြစ်တဲ့ ခရီးသွားလုပ်ငန်းကနေ ဒီဆန္ဒပြပွဲတွေကြောင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ထောင်ပေါင်းများစွာ ဆုံးရှုံးနေတာကို ရင်ဆိုင်နေရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG