သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုံးပေါက်ကွဲအပြီး စိုးရိမ်မှုတွေနဲ့ သင်္ကြန်ပွဲ


Madrid's Gonzalo Higuain from Argentina heads a ball during the Champions League semifinal second leg soccer match between Real Madrid and Borussia Dortmund in Madrid, Spain, Tuesday, April 30, 2013.
Madrid's Gonzalo Higuain from Argentina heads a ball during the Champions League semifinal second leg soccer match between Real Madrid and Borussia Dortmund in Madrid, Spain, Tuesday, April 30, 2013.

ရန်ကုန်မြို့ ကန်တော်ကြီးနားမှာ မနေ့က သင်္ကြန်အကြတ်နေ့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဒီကနေ့ ကန်တော်ကြီးတလျှောက်မှာ မနေ့ကလောက် စည်ကားမှုမရှိတော့ပါဘူး။ ဒါပေမဲ့ ရန်ကုန်မြို့က တခြားနေရာတွေမှာတော့ ရေပက်ခံထွက်သူတွေ၊ ရေကစားသူတွေနဲ့ စည်ကားနေတုန်းပဲလို့ ဒီကနေ့ ရေပက်ခံထွက်ကြသူတွေက ပြောပါတယ်။ ရန်ကုန်နဲ့ တခြား မြို့ကြီးတွေရဲ့ သင်္ကြန်အတက်နေ့ နောက်ဆုံးအခြေအနေနဲ့ တွေကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြထားပါတယ်။

မနေ့က သင်္ကြန်အကြတ်နေ့က ကန်တော်ကြီးနားက X2O ရေကစားမဏ္ဍပ်မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း ရေကစားမဏ္ဍပ်တွေကို ချက်ချင်း ပိတ်ပစ်လိုက်ပေမဲ့ ဒီကနေ့ သင်္ကြန်အတက်နေ့ နေ့လည်ပိုင်းမှာတော့ ရေကစားသူတွေနဲ့ ပြန်လည်စည်ကားလာတယ်လို့ ရေပက်ခံထွက်နေတဲ့ ရန်ကုန်မြို့ခံတဦးက ဗွီအိုအေကို ပြောပြပါတယ်။

"ဒီနေ့တော့ ဘာမှထူးထူးခြားခြား မတွေ့ဘူးခင်ဗျ။ ကန်တော်ကြီးတော့ သိပ်မစည်ဘူးပေါ့။ ခါတိုင်းနေ့တွေလောက်၊ ဒါပေမဲ့ တခြား နေရာတွေမှာတော့ စည်တယ်။ မြို့ထဲတို့ဘာတို့မှာ။ မနေ့က ဗုံးပေါက်တယ်ဆိုတဲ့ X2O မဏ္ဍပ်တောင် ရေပက် နေတယ်။ ဒါပေမဲ့ ပက်တဲ့သူကတော့ နည်းတာပေါ့နော်။ ခါတိုင်းရဲ့ ငါးပုံတပုံလောက်ပဲ ရေကစားတဲ့သူက ရှိတာပေါ့၊ အဲဒီမဏ္ဍပ်မှာ။"

အခုသူရောက်နေတဲ့ ရေကျော် ကန်တော်လေးဘက်ကတော့ အတော်လေး စည်ကားနေတဲ့အကြောင်းလည်း ရေကစား နေကြတဲ့ အခြေအနေတွေကို အဲဒီ ရန်ကုန်မြို့ခံကပဲ ဆက်ပြောပြပါတယ်။

"ခုလောလောဆယ် ကျနော်တို့ ပက်နေတာကတော့ ရေကျော်တို့၊ ကန်တော်လေးတို့ဘက်မှာ။ အဲဒါတွေတော့ တော်တော် စည်တယ်။ မီးသတ်ပိုက်တွေနဲ့ပဲ ထိုးနေကြတာပဲ။ လည်တဲ့ကားတွေလည်း တော်တော်များတယ်။ သင်္ကြန် နောက်ဆုံးရက် မို့လားတော့ မသိဘူး။ ဒီနေ့က နောက်ဆုံးရက်ဆိုတော့ အမှန်တကယ်ဆိုရင်တော့ ဒီထက် ပိုစည်ရမှာပေါ့။ မနေ့က ဗုံးပေါက်တာလောက်တော့ သိပါတယ်။ မနက်ပိုင်းလောက်ပဲ နည်းနည်းလေး အေးပြီးတော့ နေ့လယ်လောက်မှာ တော်တော် ပြန်စည်လာတယ်ခင်ဗျ။"

ဒီကနေ့ ရေပက်ခံထွက်နေတဲ့ ရန်ကုန်မြို့ခံတဦး ပြောပြခဲ့တာပါ။

မနေ့က သင်္ကြန်အကြတ်နေ့မှာ ဗုံးပေါက်ကွဲပြီး အသက်ဆုံးရှုံးမှုတွေ ရှိခဲ့တဲ့ကြားက ဒါတွေကိုမေ့ပျောက်လိုက်ကြပြီး ဒီကနေ့ သင်္ကြန်အတက်နေ့ နောက်ဆုံးနေ့မှာ ပျော်ပျော်ပါးပါး ရေပက်ခံထွက်နေကြတဲ့သူတွေ ရှိကြသလိုပဲ မနေ့က အရှိန်ကြောင့် မိဘတွေကစိုးရိမ်ပြီး ကိုယ့်သားသမီးတွေကို အပြင်ပေးမထွက်တဲ့အတွက် အိမ်မှာပဲနေကြတဲ့ လူငယ်တွေလည်း ရှိပါတယ်။

ရေကစားမဏ္ဍပ်တွေမှာ ကစားဖို့အတွက် ငွေသွင်းပြီးမှ ပိုက်ဆံ အဆုံးခံလိုက်တဲ့သူတွေလည်း ရှိတယ်လို့ တခြား ရန်ကုန်မြို့ခံ လူငယ်တဦးကလည်း ဗွီအိုအေကို ပြောပြပါတယ်။

"ဒီနေ့ကျတော့ မိဘတွေက မနေ့က ဗုံးပေါက်တယ်ဆိုပြီးတော့ လုံး၀ မထွက်ခိုင်းကြတော့ဘူး။ ဘယ်မှမသွားဘူး။ အိမ်ထဲ မှာပဲ။ မဏ္ဍပ်ထိုင်ဖို့ မဏ္ဍပ်ကို ပိုက်ဆံပေးထားတဲ့သူတွေတောင် မလွှတ်ဘူး။ လက်မှတ်ဝယ်ပြီးသား သူတွေတောင်။ အဆုံးခံ လိုက်တယ်။ သွားတဲ့သူကလည်း သွားတယ်။ မသွားတဲ့ အချို့ မိဘက မသွားနဲ့ဆိုတဲ့သူတွေကလည်း မသွားရဘူးပေါ့။ သမီး သူငယ်ချင်းတွေဆို မသွားရဘူးပေါ့။ အချို့ သွားတဲ့သူတွေလည်း ရှိတယ်။ organizer တွေကတော့ သွားကြတာပေါ့ မဏ္ဍပ်ကို။ organizer သူငယ်ချင်းကတော့ သူ့မဏ္ဍပ်ကို သူ သွားမယ်တဲ့၊ အဲဒီလိုတော့ ပြောတယ်။ X2O ဘေးနားက Black Culture ကို။"

မနေ့က ကန်တော်ကြီးက X2O ရေကစားမဏ္ဍပ်မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ၂၀၁၀ ခုနှစ် မဟာသင်္ကြန်ရဲ့ နောက်ဆုံးအတက်နေ့မှာ ရေပက်ခံမထွက်ဖို့ ဆုံးဖြတ်လိုက်တဲ့ ရန်ကုန်မြို့ခံ လူငယ်တဦး ပြောပြခဲ့တာပါ။

မနေ့က ရန်ကုန် ကန်တော်ကြီးမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကြောင့် လူ ၈ ယောက် သေဆုံးပြီး ၁၇၀ လောက် ထိခိုက် ဒဏ်ရာ ရတယ်လို့ စစ်အစိုးရသတင်းတွေမှာ ဖော်ပြထားပေမဲ့ မျက်မြင်သက်သေတွေနဲ့ ရန်ကုန်မြို့ခံတွေကတော့ သေဆုံးသူ အရေအတွက်ဟာ ဒီ့ထက်ပိုနိုင်တယ်လို့ ခန့်မှန်း ပြောဆိုကြပါတယ်။

မန္တလေးသင်္ကြန်မှာတော့ ဒီနှစ်မဏ္ဍပ်တွေမှာ ရေကစားရတဲ့ စရိတ်စက များလွန်းတာကြောင့် ရေကစားနိုင်တဲ့သူ နည်းပြီး မဏ္ဍပ်တွေလည်း အရင်နှစ်ကထက် ပိုနည်းသွားတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် ဒီကနေ့ သင်္ကြန် အတက်နေ့ မနက်အစောပိုင်းက လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် ရေကစားမဏ္ဍပ်တချို့ ပြိုကျခဲ့တဲ့အကြောင်း မန္တလေးမြို့ခံတဦးက ပြောပြပါတယ်။

"မဏ္ဍပ်တွေ နည်းနည်း နည်းတယ်။ နောက်ပြီးတော့ ဒီနှစ် လေတိုက်တဲ့အတွက်ကြောင့်မို့လို့ မဏ္ဍပ်တွေ တော်တော်များများ ပျက်စီးသွားရတယ်။ ဒီနေ့မနက် လေတိုက်တာ တော်တော်ပြင်းတယ်ခင်ဗျ။ မဏ္ဍပ်တွေ လန်ပျံပြီး တက်ကုန်ကြတာ။ သစ်ပင်တွေ ကျိုးကျတယ်။ အထိအခိုက်တွေတော့ ဘာသံမှ မကြားရပါဘူး။ နောက်တခုက လေက အစောကြီးတိုက်တာ။ မနက် ၇ နာရီကျော်ကျော်လိုက်က တိုက်တာဆိုတော့လေ။ လူတွေ ထိခိုက်မှုမရှိပါဘူး။"

မန္တလေးမြို့ခံတဦး ပြောပြခဲ့တာပါ။

နောက်ဆုံးအနေနဲ့ နေပြည်တော်မှာကျင်းပတဲ့ သင်္ကြန်အခြေအနေကို ပြောပြရမယ်ဆိုရင်တော့ နေပြည်တော် စည်ပင် မဏ္ဍပ်တခုကလွဲလို့ ကျန်တဲ့ ဌာနဆိုင်ရာတွေက မဏ္ဍပ်မဆောက်ကြဘဲ ဟိုတယ်တွေကသာ မဏ္ဍပ်တွေ ဆောက်ကြတယ်လို့ သိရပါတယ်။ ဒီနှစ်နေပြည်တော်သင်္ကြန်ကို တခြားမြို့ကြီးတွေထက် ပိုစည်ကားအောင် အာဏာပိုင်တွေက အတင်း စီစဉ် ခဲ့တဲ့အတွက် နံမည်ကြီး အဆိုတော် တော်တော်များများလည်း နေပြည်တော်မှာပဲ သွားပြီး ဖျော်ဖြေကြရတယ်လို့ သိရပါ တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG