သုံးရလွယ်ကူစေသည့် Link များ

ထိုင်းနိုင်ငံ ရှပ်နီ ဆန္ဒပြသူတွေကို တားဆီးဖို့ ထိုင်းစစ်တပ် ကြိုးစားနေ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ခေါင် စီးပွားရေး အချက်အချာ နေရာတွေကို ပိတ်ပြီး ဆန္ဒပြနေကြသူတွေ သူတို့ရဲ့ အစီအစဉ်အတိုင်း ဒီ့ထက် နေရာချဲ့ထွင် ဆန္ဒပြမယ်ဆိုရင် အရေးယူ ဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ ထိုင်းစစ်တပ်က ပြောလိုက်ပါတယ်။

အင်္ကျီနီဝတ် အစိုးရ ဆန့်ကျင် ဆန္ဒပြနေသူတွေ လူစုလူဝေးလုပ် ဆန္ဒပြနေရာကို နောက်ထပ် ဆန္ဒပြမယ့်သူတွေ သွားရောက် မပူးပေါင်းနိုင်အောင် မြို့တော်ထဲမှာ စစ်ဆေးရေးဂိတ်တွေ လုပ်ထားလိုက်ပြီလို့ စစ်တပ်ပြောခွင့်ရသူက ပြောပါတယ်။

မနေ့ တနင်္ဂနွေနေ့က ထောင်ပေါင်းများစွာသော အင်္ကျီနီဝတ် အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေရဲ့ လူထုစုဝေးပွဲကြီးမှာ အင်္ဂါနေ့ကျရင် လုပ်ဖို့ စီစဉ်ထားတဲ့ ဆန္ဒပြပွဲကြီးအတွက် အင်အားလာပြကြဖို့ ဆော်သြထားပါတယ်။

တချိန်တည်းမှာပဲ အင်္ကျီနီဝတ်တွေရဲ့ ဆန္ဒပြပွဲတွေ ၇ ရက်အတွင်း အဆုံးသတ်သွားအောင် အစိုးရက မလုပ်ရင် သူတို့ဘက်က အရေးယူ ဆောင်ရွက်မှုတွေ လုပ်တော့မယ်လို့ အစိုးရလိုလားတဲ့ အင်္ကျီအဝါရောင်ဝတ်တွေက ပြောလိုက်ပါတယ်။

တခါ ထိုင်းနိုင်ငံမှာ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်အောင် တောင်းဆိုတဲ့ အရောင်မဲ့ ဆန္ဒပြသူ ထောင်နဲ့ချီကလည်း တနင်္ဂနွေနေ့က ဘန်ကောက်မြို့က Victory Monument အောင်ပွဲခံ ကျောက်တိုင်ရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

အရင်ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို အများစု ထောက်ခံကြတဲ့ အနီရောင်ဝတ် ဆန္ဒပြသူတွေ ဘန်ကောက်မြို့လယ်မှာ နေရာယူ စတည်းချထားတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ တော်တော်များများ ထိခိုက်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG