သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘလော့ဂ်ဂါ နေဘုန်းလတ် PEN ကလောင်အဖွဲ့ရဲ့ လွတ်လပ်စွာ ရေးသားခွင့်ဆု ချီးမြှင့်ခံရ


ဘလော့ဂ်ဂါ နေဘုန်းလတ် PEN ကလောင်အဖွဲ့ရဲ့ လွတ်လပ်စွာ ရေးသားခွင့်ဆု ချီးမြှင့်ခံရ
ဘလော့ဂ်ဂါ နေဘုန်းလတ် PEN ကလောင်အဖွဲ့ရဲ့ လွတ်လပ်စွာ ရေးသားခွင့်ဆု ချီးမြှင့်ခံရ

ဘားအံထောင်မှာ အကျဉ်းချခံနေရတဲ့ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်ကို အမေရိကန်နိုင်ငံ နယူးယောက်ခ်မြို့ အခြေစိုက် PEN American သတင်းလွတ်လပ်ခွင့် စောင့်ကြည့်ရေး ကလောင်ရှင်များ အဖွဲ့ကြီးက ၂၀၁၀ ခုနှစ်အတွက် Barbara Goldsmith လွတ်လပ်စွာ ရေးသားခွင့်ဆုကို ချီးမြှင့်လိုက်ပါတယ်။ သူ့ရဲ့ ရေးသားမှုတွေကို စစ်အစိုးရက မနှစ်သက်လို့ အကျဉ်းချထားပေမဲ့ ကမ္ဘာက နှစ်သက်တယ် ဆိုတာကို ဒီဆုချီးမြှင့်ခံရတာက သက်သေပြနေတယ်လို့ ကိုနေဘုန်းလတ်ရဲ့ မိသားစုဝင်တွေကလည်း ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိတဲ့ စာပေရေးသားသူတွေရဲ့ အတွေးအခေါ်၊ အရေးအသားတွေကို လွတ်လပ်စွာ ခံစားနိုင်ခွင့်၊ လွတ်လပ်စွာ တင်ပြနိုင်ခွင့် ရှိစေဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံပေါင်း ၁၀၁ နိုင်ငံ ပါဝင်တဲ့ PEN American အဖွဲ့ကြီးက ၂၀၁၀ အတွက် လွတ်လပ်စွာ ရေးသားခွင့်ဆုကို မြန်မာနိုင်ငံသား ကိုနေဘုန်းလတ်ကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၅၀ ကျော် စာပေသမားတွေအတွက် ဆောင်ရွက်နေတဲ့ ဒီ နိုင်ငံတကာ အဖွဲ့ကြီးက မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ထုတ်ဖော်ရေးသားမိလို့ အကျဉ်းကျခံခဲ့ရတဲ့ ကိုနေဘုန်းလတ်ကို ရွေးချယ်ခဲ့တယ်လို့ နိုင်ငံတကာ လွတ်လပ်စွာ ရေးသားခွင့်ဆိုင်ရာ Freedom of Write International Program အဖွဲ့ ညွှန်ကြားရေးမှူး လယ်ရီ ဆီယမ်က ပြောပါတယ်။

“သူဟာ တကယ်အရေးပါတဲ့ လူငယ် ဖန်တီးရှင် တယောက်မို့ ကျနော်တို့က ဆုပေးဖို့ ရွေးချယ်လိုက်တာပါ။ သူဟာ ကွန်ပျူတာ အင်တာနက်သုံး ရေးသားကြတဲ့ မြန်မာလူငယ်တွေကို ကိုယ်စားပြုနိုင်တဲ့ ကလောင်ရှင်တယောက် ဖြစ်တဲ့အပြင် သူကိုယ်တိုင် ရေးသားတင်ပြချက်တွေကလည်း လူထုအသံတခု ဖြစ်နေပါတယ်။ ဥပမာ မြန်မာနိုင်ငံထဲက ၂၀၀၇ ခုနှစ် လူထုအုံကြွမှုလိုမျိုး နိုင်ငံတကာက လက်လှမ်းမမီတဲ့ သတင်းတွေကို ရေးသားတာမျိုးပါ။”

ကိုနေဘုန်းလတ်ကို အခုလို PEN American အဖွဲ့ကြီးက ရွေးချယ်ခဲ့တာကို သင်္ကြန်အကျနေ့မှာ သိခဲ့ရတယ်လို့ ညီဖြစ်သူ ကိုသူရကျော်က ပြောပါတယ်။

“ဟုတ်ကဲ့၊ သင်္ကြန်အကျနေ့မှာ သူတို့ ကြေညာလိုက်တယ်ဆိုတာ သိတယ်။ သိတော့ ကျနော့်အကို အတွက်တော့ ဂုဏ်ယူပါတယ်။ သူက လူငယ်တယောက် အနေနဲ့ စာတွေရေးတယ်၊ သူ့စိတ်ထဲ ရှိတဲ့အတိုင်း၊ အမှန်အတိုင်း ရေးတာတွေ ရှိတယ်။ သူ စာပေရေးတာလည်း ဝါသနာပါတယ်။ စာပေနဲ့ပတ်သက်ပြီး ဒီလို သူ့ကို မှတ်တမ်းတင် ဂုဏ်ပြုတယ်ဆိုတော့ ကျနော်တို့ ဂုဏ်ယူပါတယ်၊ ဝမ်းလည်း ဝမ်းသာတယ်၊ သူ့အတွက်။”

ထောင်အပြောင်းအရွှေ့ သတင်းရော ဘာကြားသေးလဲ။

“မကြားပါဘူး။ အမိန့်ချပြီးကတည်းက အင်းစိန်ထောင်ကနေ ဘားအံကိုပဲ ပို့လိုက်တာပါ။ အခုထိတော့ ထောင်အပြောင်းအရွှေ့ မရှိသေးပါဘူး။ လောလောဆယ်တော့ ဘားအံထောင်မှာပါ။”

သူ့ကျန်းမာရေးရော ကောင်းရဲ့လား။

“ကျန်းမာရေးတော့ ကောင်းပါတယ်။ သူက အပြင်မှာကတည်းက မျက်လုံးတွေ ဘာတွေ နည်းနည်း အားနည်းတဲ့သူဆိုတော့ တခါတလေ မျက်လုံးကိုက်တာတော့ ရှိတာပေါ့။ ကျန်တဲ့ ကျန်းမာရေးက လောလောဆယ်တော့ ကောင်းပါတယ်။ အခုလိုမျိုး သူ့ရဲ့ လုပ်ရပ်တွေအတွက် ဆုချီးမြှင့်တဲ့ ပုံစံမျိုးတွေ ကြားရတဲ့အတွက် ညီတယောက် အနေနဲ့တော့ ဂုဏ်ယူပါတယ်။

“သူ့ကို မြန်မာပြည်က လူတစုက သူ့လုပ်ရပ်တွေကို သဘောမကျလို့ ဒီလိုမျိုး အကျဉ်းချတဲ့ ပုံစံမျိုး ရှိတယ်ပေါ့။ ဒါပေမဲ့ နိုင်ငံတကာမှာ ရှိနေတဲ့ လူတွေက သူ့ရဲ့လုပ်ရပ်တွေကို လက်ခံတယ်၊ သဘောကျတယ်ဆိုတဲ့ ပုံစံမျိုး သိရတယ်လေ၊ ဒီလို ဆုပေးတဲ့အတွက်ကြောင့်။ အဲဒီအတွက်ကြောင့်လည်း ဝမ်းသာပါတယ်၊ ဂုဏ်ယူတယ်ပေါ့။”

ကိုသူရကျော် ပြောပြသွားတာ ဖြစ်ပါတယ်။ ကိုနေဘုန်းလတ်ရဲ့ မိခင်ဖြစ်သူ ဒေါ်အေးအေးသန်းကလည်း သားဖြစ်သူအတွက် ဂုဏ်ယူနေတယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုနေဘုန်းလတ်ဟာ ၂၀၀၇ ခုနှစ် သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင် လူထု အုံကြွမှုမှာ တွေ့ကြုံခံစားရတဲ့ ဖြစ်ရပ်မှန်တွေကို သူ့ရဲ့ ဘလော့ဂ်ကတဆင့် ကမ္ဘာကသိအောင် ရေးသားခဲ့သူတဦး ဖြစ်ပါတယ်။ သူ့ကို ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ မြန်မာစစ်အစိုးရက နိုင်ငံတော် အရေးပေါ် အက်ဥပဒေ ပုဒ်မနဲ့ ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ အကျဉ်းချထားရာက နှစ်ကုန်လောက်မှာ ၂၆ နှစ် ပြစ်ဒဏ် စီရင်ပြီး ဝေးလံလှတဲ့ ဘားအံထောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလထဲမှာတော့ ရန်ကုန်တရားရုံးက ပြစ်ဒဏ်ကို ၁၂ နှစ်အထိ လျှော့ချခဲ့ပါတယ်။

PEN American အဖွဲ့ကတော့ သူလွတ်မြောက်စေဖို့အတွက် တောင်းဆိုမယ်လို့ မစ္စတာ ဆီယမ်က ပြောပါတယ်။

“ကိုနေဘုန်းလတ် လွတ်မြောက်စေဖို့အတွက် ကျနော်တို့ အစိုးရကိုရော၊ မြန်မာစစ်အစိုးရကိုပါ ဖိအားပေး တောင်းဆိုကြမှာပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကိုရော သမ္မတ အိုဘားမား (Obama) ကပါ မြန်မာစစ်အစိုးရကို ဖိအားပေးဖို့လည်း တောင်းဆိုပါတယ်။”

PEN American ကလောင်ရှင်များ လွတ်လပ်ခွင့် စောင့်ကြည့်ရေး အဖွဲ့ကြီးက ၁၉၉၆ ခုနှစ်မှာ စာရေးဆရာမ မသီတာနဲ့ ၂၀၀၂ ခုနှစ်တုန်းက စာနယ်ဇင်းသမား တဦးဖြစ်တဲ့ ကဗျာဆရာ အောင်မြင့်တို့ကိုလည်း လွတ်လပ်စွာ ရေးသားခွင့်ဆုတွေ ပေးအပ်ခဲ့ပါတယ်။ ၂၀၁၀ အတွက် ဆုချီးမြှင့်ပွဲကိုတော့ ဧပြီလ ၂၇ ရက်နေ့မှာ နယူးယောက်ခ်မှာ ကျင်းပမှာ ဖြစ်ပေမဲ့ ကိုနေဘုန်းလတ်အတွက် ဆုလက်ခံယူမယ့်သူကို မသိသေးဘူးလို့လည်း ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG