သုံးရလွယ်ကူစေသည့် Link များ

လူထုအကျိုးပြုလုပ်ငန်း NLD ရှေးရှု ဆောင်ရွက်သွားမည်


လူထုအကျိုးပြုလုပ်ငန်း NLD ရှေးရှု ဆောင်ရွက်သွားမည်
လူထုအကျိုးပြုလုပ်ငန်း NLD ရှေးရှု ဆောင်ရွက်သွားမည်

စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် NLD ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ရေး မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် NLD ပါတီအနေနဲ့ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိတော့ရင်တောင် လူထုအကျိုးပြု လူမှုရေး လုပ်ငန်းတွေကို ပိုပြီးတော့ ဦးစားပေး လုပ်နိုင်မယ်လို့ NLD ခေါင်းဆောင်ပိုင်းက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

တရားဝင် နိုင်ငံရေးပါတီ တရပ်လိုမျိုး ရုံးကနားနဲ့ မရှိတော့ပေမဲ့ အဖွဲ့ချုပ်က ဆုံးဖြတ်ထားသလို လူထုလုပ်ငန်းတွေကို ပိုပြီး ဇောင်းပေး လုပ်သွားနိုင်မယ်လို့ NLD ခေါင်းဆောင်ပိုင်းတွေက ယုံကြည်ထားတာ တွေ့ရပါတယ်။ ဒီလိုမျိုး လူထုလုပ်ငန်းတွေကို လုပ်နိုင်တဲ့အတွက်လည်း အဖွဲ့ချုပ် အဖွဲ့ဝင်တွေဟာ လူထုကြားထဲမှာ နိုင်ငံရေးအရ ရပ်တည်နိုင်မယ်လို့လည်း လူထုကို မျက်နှာမူကြဆိုပြီး ကြွေးကြော်သံ ထုတ်ခဲ့တဲ့ NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ယူဆထားပါတယ်။

“လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး လုပ်မယ်ဆိုတာကလည်း ကျနော်တို့မှာ သဘောထားကို ရှိခဲ့တယ်။ လူထုထဲကို စိမ့်ဝင်ပြီး နိုင်ငံရေး လုပ်မယ်၊ ဒါက တချက်။ နောက်တခုက လူထုရဲ့ နစ်နာချက်တွေ၊ ခံစားချက်တွေ၊ ဒုက္ခ သုတ်ခ ရောက်တာတွေကို ကူညီဖြေရှင်းမယ်။ အကျဉ်းထောင်ထဲမှာရှိတဲ့ လူတွေကို ကျနော်တို့ မမေ့ဘူး။ သူတို့အတွက် ကျနော်တို့ နိုင်ငံရေးလုပ်မယ်။ နောက်တခါ လယ်သမားတွေ ကြားထဲမှာ ပြဿနာတွေရှိတယ်။ ဒါတွေကို ကျနော်တို့ NLD က ထိတွေ့ဆက်ဆံပြီးတော့ ရှေ့ကနေ ရပ်ပြီးတော့ဖြစ်ဖြစ်၊ ကိုယ်စားပြုပြီးဖြစ်ဖြစ် လုပ်မယ်။

“နောက်တခါ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ မရတာ၊ စည်းရုံးခွင့် မရတာ၊ အစုအဖွဲ့ လုပ်ခွင့်မရတာ၊ ဒါတွေအတွက် ကျနော်တို့ ကူညီဆောင်ရွက်မယ်၊ ဖြေရှင်းမယ်၊ ရပ်တည်ပြီးတော့ လုပ်မယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်စရာရှိတယ်၊ HIV လုပ်ငန်းတွေ၊ ကျနော်တို့ ဒီလုပ်ငန်းတွေ လုပ်သွားမှာပါပဲ။

“ထပ်ပြီးတော့ လိုအပ်မယ်ဆိုရင် ကလေးတွေ စာသင်ပေးတဲ့ ကိစ္စတွေ၊ ကလေးတွေ ကျောင်းမနေနိုင်တဲ့ ကိစ္စမျိုးတွေ လုပ်မယ်။ အမျိုးသမီးတွေ အလုပ်မရှိ၊ အကိုင်မရှိ ဖြစ်နေတာ၊ ကျွမ်းကျင်မှု အတတ်ပညာတွေ နည်းပါးနေတာ၊ အဲဒါမျိုးတွေ ကျနော်တို့ လုပ်သွားမယ်။ နောက်တခါ ဥပဒေကြောင်းအရ ဘယ်သူမှ အကူအညီ မပေးနိုင်တာတွေကို ဥပဒေပညာရှင်များနဲ့ လက်တွဲပြီး ဒီလူတွေကို အကာအကွယ်ပေးဖို့ ကျနော်တို့ ဆောင်ရွက်သွားမယ်။

“နောက် သက်ကြီးရွယ်အိုတွေ ဘာတွေ ဒုက္ခရောက်နေတဲ့ သူတွေ အများကြီးရှိတယ်။ ဒီလိုကိစ္စမျိုးတွေလည်း ရှာဖွေကြံဆပြီး လုပ်သွားမှာပဲ။ အဲတော့ နှစ်ဘက်ပဲ၊ နိုင်ငံရေးကို လူထုကြားမှာဝင်ပြီး လုပ်တဲ့ နိုင်ငံရေးကို လုပ်မယ်၊ တဘက်ကလည်း လူထုရဲ့ အကျိုးစီးပွားတွေကို ဆောင်ရွက်မယ်။”

အခုအနေအထားက တရားဝင် လက်ရှိ ရှိနေတဲ့ အစိုးရ ထုတ်ပြန်ထားတဲ့ ဥပဒေတွေအရ ဆိုရင် NLD ပါတီအနေနဲ့ ပါတီရုံးတွေ မရှိတော့ဘူးဆိုတဲ့ နောက်ပိုင်းကြရင် ခုနပြောတဲ့ လူထုလုပ်ငန်းတွေအတွက် နေရာထိုင်ခင်းတွေ၊ ဘဏ္ဍာရေးတွေ အဲဒါတွေကြတော့ရော ဘယ်လိုစဉ်းစားချက် ရှိလဲခင်ဗျ။

“ကျနော်ထင်တယ်၊ ဒါတွေက မြန်မာပြည်မှာ သဒ္ဒါတရား ရှိတဲ့လူတွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးအသိနဲ့ ယှဉ်တဲ့ သဒ္ဒါတရားတွေ ပေါ်လာနိုင်တယ်ဗျာ။ သို့မဟုတ်လည်း လူမှုရေးအသိနဲ့ ယှဉ်တဲ့ သဒ္ဒါတရားတွေ ပေါ်လာနိုင်တယ်ဗျာ။ ဘာသာရေးနဲ့ ယှဉ်တဲ့ သဒ္ဒါတရားတင် မဟုတ်ပါဘူး၊ သဒ္ဒါတရားဆိုတာ လူမှုရေးနဲ့ ယှဉ်လို့၊ နိုင်ငံရေးနဲ့ ယှဉ်လို့ရှိရင် ဒါမျိုးတွေက ပေါ်လာနိုင်ပါတယ်။ ဒါကတခုပေါ့။

“နောက်တခုက အမှန်အတိုင်း ပြောရရင်တော့ ခင်ဗျား စဉ်းစားကြည့်ပါ၊ ၂၀၀၃ ခုနှစ်ကစပြီး ကျနော်တို့တွေ ရှိသမျှ ရုံးခန်းတွေ၊ နေရာထိုင်ခင်းတွေ အကုန်လုံး ပိတ်ပစ်တာဗျ။ ၇ နှစ်လုံးလုံး ကြာသွားတယ်၊ ၂၀၁၀ အထိက။ ကျနော်တို့ လှုပ်ရှားခဲ့တဲ့ဟာ ရှိပါတယ်။ ကျနော်တို့ရဲ့ အောက်ခြေမှာရှိတဲ့ NLD ရဲဘော်တွေကို ကျနော်တို့ ယုံကြည်တယ်။ ဒီလူတွေရဲ့ အစွမ်းသတ္တိ၊ ကြံ့ကြံ့ခံနိုင်တဲ့ နိုင်ငံရေးဇွဲ၊ နိုင်ငံရေး သတ္တိတွေကို ကျနော်တို့ ယုံတယ်။ အရေးကြီးတာက ကျနော်တို့မှာ စိတ်ဓာတ်တွေ ရှိဖို့လိုတယ်။ ကျနော်တို့ အဖွဲ့အစည်း မရှိဘူး၊ ရှိတယ် ဆိုတာက ဒါ အစိုးရက ပြောတာပဲ။”

HIV ရောဂါသည်တွေကို အကူအညီ ပေးနေတဲ့ အဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင် တဦးလည်းဖြစ်တဲ့ မဖြူဖြူသင်းကတော့ သူ လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေ အပါအဝင် လူထုအကျိုးပြု လုပ်ငန်းတွေကို NLD အနေနဲ့ ပိုပြီးတော့ နောက်ပိုင်းမှာ လုပ်သွားနိုင်မယ်လို့ ယူဆထားပါတယ်။

“ပိုပြီး ချဲ့ပြီး လုပ်နိုင်မယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ ဒီအဖွဲ့ထဲမှာပဲ ဆရာဝန်တွေရှိမယ်၊ တခြား ပညာရှင်တွေလည်း ရှိမှာပေါ့။ ဒါတွေက ကျမတို့ ဆက်ပူးပေါင်းပြီး လုပ်လို့ရတာတွေ ရှိတယ်။ နောက်ပိုင်း ကျမတို့တွေ အနေနဲ့ ပါတီလုပ်ငန်း သတ်သတ်ရှိတယ်၊ ဒီဘက် HIV ကိစ္စ သတ်သတ်ရှိတယ်။ ဆိုတော့ ကျမတို့ အများကြီး လုပ်စရာတွေ ရှိတယ်။

“ကျမတို့ လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ တိုင်းနဲ့ပြည်နယ် ဆင်းတာမျိုးတွေ၊ ပညာပေးတာတွေ၊ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ လုပ်ဖို့ ကျမတို့ အားသိပ်မရှိဘူးပေါ့။ နောက်ပိုင်းတော့ ကျမထင်တယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အများကြီးချဲ့ပြီး လုပ်နိုင်လိမ့်မယ်လို့ မြင်တယ်။ ကျမတို့ လက်ရှိ လုပ်နေတဲ့ဟာတွေကို ပိုပြီး အများကြီးချဲ့ပြီး လုပ်လို့ရတာပေါ့၊ တိုင်းနဲ့ပြည်နယ် အသီးသီးကိုရော။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပညာပေးမှု အပိုင်းမှာ အများကြီး အားနည်းနေသေးတယ်၊ မြန်မာပြည်မှာဆိုရင်။ ဒါတွေ ကျမတို့ အများကြီး လုပ်လို့ရတာပေါ့။”

ပါတီတရပ်အနေနဲ့ ရပ်တည်ခွင့် မရတော့ဘူးဆိုရင် ဒီအင်အားတွေက အခုက Networking ပေါ့၊ ကွန်ယက်ပုံစံမျိုးနဲ့ လူထု အဖွဲ့အစည်းတွေမှာ ရှိနေတော့ အစိုးရဘက်က ပိုပြီး တင်းကျပ်လာတာ၊ ဒီလုပ်ငန်းတွေ အပေါ်မှာ တင်းကျပ်လာတာ၊ စောင့်ကြည့်လာတာတွေရော ဖြစ်မလာနိုင်ဘူးလားခင်ဗျ။

“အဲဒါတွေလည်း ဖြစ်လာနိုင်တာပဲ။ ဒါပေမဲ့ တခုရှိတာက သူတို့ တင်းကျပ်တယ်၊ စောင့်ကြည့်တယ် ဖြစ်လာနိုင်ပေမဲ့ ကျမတို့ကတော့ ကိုယ်လုပ်စရာရှိတာတော့ တင်းကျပ်နေတဲ့ ကြားထဲက၊ ဘယ်လောက်ကြီးပဲ သူတို့ အနှောင့်အယှက် ပေးတဲ့ ကြားထဲက ကျမတို့က ကိုယ် လုပ်သင့်လုပ်ထိုက်တာ၊ လုပ်နိုင်တဲ့ဟာ အားလုံးကိုတော့ ဆက်ပြီး လုပ်သွားမှာပါ။”

စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအရဆိုရင် လာမယ့် မေလ ၇ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံရေးပါတီအဖြစ် ထပ်မံ မှတ်ပုံမတင်တဲ့ အဖွဲ့တွေဟာ နိုင်ငံရေးပါတီအဖြစ် ဆက်ပြီး ရပ်တည်နိုင်တော့မှာ မဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ သူတို့အနေနဲ့ ထပ်ပြီးတော့ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်ပြီး သူ့ရဲ့ မူလအင်အားတွေကို လူထုအကျိုးပြု လုပ်ငန်းတွေမှာ လုပ်ကိုင်သွားမယ်ဆိုပြီး ပြောထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG