သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Oats, Corn and Beans ဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ


Oats, Corn and Beans ဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ
Oats, Corn and Beans ဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ feel your oats, corn-fed နဲ့ full of beans တို့ ဖြစ်ကြပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးက feel your oats ဖြစ်ပါတယ်။ Feel က စမ်းကြည့်သည်၊ ကိုင်ကြည့်သည်၊ ခံစားရသည်။ Your သင့်ရဲ့။ Oats ကျွဲနွားတိရစ္ဆာန်တွေ လယ်ယာတိရစ္ဆာန်တွေ စားသုံးတဲ့ အစာအပြင် အမေရိကန်နိုင်ငံသားတွေ မနက်စာ နို့နဲ့တွဲဖက်စားသုံးတဲ့ စိုက်ပျိုးသီးနံှ၊ အုတ်ဂျုံ၊ မြင်းစားဂျုံ ဖြစ်ပါတယ်။ ကျမတို့ မြန်မာပြည်မှာတော့ ကျွဲနွားစာအတွက် နှမ်းဖတ်တို့လို ဖြစ်ပါတယ်။ ဗိုက်ပြည့်အောင် စားထားတဲ့ မြင်းဆိုရင် မြူးထူးခုန်ပေါက်နေသလို လူတွေလည်း ဗိုက်ပြည့်အောင် စားရပြီးဆိုရင် ကျေနပ်ကြီးကျေနပ်ကြတာ ကျမအပါအဝင် ဖြစ်ပါတယ်။ ဒါပေမဲ့ feel your oats အီဒီယံ အဓိပ္ပါယ်က နောက်တမျိုး ရှိပါတယ်။ ဘဝင်မြင့်နေသူ၊ သူကိုယ်သူ အရေးပါနေသူ၊ အထင်ကြီးနေသူအဖြစ် လူတကာကို ဆရာလုပ်ဖို့ ကြိုးစားနေသူကို ရည်ညွှန်းရာမှာလည်း ဒီ အီဒီယံကို အသုံးပြုပါတယ်။

အခု George Crows ပေးမယ့် ဥပမာမှာတော့ သူ့ဆရာသမား အသစ်အကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။

"Bill certainly feels his oats. Now he has been promoted until the rest of us what to do. Somebody ought to tell him he needs to take it easy and be the same friendly guy he always was before he became our new boss."

"Bill က အခု ရာထူးတိုးလာတော့ တကယ့်ကိုပဲ သိပ်ဘဝင်မြင့်နေတာ။ ကျနော်တို့တတွေကို ဘာလုပ်ရမယ်၊ ညာလုပ်ရမယ်ဆိုတာတွေ ဆရာလုပ်နေတယ်။ သူအနေနဲ့ အေးအေးဆေးဆေးနေပြီး သူ ကျနော်တို့ ဆရာသမား အသစ်မဖြစ်ခင်က နေခဲ့တဲ့အတိုင်း ခင်မင်တတ်တဲ့လူတဦးလို နေသင့်တယ်လို့ တယောက်ယောက်က ပြောဖို့သင့်နေပြီ။"


ဒုတိယ တင်ပြပေးမယ့် အီဒီယံအသုံးက corn-fed ဖြစ်ပါတယ်။ corn ပြောင်း၊ ဖူးစားပြောင်း fed (feed ကြိယာမှ ဆင်းသက်လာသည်) ကျွေးမွေးသည်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပြောင်းဆန် ကျွေးသည် ဖြစ်ပါတယ်။ Corn-fed ဆိုတဲ့ အသုံးဟာ အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းဒေသရှိ မွေးမြူးရေးခြံတွေမှာ နေထိုင်ကြသူတွေကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အနောက်အလယ်ပိုင်းဒေသဖြစ်တဲ့ Kansas ပြည်နယ်ကနေ အရှေ့ဘက် Ohio ပြည်နယ်အထိ တလျှောက်လုံးဟာ ပြောင်းခင်းတွေ အများဆုံးစိုက်ပျိုးတာ ဖြစ်ပါတယ်။ တခါတရံလည်း ပြောင်းစားသူတွေလို့ အဓိပ္ပါယ်ရတဲ့ corn-fed အသုံးဟာ ကျန်းမာတယ်၊ ကျေးလက်ဆန်တယ်၊ ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်း နေထိုင်ပြောဆိုတတ်တဲ့လူတွေကို ရည်ညွှန်းပြီး အဓိပ္ပါယ်ဖွင့်ဆိုလေ့ ရှိပါတယ်။ ဘယ်လိုပင်ဖြစ်စေတော့ ဒီလို ပြောင်းစားပြီး ကြီးပြင်းလာသူတွေဟာ ဖော်ဖော်ရွေရွေ ရှိသလို ကျွေးမွေးရမှာလည်း စေတနာရှိကြပါတယ်။

George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

"My brother married to a corn-fed girl from a small town in western Iowa, but you know one thing she bakes the best apple pie I have ever eaten. And, you really ought to taste fresh sweet corns on the cup she feeds us."

"ကျနော့်ညီငယ်က အမေရိကန်အနောက်ပိုင်း Iowa ပြည်နယ်ရဲ့ မြို့ငယ်လေးတမြို့မှ ရိုးရိုးအေးအေး နေထိုင်တတ်တဲ့ မိန်းခလေးတဦးနဲ့ အိမ်ထောင်ကျခဲ့တယ်။ တခုတော့ ပြောချင်တယ် ကျနော်စားဘူးတဲ့ ပန်းသီးပိုင်မုန့် (apple pie) သူ ဖုတ်တဲ့မုန့်ကတော့ အကောင်းဆုံးပါဘဲဗျာ။ ဒါအပြင် သူကျွေးတဲ့ လတ်ဆတ်တဲ့ ပြောင်းဖူးပြုတ်ကိုလည်း ခင်များကို ကျွေးချင်လိုက်တာဗျာ။"


နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးကတော့ full off beans ဖြစ်ပါတယ်။ Full ပြည့်ဝသော၊ Off မှ၊က နဲ့ Beans ပဲစေ့များ တို့ဖြစ်ပါတယ်။ လုံးကောက်အဓိပ္ပါယ်က ပဲစေ့တွေအပြည့်နဲ့ ဖြစ်ပါတယ်။ ပဲပင်ဟာ အမေရိကန်တိုက်တွေမှာ ပေါက်တဲ့အပင်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာ ယာတောတွေ၊ နေအိမ်ခြံတွေမှာ စိုက်ပျိုးကြပါတယ်။ ကျမတို့ မြန်မာနိုင်ငံမှာလည်း ပဲပင်တွေ အမျိုးမျိုး ရှိကြပါတယ်။ ပဲစားရင် ပရိုတင် (protein) အသားဓါတ်ပါလို့ အားလည်းရှိပါတယ်။ ဒါကြောင့်မို့ full of beans ဆိုတဲ့ အီဒီယံအသုံးနှုန်းက ကျန်းမာခြင်း၊ အားရှိခြင်း၊ စိတ်ဓါတ်တက်ကြွခြင်း ကို ဆိုလိုပါတယ်။

အခု George Crows ပေးမယ့် ဥပမာမှာတော့ အလုပ်ကြိုးစားလွန်တဲ့ မိတ်ဆွေ Joe ဟာ အလုပ်ခွင်က ခွင့်ယူပြီး တနေရာမှာ အပန်ဖြေပြီး အနားယူသင့်တယ် အကြောင်းဖြစ်ပါတယ်။

"Joe looks so tired and worn out. He looks awful. Then, his wife made him take two weeks off from work. And, when he got back, he was full of beans, full of fresh energy and looking like himself again."

"Joe ကို ကြည့်ရတာ သိပ်ကို ပင်ပန်နွမ်းနှယ်နေပုံပေါ်တော့ မြင်လို့တောင် မကောင်းပါဘူး။ ဒါကြောင့် သူ့ဇနီးက သူကို အလုပ်ကနေ သတင်းနှစ်ပတ် အနားယူခိုင်းတယ်။ သူပြန်လာတော့ အားမာန်အပြည့်နဲ့ပေါ့။ အားသစ်တွေပြည့်လို့ သူနဂိုမူရင်းပုံ ပြန်ဖြစ်လာတယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG