သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေမှာ ဆန္ဒပြပွဲအပြီး လျှပ်စစ်မီးပြန်ရ


စစ်တွေမှာ ဆန္ဒပြပွဲအပြီး လျှပ်စစ်မီးပြန်ရ
စစ်တွေမှာ ဆန္ဒပြပွဲအပြီး လျှပ်စစ်မီးပြန်ရ

ရခိုင်ပြည်နယ် စစ်တွေမြို့ ကုန်တန်းရပ်ကွက်မှာ မီးမလာတာ လနဲ့ချီလာပြီဖြစ်တဲ့အတွက် အမျိုးသမီးတွေက ဦးဆောင်ပြီး လူအင်အား ၅၀၀ လောက်ဟာ ဧပြီလ ၂၁ ရက်နေ့ညက ရပ်ကွက်ထဲမှာလှည့်ပြီး မီးရရှိရေးအတွက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲရဲ့ ရလဒ်ကြောင့် ကုန်တန်းရပ်ကွက်ကို အာဏာပိုင်တွေက ၂၃ ရက်နေ့မှာ မီးပေးလိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး အသေးစိတ် စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် သတင်းထောက် မအေးမာက တင်ပြထားပါတယ်။

စစ်တွေမြို့ ကုန်တန်းရပ်ကွက်က ပြည်သူတွေဟာ ဒီဇင်ဘာလကစပြီး မီးမလာတာ ၄ လကျော်ပြီ ဖြစ်သလို မီတာ ထိန်းသိမ်းခတွေကိုတော့ ဧပြီလကကစပြီး တိုးမြှင့်ကောက်ခံခဲ့တဲ့ မကျေမနပ်ဖြစ်ရာကနေ ဆန္ဒပြတာခဲ့တာလို့ ဆိုပါတယ်။ အခုအခါမှာတော့ အာဏာပိုင်တွေဘက်က စောင့်ကြည့်မူတွေ လုပ်နေပြီး မီးကိုချက်ချင်း ပြန်ပေးလိုက်ကြောင်း မြို့ခံတဦးက အခုလိုပြောပါတယ်။

"မီးမလာတာ ၄ လလောက်ကို ရှိပါပြီ။ သူတို့ကတော့ အော်တဲ့သူက အော်တယ်။ ငြိမ်ငြိမ်သက်သက်နဲ့ သွားနေကြတဲ့ လူ ၅၀၀ လောက်ရှိတယ်။ နောက်နေ့ကျတော့ စောစောစီးစီး လာပြီးတော့ အာဏာပိုင်တွေက စောင့်နေကြတယ်။ ပြီးတော့ လျှပ်စစ်ဌာနကနေပြီးတော့ သူတို့ကလည်း ကြိုစောင့်နေပြီးတော့ ညပိုင်းမှာ မီး ဖွင့်ပေးလိုက်တာ။ ည ၁ နာရီကနေ စဖွင့်တယ်။"
၂၁ရက်နေ့ည ၈ နာရီကျော် အချိန်ကနေစပြီး ၁၀ နာရီ နီးပါးအထိ ၁ နာရီကျော်ကြာ ဆန္ဒပြမူတွေ ဖြစ်ပွားပြီးတဲ့ အချိန်မှာတော့ အာဏာပိုင်တွေဘက်ကနေ လူစုခွဲတာမျိုးတွေ မရှိခဲ့ပေမဲ့ ၂၂ ရက်ကစပြီး ဒီနေ့အထိ ကုန်တန်းရပ်ကွက်ကို အာဏာပိုင်တွေဘက်က လုံခြုံရေး တိုးမြှင့်ချထားလိုက်တယ်လို့ ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည်နယ် ဗဟိုဦးစီးအဖွဲ့ဝင် ဦးသိန်းလှိုင် ပြောပြတာကတော့ -

"အဲဒီအချိန်ကတော့ အာဏာပိုင်တွေဘက်ကလည်း ကြိုတင်မျှော်လင့်ထားတဲ့ အနေအထားမဟုတ်တဲ့ အတွက်ကြောင့်မိုလို့ ဗြုန်းဆိုင်းကြီး ဖြစ်တာကြောင့်မိုလို့ သူတို့ဘက်က အရေးယူဆောင်ရွက်မှု တစုံတရာတော့ သူတို့ မရှိခဲ့ဘူး။ နောက်ပြီးတော့ အဲဒီနေရာက ကျနော်တို့ ရဲစခန်းနှစ်ခုနဲ့လည်း အလှမ်းဝေးတဲ့နေရာ ဖြစ်နေတဲ့အတွက်ကြောင့်မိုလို့ အဲဒီလို ဖြစ်တယ်လို့ ယူဆရတယ်။ နောက်ပိုင်းကျတော့ ၂၂ ရက်နေ့ကျတော့ အဲဒီမှာ စခန်းမှူးကအစပေါ့နော် ရဲတပ်ဖွဲ့ဝင်တွေအပြည့် လုံခြုံရေး ချပြီးတော့ စောင့်ခိုင်းနေတာ တွေ့ရတယ်ခင်ဗျ။"

အခုလို ရခိုင်ပြည်က လူထုတွေ မီးကိစ္စနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ပြောပြခဲ့ရာမှာတော့ -

"ဟုတ်ကဲ့။ သူတို့အပြောအရဆိုရင် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလကစပြီး ကုန်တန်းရပ်ကွက်မှာ မီး လုံး၀ မလာဘူး။ မလာတဲ့အပြင် မီတာခက ထိန်းသိမ်းခဆိုပြီး ၅၀၀ ကနေ ၁,၀၀၀ တက်လာတယ်။ ရခိုင်မှာက ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေ ရှိနေတယ်။ အဲဒီရခိုင်က ရေနံသဘာဝဓါတ်ငွေ့တွေကို အလင်းပြုပြီးတော့ မြန်မာတနိုင်ငံလုံးကို ၂၄ နာရီ မီးပေးလို့ ရတဲ့အနေအထားမျိုးမှာ ရခိုင်ဒေသက စစ်တွေမှာ ဒီလို အမှောင်ချ ထားတဲ့အတွက်ကြောင့်မိုလို့ ဒါဟာ မတရားဘူး၊ သည်းမခံနိုင်တဲ့အဆုံး အဲဒီလို လုပ်ရတယ်လို့ ပြောတယ်ခင်ဗျ။"

ရခိုင်ပြည်နယ်အတွင်းမှာ မီးမလာတဲ့ အခက်အခဲတွေကြောင့် ကျောင်းသားတွေ စာမကျက်ရတာ၊ အိမ်တွင်းစီးပွားရေး လုပ်ငန်းတွေကိုလည်း လုပ်ကိုင်လို့ မရတာတွေ၊ ရာဇဝတ်မှု ထူပြောမှုတွေ ဖြစ်လာတာကြောင့် မီးကိုလိုအပ်တယ်ဆိုပြီး မြို့ခံတွေက ပြောပါတယ်။ ကုန်တန်းရပ်ကွက်ဟာ စစ်တွေမြို့မှာ ဆန်အရေးအခင်းဖြစ်ချိန်ကလည်း အဲဒီနေရာကနေ စခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG