သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွားရေး တိုးတက်မှုအစီရင်ခံစာ IMF ထုတ်ပြန်


ကမ္ဘာနဲ့အဝန်း စီးပွားရေး အကျပ်အတည်းတွေ ကြုံရာက ကျော်လွန်လာပြီး၊ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာနေပြီလို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) က ပြောဆိုလိုက်ပါတယ်။ ဒီလို တိုးတက်မှုတွေ မြင်တွေ့နေရတဲ့ အထဲမှာတော့ အာရှနိုင်ငံတွေ အပါအဝင် ဖွံ့ဖြိုးလာနေတဲ့ တိုင်းပြည်တွေက အဓိကဦးဆောင်သွားမယ်လို့ IMF ရဲ့ ဧပြီလတွင်း ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့စီးပွားရေး ကြိုတင်သုံးသပ်ချက် အစီရင်ခံစာက ဖော်ပြခဲ့တာပါ။ ဒါပေမဲ့လည်း ဒီလိုစီးပွားရေး ဖွံ့ဖြိုးမှု အခြေအနေတွေကို ရေရှည် ထိန်းသိမ်း သွားနိုင်ဖို့ကတော့ ဆောင်ရွက်စရာတွေ ရှိသေးတယ်လို့လည်း သတိပေးထားတဲ့ အကြောင်းကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြ ပေးမှာ ဖြစ်ပါတယ်။

ကမ္ဘာနဲ့အဝန်း စီးပွားရေး အခြေအနေတွေဟာ အစောပိုင်းခန့်မှန်းချက်တွေထက် အလားအလာတွေ ကောင်းနေတဲ့အကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ကြိုတင်ဟောကိန်း ထုတ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်နှောင်းပိုင်းလောက်က ဘဏ္ဍာရေးဆိုင်ရာ ပြိုကွဲမှုတွေက စလိုက်တဲ့ စီးပွားရေး ကျဆင်းမှုတွေကနေ ပြန်လည်ရုန်းထွက်လာတဲ့ အခြေအနေ တွေဟာ အခုအခါ မျှော်လင့်ထားတာထက် ပိုကောင်းနေတယ်လို့ IMF ရဲ့ စီးပွားရေး သုတေသနဌာန ညွှန်ကြားရေးမှူး Olivier Blanchard က ဆိုပါတယ်။ ဒီလိုပဲ မကြာခင်နှစ်တွေမှာလည်း ဆက်လက်ဖွံ့ဖြိုးသွားဖို့ ရှိနေတယ်လို့ ဧပြီလတွင်း ကမ္ဘာ့စီးပွားရေး ကြိုတင်သုံးသပ်ချက် အစီရင်ခံစာသစ် ထုတ်ပြန်ချိန်မှာ ပြောဆိုလိုက်တာပါ။
“ကမ္ဘာနဲ့အဝန်း ပြန်လည်နာလန်ထူလာတာကတော့ ကျနော်တို့ မျှော်လင့်ထားခဲ့တာထက် ပိုပါတယ်။ ဒီနှစ် ၂၀၁၀ ပြည့်နှစ်ထဲမှာ တကမ္ဘာလုံး စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ၄ ဒဿမ ၂ အထိ ရှိမယ်လို့ ကျနော်တို့ ခန့်မှန်းပါတယ်။ ဒါဟာဆိုရင် ဇန်နဝါရီလတုန်းက တွက်ဆချက်ထက် သုညဒဿမ ၃ ရာခိုင်နှုန်း ပိုလာတာပါ။ ရှေ့လာမယ့် ၂၀၁၁ ခုနှစ်မှာ ဖွံဖြိုးမှုဟာ ၄ ဒဿမ ၃ ရာခိုင်နှုန်းအထိ ရှိမှာ ဖြစ်ပါတယ်။”

စီးပွားရေး ဖွံ့ဖြိုးမှုတွေနဲ့အတူ ကမ္ဘာနဲ့အဝန်း ကုန်သွယ်မှုတွေဟာလည်း ပြန်လည်အားကောင်းလာတယ်၊ ငွေပင်ငွေရင်း စီးဆင်းမှုတွေလည်း ရှိလာနေပြီ၊ တကမ္ဘာလုံး ရိုက်ခတ်ခဲ့တဲ့ ဘဏ္ဍာရေး ဈေးကွက်တွေမှာလည်း အခြေအနေတွေ တည်ငြိမ်လာပြီလို့ IMF အရာရှိတွေက ပြောခဲ့ကြတာပါ။ စီးပွားရေး ဖွံ့ဖြိုးမှုတွေ ပြန်လည် အားကောင်းလာတဲ့ အထဲက ဖွံ့ဖြိုးတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးဟာ ဒီနှစ်ထဲ ပျမ်းမျှ ၂ ဒဿမ ၃ ရာခိုင်နှုန်း အထိ ရှိမှာဖြစ်သလို၊ ရှေ့နှစ်မှာတော့ ၂ ဒဿမ ၄ အထိ ရှိမယ်လို့ ခန့်မှန်းပါတယ်။ ဘဏ္ဍာရေး ပြဿနာတွေ ပြင်းပြင်းထန်ထန် ရိုက်ခတ်ခံခဲ့ရတဲ့ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးတွေမှာ ပုံမှန် တိုးတက်မှုတွေ ရဖို့ကတော့ နှစ်အတော်ကြာ အချိန်ပြန်ယူရဖို့ လိုမယ်လို့လည်း ဆိုခဲ့တာပါ။ ဖွံ့ဖြိုး တိုးတက်လာနေတဲ့ နိုင်ငံတွေ မှာတော့ ဒီအခြေအနေတွေနဲ့ တမူထူးခြားပြီး၊ အလားအလာကောင်းတွေ ရှိနေတယ်လို့ IMF က ပြောပါတယ်။

ဒီနှစ်ထဲမှာ ဆိုရင်ပဲ ပျမ်းမျှ ၆ ဒဿမ ၃ ရာခိုင်နှုန်း ရှိမှာ ဖြစ်သလို၊ ရှေ့နှစ်မှာတော့ ၆ ဒဿမ ၄ ရာခိုင်နှုန်း ရှိမယ်လို့ ဆိုပါတယ်။ အထူးသဖြင့် စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာနေတဲ့ အာရှဒေသမှာဆိုရင် ဒီနှစ်မှာ ၈ ဒဿမ ၇ ရာခိုင်နှုန်းအထိ ရှိမှာဖြစ်တယ်လို့ ခန့်မှန်းရကြောင်း IMF က ပြောပါတယ်။ ဒီလို အခြေအနေကောင်းတွေ ရှိနေတဲ့ တချိန်တည်းမှာပဲ စီးပွားရေးအရ စိမ်ခေါ်မှုတွေကလည်း ရှိနေတယ်လို့လည်း IMF ရဲ့ စီးပွားရေးဆိုင်ရာ အကြီးတန်းအရာရှိ Blanchard က သတိပေးလိုက်တာပါ။
“စိမ်ခေါ်မှုတွေထဲက တခုကတော့ ငွေပင်ငွေရင်း အကြီးအကျယ် စီးဆင်းမှုပါ။ ဖွံ့ဖြိုးမှု အလားအလာကောင်းတွေ မြင့်မားနေတာ၊ အတိုးနှုန်းတွေ ကြီးမားနေတာက ငွေအရင်းအနှီးတွေ ဝင်လာအောင် ဆွဲဆောင်နေပါတယ်။ အထူးသဖြင့်ကတော့ စီးပွားရေး ဖွံ့ဖြိုးမှု အလားအလာတွေကြောင့် ဝင်လာတဲ့ ငွေပင်ငွေရင်း စီးဆင်းလာတာဟာ တကယ်တော့ သတင်းကောင်းပါ။ ဒါပေမဲ့လည်း ကျနော်တို့ အတွေ့အကြုံတွေကရလာတဲ့ သင်ခန်းစာတွေအရ၊ ဒါတွေဟာ အဆမတန်ကြီးထွားပြီး မထိန်းနိုင်မသိမ်းနိုင် ပေါက်ကွဲ တတ်ပါတယ်။”

ဒါတွေကို ရှောင်ရှားနိုင်ဖို့ အတွက်ကတော့ ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာတဲ့ နိုင်ငံတွေက ဒီငွေပင်ငွေရင်းတွေကို စနစ်တကျ စီမံခန့်ခွဲသွားဖို့၊ ငွေကြေး တန်ဘိုးတွေကို ထိန်းညှိသွားဖို့၊ စီးပွားရေး လုပ်ငန်းကြီးတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေမှာ အခြေခံ စံသတ်မှတ်ချက်တွေအတိုင်း ချမှတ်ဆောင်ရွက်သွားဖို့ လိုလိမ့်မယ်လို့လည်း IMF ရဲ့ စီးပွားရေးဆိုင်ရာ အကြီးတန်းအရာရှိ Blanchard က ပြောပါတယ်။

တကမ္ဘာလုံး အတိုင်းအတာနဲ့ စီးပွားရေး ဖွံဖြိုးမှုတွေအတွက် စိမ်ခေါ်မှုတွေဟာတော့ ဖွံဖြိုးတဲ့ နိုင်ငံတွေမှာရော၊ ဖွံ့ဖြိုးလာနေတဲ့ နိုင်ငံတွေမှာပါ ဆက်နွယ်မှုတွေ ရှိနေတယ်လို့ IMF က ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုတို့လို စီးပွားရေး ဖွံ့ဖြိုးနေတဲ့ တိုင်းပြည်တွေမှာ ဘဏ္ဍာရေးလုပ်ငန်းတွေကို တစုတစည်းတည်းဖြစ်အောင် စီမံဖို့ လိုပေမဲ့၊ ဒါတွေက ဝယ်လိုအားတွေ၊ စီးပွားရေး ဖွံ့ဖြိုးမှုတွေ အပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ဒါတွေကို ရှောင်ရှားနိုင်ဖို့ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေ အနေနဲ့ ငွေကြေးတန်ဘိုး လျှော့ချ၊ ပြည်ပကို တင်ပို့တာတွေ ပိုလုပ်တာမျိုး လုပ်ဖို့လိုမယ်လို့ ဆိုပါတယ်။ အပြန်အလှန်အနေနဲ့ ဖွံ့ဖြိုးတိုးတက်လာနေတဲ့ နိုင်ငံတွေက ဒါတွေနဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့၊ ငွေတန်ဘိုးကိုမြှင့်၊ ပြည်ပတင်ပို့တာတွေကို တိုးတာတွေ လုပ်ရလိမ့်မယ်လို့ IMF က အကြံပြုပါတယ်။

ဒီလိုဆောင်ရွက်နိုင်မှာသာ ကမ္ဘာ့စီးပွားရေးဟာ တောင့်တင်းခိုင်မာပြီး၊ ရေရှည်တည်တံ့မယ့်၊ ချိန်ခွင်လျှာညီတဲ့ စီးပွားရေး အခြေအနေတွေကို ဖန်တီးနိုင်မယ်လို့ ဆိုပါတယ်။ ငွေတန်ဘိုး သတ်မှတ်ချက်တွေနဲ့ ပတ်သက်လို့ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေနဲ့ အချေအတင် ဖြစ်စရာတွေ ကြုံနေရတဲ့ တရုတ်နိုင်ငံက လတ်တလော စီးပွားရေး အစီအမံတွေဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိတယ်ဆိုပေမဲ့၊ တရုတ်ယွန်ငွေတန်ဘိုး မြှင့်တင်တာ အပါအဝင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်တာတွေက ရေရှည် အထောက်အကူ ဖြစ်စေမယ်လို့လည်း IMF စီးပွားရေး သုတေသနဌာနရဲ့ လက်ထောက် ညွှန်ကြားရေးမှူး Jorg Decressin က ဆိုပါတယ်။ စီးပွားရေး ဖွံ့ဖြိုးလာနေတဲ့ နိုင်ငံတခုအဖြစ် တရုတ်နိုင်ငံက ချိန်ခွင်လျှာညီတဲ့ ကမ္ဘာ့စီးပွားရေးကို အထောက်အကူ ဖြစ်စေမယ့် ဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ လိုတယ်လို့ သူက ပြောခဲ့တာ ဖြစ်ပါတယ်။
“ကျနော်တို့ ယုံကြည်ထားတာကတော့ ကမ္ဘာ့စီးပွားရေးမှာ ဘက်မျှမှုတွေ ရှိလာအောင် အထောက်အကူ ဖြစ်စေဖို့ လက်ရှိ အစီအမံတွေကို ရှေ့ဆက် ဆောင်ရွက်သွားဖို့ လိုပါတယ်။ စုဆောင်းငွေ အတိုးနှုန်းတွေကို လျှော့ချတာမျိုးနဲ့ အခြေခံ အဆင့်ဆင့် ပြုပြင်ပြောင်းလဲတာတွေ လုပ်ဖို့လိုပါတယ်။ အဆုံးသတ်မတော့ ငွေတန်ဘိုးကို လျှော့ချတာက အထောက်အကူတွေ ဖြစ်စေသလို၊ တရုတ်နိုင်ငံ စီးပွားရေးရဲ့ တချို့အစိတ်အပိုင်းတွေမှာ အလွန်အကျွံဖြစ်လာမယ့် အခြေအနေတွေကိုလည်း ဖြေရှင်းသွားနိုင်မှာ ဖြစ်ပါတယ်။”

အာရှတလွှားက စီးပွားရေး ကြီးထွားလာနေတဲ့ တရုတ်နိုင်ငံက ဒီနှစ်ထဲ စီးပွားရေး ဖွံ့ဖြိုးမှု ပမာဏဟာ ၁၀ ရာခိုင်နှုန်းအထိ ရှိမယ်လို့ IMF က ခန့်မှန်းပြီး၊ အိန္ဒိယနိုင်ငံကတော့ ဒီနှစ်မှာ ၈ ဒဿမ ၈ ရာခိုင်နှုန်း ရှိမယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) ထဲက ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ် (၅) နိုင်ငံတို့ကတော့ ဒီနှစ်မှာ ပျမ်းမျှ ဖွံ့ဖြိုးမှု ပမာဏဟာ ၅ ဒဿမ ၄ ရာခိုင်နှုန်း ရှိပြီး၊ ရှေ့နှစ်ထဲမှာတော့ ၅ ဒဿမ ၆ ရာခိုင်နှုန်းအထိ ရှိမယ်လို့ ဟောကိန်းထုတ်ပါတယ်။ ကျန်အသင်းဝင်တွေ ဖြစ်တဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ စင်္ကာပူ နဲ့ ဘရူနိုင်း (၅) နိုင်ငံတို့ကို ထည့်သွင်းမထားတဲ့ ဒီခန့်မှန်းချက်အရ ပြည်တွင်း ဝယ်လိုအားတွေ တိုးလာတာ၊ ကုန်သွယ်မှုတွေအပေါ် အမှီအခိုနည်းတာတွေက ဒေသတွင်း နိုင်ငံတွေမှာ စီးပွားရေး အခြေခံကောင်းတွေကို ဖန်တီးပေးနိုင်တာ ဖြစ်တယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ရဲ့ ဧပြီလတွင်း ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့စီးပွားရေး ကြိုတင်သုံးသပ်ချက် အစီရင်ခံစာက ဖော်ပြခဲ့တာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG