သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်ဗုံးပေါက်မှု သေဆုံးသူ ၁၀ ဦးရှိဟု စစ်အစိုးရ သတင်းဖော်ပြ


သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့က ဗုံးပေါက်ကွဲမှုတွေမှာ ထိခိုက်ဒဏ်ရာ ရသူတွေအနက် နောက်ထပ် ၂ ဦး သေဆုံးခဲ့လို့ အခုအခါ သေဆုံးသူ ၁၀ ဦးအထိ ရှိသွားပြီလို့ အစိုးရပိုင် သတင်းစာတွေမှာ ဒီကနေ့ပဲ ဖော်ပြကြပါတယ်။

ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့က ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးအနီးက X2O ရေကစားမဏ္ဍပ်မှာ ဗုံး ၃ လုံး ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၈ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၇၀ ရှိခဲ့တဲ့အကြောင်း အစောပိုင်းမှာ စစ်အစိုးရက ပြောဆိုထားတာပါ။

ဒါပေမဲ့လည်း ဒဏ်ရာရသူတွေထဲက နောက်ထပ် အမျိုးသား တဦးကတော့ ထိခိုက်မှုဖြစ်အပြီး ၂ ရက်အကြာ၊ နောက် အမျိုးသား တဦးကတော့ ၄ ရက်အကြာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ထပ်မံသေဆုံးခဲ့တဲ့အကြောင်း ဒီကနေ့ကျမှ ထပ်မံ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာရသူ အများအပြား ဆေးရုံက ပြန်ဆင်းသွားပြီး အခုအခါ ၆၀ ပဲ ကျန်တော့တယ်လို့လည်း ဖော်ပြပါတယ်။

ဗုံးဖောက်ခွဲမှု နောက်ပိုင်း အနည်းဆုံး လူ ၃ ဦးကို ဖမ်းဆီးထားပြီး ဗုံးဖောက်ခွဲမှုတွေနဲ့ ပတ်သက်လို့ သတင်းပေးနိုင်သူတွေကို ဆုငွေ ကျပ် ၁,၀၀၀,၀၀၀ ပေးမယ့်အကြောင်း အာဏာပိုင်တွေက ရန်ကုန်မြို့က နေရာတချို့မှာ စာတွေ လိုက်ကပ်ထားတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

သင်္ကြန်ဗုံးပေါက်ကွဲမှု အပြီး ၂ ရက်အကြာ ကချင်ပြည်နယ် မြစ်ဆုံဒေသမှာလည်း ဗုံးတွေ ဆက်တိုက်ဆိုသလို ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ဒီလ ၁၇ ရက်နေ့မနက် အစောပိုင်းက တရုတ်ကုမ္ပဏီနဲ့ ပူးပေါင်းပြီး မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို တည်ဆောက်နေတဲ့ Asia World ကုမ္ပဏီရုံး အဆောက်အဦးမှာ ဗုံးတွေ ဆက်တိုက်ဆိုသလို ပေါက်ကွဲခဲ့ပေမဲ့ အစိုးရက တစုံတရာ ထုတ်ပြန်ပြောဆိုတာတော့ မရှိပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG