သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မတိုင်မီ စစ်ဗိုလ်ချုပ်တွေ အရပ်ဝတ်လဲမှုအပေါ် အမြင်အမျိုးမျိုး


ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အပါအဝင် ဝန်ကြီးတချို့ဟာ စစ်ရာထူးတွေက ဒီသီတင်းပတ်အတွင်း အနားယူဖို့ အစီအစဉ် ရှိတဲ့အကြောင်း စစ်ဘက် သတင်းရပ်ကွက်တွေက ဆိုပါတယ်။ အခုလို စစ်ဘက်ကနေ အရပ်ဘက်ပြောင်း အနားယူလိုက်တာဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ခြေလှမ်းတရပ်လည်း ဖြစ်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေတော့ အခုလို ပြောင်းလဲမှုအပေါ် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားသူ တချို့ရဲ့ အမြင်ကို ဗွီအိုအေ သတင်းထောက် ကိုကျော်ထင်က စုစည်းတင်ပြထားပါတယ်။

ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးတွေ စစ်ရာထူးတွေက အနားယူလိုက်တာနဲ့ ပတ်သက်လို့ စစ်ဘက် သတင်းရပ်ကွက် တချို့ကို ကိုးကားပြီး သတင်းတွေက ဖော်ပြကြပေမဲ့ အစိုးရပိုင် မီဒီယာတွေမှာတော့ အတည်ပြု ဖော်ပြတာ မရှိသေးပါဘူး။ အခုလို အရပ်ဝတ်လဲဖို့ရှိတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ တရပ်လည်း မကြာခင် ထွက်ပေါ်လာနိုင်တယ်လို့ အများက ယုံကြည်ထားကြတာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ဦးသုဝေက အရပ်သားအနေနဲ့ ရွေးကောက်ပွဲ ဝင်တာကို လက်ခံတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ နားလည်သလောက်ကတော့ ဘယ်သူပဲဖြစ်ဖြစ် ရွေးကောက်ပွဲ ဝင်ချင်ရင် အရပ်သားတယောက် ဖြစ်ရင် ဝင်ပေါ့။ အဲဒါကို လက်ခံပါတယ်။ လက်ရှိ အာဏာကလည်း ရှိထား၊ အရှိန်အဝါကလည်း ရှိနေမယ်၊ ငွေရေးကြေးရေးကလည်း ပြည့်စုံမယ်၊ ဒါကတော့ အမှန်ပဲလေ။ တခြား နိုင်ငံရေး ပါတီတွေတော့ မသိဘူး၊ ကျနော်တို့ကတော့ မပြည့်စုံဘူးပဲ၊ မပြည့်စုံဘဲနဲ့ ကျနော်တို့ ပြိုင်ရမှာပဲ။”

အာဏာ၊ ငွေကြေး ပြည့်စုံတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ယှဉ်ပြိုင်တယ် ဆိုပေမဲ့ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတဖို့ လိုတယ်လို့ ဦးသုဝေက ဆက်ပြောပါတယ်။

“သူတို့ဘက်က တပန်းသာသော်လည်း ကျနော်တို့က သိပ်ပြီး မစိုးရိမ်ပါဘူး။ တခုပဲရှိတယ်၊ ရွေးကောက်ပွဲ လုပ်တဲ့အခါ လွတ်လပ်သလား၊ တရားမျှတမှု ရှိသလား၊ အဲဒီအပေါ်မှာပဲ တည်ပါတယ်။ တရားမျှတတယ်၊ လွတ်လပ်စေချင်တယ်။ အဲဒီလိုဆိုရင် ကျနော်တို့ ပြိုင်ရဲပါတယ်။ ကျိန်းသေတော့ ဘယ်ပြောနိုင်မလဲ။ လုပ်တဲ့လူတွေ အပေါ်မှာ တည်တာပေါ့။ ဒီထဲမှာ မသမာမှုတွေလည်း ရှိမှာပဲလေ။ တချို့လူတွေက အာဏာသိပ်လိုချင်တဲ့ အခါကျတော့ မတရားတာတွေလည်း လုပ်ချင်လုပ်မှာပေါ့။ သို့သော် ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း တရားမျှတသင့်သလောက် မျှတခဲ့တယ်လေ။ အဲဒီလိုဖြစ်ရင်တော့ မစိုးရိမ်ပါဘူး။ အဲဒီလောက်မှ မမျှတဘူး ဆိုရင်တော့ မပြောတတ်ဘူးလေဗျာ။”

တရားမျှတတယ်လို့ နိုင်ငံတကာနဲ့ ပြည်သူလူထုက လက်ခံထားတဲ့ ၉၀ ခု ရွေးကောက်ပွဲ ရလဒ်ကိုတော့ မြန်မာစစ်အစိုးရက အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေဆဲ ဖြစ်ပါတယ်။

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးနေမျိုးဝေကတော့ စစ်ဗိုလ်ချုပ်တွေ ဘယ်လိုပဲ အသွင်ပြောင်းပြီး ယှဉ်ပြိုင်ပါစေ၊ မတူညီတာတွေကို လွှတ်တော်ထဲမှာ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

“စစ်ဗိုလ်ချုပ်ကြီးတွေ ဘောင်းဘီချွတ်ပြီးပဲ လုပ်လုပ်၊ ကြိုက်တာလုပ်ဗျာ၊ ဘာလုပ်မှာလဲပဲ အရေးကြီးတယ်။ ဥပမာ ကျနော်တို့နိုင်ငံမှာ လယ်ယာမြေပေါ်လစီ၊ ကျနော်ပြောနေတာ ကြာပြီ။ မဆလခေတ် ကတည်းက၊ ဟိုးအရင်ခေတ် ကတည်းကဟာ၊ နိုင်ငံပိုင် စနစ်ကြီးက ပုဂ္ဂလိကလက်ထဲ ပြောင်းမယ်၊ အဲဒီ ဘောင်းဘီချွတ်လာတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေက အဲဒီပေါ်လစီကို သဘောတူပြီး ပြောင်းမယ်ဆိုရင် ကျနော်နဲ့ တသဘောတည်းပဲ။ မပြောင်းဘူး၊ လွှတ်တော်ထဲမှာ သူတို့က နိုင်ငံပိုင်စနစ်ပဲ ဆိုရင် ကျနော်တို့နဲ့ အယူအဆရေးရာ အရ အကြိတ်အနယ် ငြင်းခုံရလိမ့်မယ်။ ဒါပါပဲ။”

၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်ကိုယ်စားလှယ် ၂၅% ပါဝင်ခွင့်ရမှာ ဖြစ်ပြီး ကျန်တဲ့ ၇၅% ထဲမှာလည်း စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်တပ်လိုလားသူတွေ အများအပြား ပါလာနိုင်သေးတယ် ဆိုတော့ အတိုက်အခံတွေ တင်သွင်းတဲ့ အဆိုဟာ အောင်မြင်နိုင်ဖွယ် မရှိဘူးလို့လည်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။

အရပ်သားအစိုးရ တက်လာရင် ပုဂ္ဂလိက အခန်းကဏ္ဍကို မြှင့်တင်ဖို့လိုတယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံပိုင်လုပ်ငန်း အချို့ကို ဒီနှစ်ဆန်းပိုင်းကစပြီး ပုဂ္ဂလိကလက်ထဲ ရောင်းချမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းတွေကို စစ်အစိုးရနဲ့ နီးစပ်သူတွေ၊ ဒါမှမဟုတ် စစ်တပ်နဲ့ ပတ်သက်တဲ့ ဦးပိုင်ကုမ္ပဏီကနေ ရသွားတာဖြစ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဟာ ရန်ပုံငွေ လိုအပ်နေတာကြောင့် အကယ်လို့ စစ်အစိုးရဘက်က ဥပဒေဘောင် အတွင်းကနေ ငွေကြေးထောက်ပံ့မယ် ဆိုရင်လည်း လက်ခံမယ်လို့ ဆိုပါတယ်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ အထွေထွေ အတွင်းရေးမှူး ဦးဖြိုးမင်းသိန်းကတော့ ဘယ်သူပဲ ဝင်ပြိုင်ဝင်ပြိုင် ပြည်သူတွေက မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မယ်လို့ ယုံကြည်ထားသူပါ။

“ရွေးကောက်ပွဲ လမ်းကြောင်းက ဖြတ်သန်းမယ်ဆိုတဲ့ သဘောထား ရှိတာကို ကြိုဆိုပါတယ်။ စစ်တပ်အနေနဲ့ နေရာတခုကို ငါတို့သဘောနဲ့ငါတို့ အမည်စာရင်း တင်သွင်းပြီး ရပ်တည်မယ် ဆိုတာထက် ငါတို့ကိုယ် ငါတို့ ပြည်သူလူထုကြားမှာ မှတ်ကျောက်တင်ခံပြီး အရွေးခံမယ် ဆိုတဲ့စိတ်ကို ကြိုဆိုပါတယ်။ ဒီမိုကရေစီမှာ ဒီလိုပဲ နိုင်ငံတကာမှာ စစ်ခေါင်းဆောင်တွေ အရပ်ဘက် ပါတီတွေ ထူထောင်ပြီး ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်တာတွေ ရှိပါတယ်။ ပြည်သူလူထုအနေနဲ့ မှန်မှန်ကန်ကန် ရွေးချယ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ပြည်သူလူထုဟာ အပြောင်းအလဲကို လိုချင်နေပါတယ်။ စစ်အုပ်ချုပ်ရေးကို ဆက်ပြီး မတည်ရှိချင်တော့ပါဘူး။”

ပြည်ထောင်စု ဒီမိုကရေစီပါတီ အနေနဲ့ကတော့ ရွေးကောက်ပွဲ ဥပဒေမှာ ပါတဲ့အတိုင်း ပါတီတခုခုက အာဏာသုံးပြီး နိုင်ငံပိုင်ပစ္စည်း၊ ငွေကြေးတွေကို အသုံးပြုလာခဲ့မယ်ဆိုရင် ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားမယ်လို့ ဆိုပါတယ်။

မနေ့ကအထိ နိုင်ငံရေးပါတီ ၂၁ ခု မှတ်ပုံတင်ခဲ့ကြပြီး ၅ ပါတီကို တည်ထောင်ခွင့် ပြုပြီးပြီလို့လည်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

အခုလို စစ်ဘက်အကြီးအကဲတွေ စစ်ရာထူးတွေကနေ အနားယူတာဟာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် ပထမ ခြေလှမ်းအဖြစ် နိုင်ငံရေး အကဲခတ်တွေက ခန့်မှန်းနေကြပါတယ်။ စစ်တပ် တာဝန်ရှိသူတွေ အနေနဲ့ အခုကျင်းပမယ့် ရွေးကောက်ပွဲ တရားမျှတမှု ရှိဖို့သာ ကြီးကြပ်သင့်သလို စစ်ယူနီဖောင်းကနေ အရပ်ဝတ်ပြောင်းပြီး စစ်တပ်အာဏာနဲ့ ရွေးကောက်ပွဲကို ဝင်မယ်ဆိုရင် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဝါရင့် နိုင်ငံရေးသမားကြီးတွေကတော့ ပြောပါတယ်။ ဝါရင့်နိုင်ငံရေးသမားကြီး တဦးဖြစ်တဲ့ သခင်ချန်ထွန်းကို ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို စပြောပြပါတယ်။

“တပ်အနေနဲ့က နိုင်ငံရေးပါတီ သဘောမျိုး မဖြစ်သင့်ဘူး။ နိုင်ငံရေးပါတီ သဘောမျိုး လုပ်ရင်တော့ တိုင်းပြည် နစ်နာမှာပဲ။ စစ်တပ်က စစ်တပ်လို နေရမှာပေါ့။ စစ်တပ်က ဝန်ထမ်းပဲ။ ဝန်ထမ်းက ဝန်ထမ်းလို နေရမှာပေါ့။ ဝန်ထမ်းက နိုင်ငံရေးမှ မလုပ်ရဘဲ။ သူက ကြားနေပဲ။ အမှန်က စစ်တပ်ကလည်း ကြားနေပြီးတော့ နိုင်ငံရေးပါတီတွေ လွတ်လပ်စွာ ရွေးကောက်ပွဲမှာ လုပ်ကြရဲ့လား၊ မလုပ်ဘူးလား၊ တရားမျှတမှု ရှိလား၊ မရှိဘူးလား၊ သူက ဘေးက လုပ်ရမှာပေါ့။

“နိုင်ငံရေး လုပ်ချင်ရင် စစ်တပ်ကထွက်ပြီး သတ်သတ်လုပ်။ စစ်တပ်က နောက်ခံကြီးနဲ့ စစ်တပ်အင်အားနဲ့ ရွေးကောက်ပွဲ ဝင်တယ်ဆိုရင်တော့ ဒီရွေးကောက်ပွဲဟာ ဘယ်လိုလုပ် တရားမျှတတဲ့၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်တော့မလဲ။

“အရပ်ဝတ် ပြောင်းထားတော့လည်း သူတို့က အရပ်ဝတ် အနေနဲ့၊ ပါတီအနေနဲ့ ဝင်ရမှာပေါ့။ ဒီအချိန်မှာ စစ်တပ်အနေနဲ့က ကြားနေရမှာပေါ့။ သူတို့က စစ်တပ်နဲ့ မဆိုင်တော့ဘူးလေ။ စစ်တပ်က ထွက်သွားရင်တော့ စစ်သားလူထွက် ဖြစ်သွားပြီ။ ဖြစ်သွားရင် စစ်သားလူထွက်ပါတီ အနေနဲ့ တခြားပါတီတွေအတိုင်း အခွင့်အရေး အညီအမျှ ယူပြီးတော့ ရွေးကောက်ပွဲ ဝင်ဖို့ ဖြစ်မှာပေါ့။ စစ်တပ်က ဒီလူတွေကိုပဲ နိုင်အောင် အားပေးလာတယ် ဆိုရင်တော့ ဒါ တရားမျှတတဲ့၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလေ။

“အရေးကြီးတာ ကမ္ဘာကပါ အသိအမှတ်ပြုဖို့ လိုတာကိုး။ ကိုယ့်ဘာသာလုပ်ပြီး ကိုယ့်ဘာသာ နိုင်နေရုံနဲ့ မပြီးသေးဘူး။ အမှန် တရားမျှတ၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရကိုသာ ကမ္ဘာက လေးစားမှာ၊ လက်ခံမှာပေါ့။ အညီအမျှမယူဘဲ သူက စစ်တပ်ကထွက်ပြီး စစ်တပ်ကသာ ထွက်တာ၊ စစ်တပ်အာဏာနဲ့ စစ်တပ်ရဲ့ အကူအညီနဲ့ ရွေးကောက်ပွဲနိုင်အောင် လုပ်ရင်တော့ ဒါ ဘယ်လိုမှ ကမ္ဘာက အသိအမှတ်ပြုမှာ မဟုတ်ဘူးလေ။ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တော့ဘူး။”

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း ပြောသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG