သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းစစ်တပ်နဲ့ ရှပ်နီတွေကြား ထိပ်တိုက်ရင်ဆိုင်မှုကြောင့် စစ်သားတဦး သေဆုံး


<!-- IMAGE -->

ထိုင်းအစိုးရကို ဆန့်ကျင် ဆန္ဒပြနေကြတဲ့ အင်္ကျီနီဝတ် အတိုက်အခံ အင်အားစုတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေအကြား ဒီကနေ့ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တဲ့အတွက် လုံခြုံရေး စစ်သားတယောက် သေဆုံးပြီး ဆန္ဒပြသူ အနည်းဆုံး ၂၀ လောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ လက်ရှိ အခြေအနေမှာတော့ ဆန္ဒပြ အင်္ကျီနီဝတ်တွေက သူတို့ရဲ့ သပိတ်စခန်းကို ဆက်ဖွင့်ထားတုန်း ဆိုပေမဲ့ စစ်တပ်က မကြာခင်မှာ သူတို့ကို အပြတ်ရှင်းထုတ်ပစ်မလား ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ ထိုင်းနိုင်ငံရေး ပြဿနာတွေရဲ့ နောက်ဆုံး အခြေအနေကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြနေကြတဲ့ အင်္ကျီနီဝတ် အတိုက်အခံ အင်အားစုတွေနဲ့ လုံခြုံရေး စစ်သားတွေအကြား ဒီကနေ့ ဒွန်မောင်းလေဆိပ် အနီးမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် လုံခြုံရေး တပ်သားတယောက် သေဆုံးပြီး ဆန္ဒပြသူတွေဘက်က အနည်းဆုံး အယောက် ၂၀ လောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ လုံခြုံရေး တပ်သားတွေက ဆန္ဒပြသူတွေကို ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေအကြား အခုလို အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး ဘန်ကောက်မြို့ရဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ အနီးကပ် လေ့လာ စောင့်ကြည့်နေတဲ့ ကိုကျော်လင်းဦးက အခုလို ပြောပြပါတယ်။

“နောက်ဆုံး အခြေအနေက ဒွန်မောင်းဘက်မှာ သူတို့ ထိပ်တိုက်တွေ့တယ်။ စစ်သားနဲ့ အနီတွေနဲ့ ထိပ်တိုက်တွေ့တယ်။ စစ်သားထဲက တယောက်ကတော့ ခေါင်းကို သေနတ်ထိပြီး သေသွားတယ်ပြောတယ်၊ နေရာမှာတင်။ တခြားနေရာမှာတော့ ပစ်တာခတ်တာ မသိဘူး။ ဒါပေမဲ့ အခုဆန္ဒပြတဲ့ နေရာနဲ့ အနီးပတ်ဝန်းကျင်က လမ်းတွေကိုတော့ စစ်တပ်က ပိတ်ထားတယ်လို့ သိရတယ်။”

အင်္ကျီအနီဝတ် အတိုက်အခံတွေဘက်က ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့တုန်းက လုံခြုံရေး တပ်ဖွဲ့တွေ အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ မှတ်တမ်းတင် စီဒီအခွေတွေကို ဖြန့်ချိဖို့ ကြိုးစားတာကို လုံခြုံရေး တပ်ဖွဲ့တွေက တားဆီးတဲ့အချိန်မှာ နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုတွေ စတင်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“အခုဟာ မနက်က အနီတွေက သူတို့ရဲ့ နည်းဗျူဟာ အသစ်တခု လုပ်တယ်ပေါ့။ အဲဒါက သပိတ်စခန်း ဖွင့်ထားတဲ့ နေရာကနေ ဘန်ကောက်မြို့ထဲကို အဖွဲ့တွေ လွှတ်ပြီးတော့ ဧပြီ ၁၀ ရက်နေ့တုန်းက ဖြစ်တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်တဲ့ စီဒီတွေကို လိုက်ဝေမယ်လို့ ပြောတယ်။ ဒီနေ့မနက်မှာ သူတို့က ၃ ဖွဲ့ထွက်တယ်လို့ ပြောပါတယ်။ အဲဒီ ၃ ဖွဲ့စလုံးကို စစ်တပ်က ပိတ်ပြီး ရှင်းတဲ့အခါ ဒွန်မောင်းလေဆိပ် အဟောင်းနားမှာ အခုလို ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပြီး ပြဿနာတွေ တက်ရတဲ့ သဘောပါပဲ။”

ဘန်ကောက်မြို့မှာတော့ လုံခြုံရေး တပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို ဒီညမှာ အပြတ်ရှင်းထုတ်မလား ဆိုတဲ့ သတင်းတွေ ထွက်နေတယ်လို့ ဆိုပါတယ်။

“အရင် သပိတ်စခန်း ဖွင့်ထားတဲ့နေရာမှာ အနီတွေ ဆက်ပြီး ရှိနေပါသေးတယ်၊ အခုချိန်ထိ။ အားလုံးက ထင်တာကတော့ ဒီညကိုများ ရှင်းမလားလို့ ပြောနေကြတဲ့ဟာတော့ ကြားနေရပါတယ်။”

ဝန်ကြီးချုပ် အဘီဆစ် ဝိတ်ဂျာဂျီ၀ (Abhisit Vejjajiva) ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရ အဖွဲ့ဟာ လက်ရှိအခြေအနေမှာ နှုတ်ထွက်ပေးဖို့ အလားအလာ မရှိသလို အစိုးရနဲ့ ဆန္ဒပြသူတွေ အကြားမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ ထပ်လုပ်ဖို့ အလားအလာ မရှိဘူးလို့ ဆိုပါတယ်။

“အနီတွေနဲ့ အစိုးရကြားထဲမှာ တွေ့ဆုံဆွေးနွေးရေး ပုံစံမျိုးကတော့ ဆက်ပြီး မဖြစ်တော့ဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဟာ သူတို့ နောက်ဆုံး တောင်းဆိုချက်ဖြစ်တဲ့ ရက်ပေါင်း ၃၀ အတွင်း လွှတ်တော် ဖျက်သိမ်းပေးပါ ဆိုတဲ့ဟာကိုလည်း ဝန်ကြီးချုပ် အဘီဆစ်က ပယ်ချထားတဲ့ အခါကျတော့ ဒီ့အပြင် နောက်ထပ် ဆက်ပြီး ဆွေးနွေးစရာ မရှိတော့တဲ့ သဘောတော့ ရှိပါတယ်။ ဝန်ကြီးချုပ်က အခု နှုတ်ထွက်ပေးမယ့် သဘောတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို ပြီးခဲ့တဲ့ အပတ်တွေ လောက်ကတောင် သူ့အပေါ်မှာ ဖိအားတွေ သိပ်မရှိတဲ့သဘော ဖြစ်နေတယ်၊ အခုဟာက။

“ညွန့်ပေါင်းအစိုးရထဲမှာလည်း ကျန်တဲ့ ပါတီငယ်လေးတွေက သူ့ဘက်မှာပဲ ခိုင်ခိုင်မာမာ ရှိနေတုန်းပဲ။ စစ်တပ်ကလည်း သူ့ဘက်မှာပဲ ရှိနေတုန်းပဲပေါ့လေ။ ဆိုတော့ အားလုံးယူဆသလို စစ်တပ်နဲ့ အစိုးရကြားထဲ ကွဲနေတာမျိုး အခုထက်ထိ မတွေ့ရသေးပါဘူး။ ကျနော်ထင်တယ်၊ ဝန်ကြီးချုပ်က ရာထူးက နှုတ်ထွက်ပေးပြီး လွှတ်တော်ကို အလွယ်တကူ ဖျက်သိမ်းပေးမယ့် သဘောမျိုးတော့ မရှိသေးပါဘူး၊ လောလောဆယ်မှာ။”

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းကတော့ ကိုယ့်တာဝန် ကိုယ်ကျေပြွန်ကြဖို့ ထိုင်းတရားသူကြီးတွေ ခန့်အပ်တဲ့ အခမ်းအနားမှာ ထိုင်းဘုရင်မင်းမြတ်က ပြောကြားခဲ့တဲ့အတွက် နှစ်ဘက်စလုံးက အဲဒီမိန့်ခွန်းကို လိုသလို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုနေကြတယ်လို့ ဆိုပါတယ်။

အရင် ထိုင်းဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်း ဖြစ်ခဲ့တဲ့ ချာဗာလစ် ယောင်ချိုင်ယုဒ် (Chavalit Yongchaiyudh) က ထိုင်းဘုရင်မင်းမြတ် အနေနဲ့ လက်ရှိ တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး ပြဿနာတွေကို ကြားဝင် ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ ဘုရင်ကတော့ လက်ရှိ သွေးထွက်သံယို ဖြစ်နေတဲ့ ပဋိပက္ခတွေအပေါ် တိုက်ရိုက် တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ လက်ရှိအစိုးရ အသိုင်းအဝိုင်းကတော့ ချာဗာလစ်ဟာ ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ် ပြုတ်ကျအောင် နောက်ကွယ်ကနေ ကြိုးကိုင် လုပ်ဆောင်နေသူ ဖြစ်တယ်လို့ စွပ်စွဲပြောဆိုနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG