သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ


စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ
စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ

နိုင်ငံနဲ့ လူမျိုးအတွက် ထမ်းဆောင်ရမယ့် တာဝန်တွေကို ဝတ္တရား ကျေပြွန်အောင် မဆောင်ရွက်ခဲ့တဲ့အတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တရားစွဲဆိုလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ပြောပြပါတယ်။ ဘာအမှုနဲ့ တရားစွဲဆိုလိုက်သလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးကြည်ဝင်းက အခုလို ပြောပြခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် စွဲခိုင်းတဲ့အမှုက တရားမ အထွေထွေ လျှောက်လွှာ။ အင်္ဂလိပ်လိုတော့ Civil Miscellaneous Application၊ အရေးယူတဲ့ ပုဒ်မက၊ စွဲတဲ့ပုဒ်မက သီးခြားသက်သာခွင့် အက်ဥပဒေ ပုဒ်မ ၄၅ နဲ့ ၅၄ တို့အရ စွဲဆိုတာ။ သီးခြားသက်သာခွင့် အက်ဥပဒေ ပုဒ်မ ၄၅ ဆိုတာက အာဏာပိုင်ပဲဖြစ်ဖြစ်၊ ဝန်ထမ်းပဲဖြစ်ဖြစ် ဥပဒေပြဋ္ဌာန်းချက် တရပ်ရပ်အရ လုပ်ရမယ့် တာဝန်ကို မလုပ်ဘဲ ပျက်ကွက်နေရင် အဲဒီဟာကြောင့် နစ်နာသူတယောက်က တရားရုံးကိုသွားပြီး ကဲ ပုဒ်မ ၄၅ နဲ့ အဲဒီအာဏာပိုင်ကို သူ့မှာရှိတဲ့ တာဝန်ကို လုပ်ဆောင်စေဆိုတဲ့ ဒီဂရီအမိန့် ချပေးပါဆိုပြီး လျှောက်တယ်။ အဲဒါက သီးခြားသက်သာခွင့် ဥပဒေ ပုဒ်မ ၄၅။

“ပြန်ပြောရင် အာဏာပိုင် တရပ်ရပ် သို့မဟုတ် ဝန်ထမ်းတဦးဦးသည် ဥပဒေအရ လုပ်ရမယ်ဆိုတဲ့ တာဝန်ကို မလုပ်ဘဲ ပျက်ကွက်နေလို့ရှိရင် အဲဒီမှာ နစ်နာသူက နေပြည်တော် တရားရုံးကို သွားပြီးတော့ အဲဒီတာဝန်ကို လုပ်ဆောင်ပေးစေဆိုတဲ့ ဒီဂရီကို ချပေးပါ၊ အမိန့်ပေးပါဆိုပြီး လျှောက်တာ။”

ဒါ့အပြင် ၁၉၉၀ ရွေးကောက်ပွဲ ဥပဒေအရ စစ်အစိုးရ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့လွှတ်တော် ခေါ်ယူရေးကိုလည်း ပျက်ကွက်ခဲ့တာကြောင့် အရွေးကောက်ခံ လွှတ်တော်အမတ်တွေ ဖြစ်ကြတဲ့ NLD ဥက္ကဋ္ဌ ဦးအောင်ရွှေနဲ့ CEC အဖွဲ့ဝင် ဦးဉာဏ်ဝင်းအပါအဝင် အရွေးကောက်ခံ လွှတ်တော်အမတ် ၂၆ ယောက် တို့က စစ်အစိုးရကို ပုဒ်မ ၄၂ နဲ့ တရားစွဲဆိုလိုက်တယ်လို့လည်း ဦးကြည်ဝင်းက အခုလို ဆက်ပြောပြခဲ့ပါတယ်။

“ဒီတခါကျတော့ ၄၂၊ မြွက်ဟ ကြေညာပေးဖို့ Declaratory Decree ပေါ့၊ အဲဒါကို စွဲတာ။ ဘာကို မြွက်ဟစေချင်တာလဲ ဆိုတော့ သူတို့သည် ၁၉၉၀ ပြည့်နှစ်က နအဖကပဲ၊ နဝတပေါ့ဗျာ အဲဒီအချိန်က၊ ဒါပေမဲ့ နအဖကပဲ ဆက်ခံတာ၊ အဲတော့ ဒီအစိုးရကပဲ ကျင်းပပြုလုပ်တဲ့ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ ပြည်သူတွေက သူ့မဲဆန္ဒနယ်နဲ့သူ ရွေးကောက် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်များ၊ တနည်းအားဖြင့် ဒီကနေ့ထိအောင် တရားဝင် ကိုယ်စားလှယ်များ ဖြစ်တယ်ဆိုတဲ့ အကြောင်းကို မြွက်ဟကြေညာပါ။ ဒါပဲ။

“မြွက်ဟကြေညာ ၄၂ အရ စွဲရင် သူက ဆက်ပြီးတော့ နောက်ဆက်တွဲ အကျိုးဆက် သက်သာခွင့်ကို တောင်းရမယ်။ နောက်ဆက်တွဲ အကျိုးဆက် သက်သာခွင့်က လွှတ်တော်ကို ခေါ်ပေးပါ၊ စောစောကပြောတဲ့ ပုဒ်မနဲ့ အဲဒီလို ပြန်ပြီး စွဲထားတယ်။”

ဒီနေ့ အခုလို တရားစွဲဆိုမှုကို ဗဟိုတရားရုံးမှာ တင်သွင်းခဲ့ပြီး ဒီအမှုကို လက်ခံ၊ မခံ ဆိုတာကိုတော့ မနက်ဖြန် သောကြာနေ့မှာ သိရမှာ ဖြစ်တယ်လို့ ဦးကြည်ဝင်းက ပြောပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG