သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်အာရှ ထိပ်သီးညီလာခံ မြန်မာဝန်ကြီး လေ့လာသူအဖြစ် တက်ရောက်


SAARC လို့ခေါ်တဲ့ တောင်အာရှနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကြီးရဲ့ ထိပ်သီး ညီလာခံမှာ မြန်မာနိုင်ငံကို လေ့လာသူ နိုင်ငံအဖြစ် တက်ရောက်ခွင့် ပြုလိုက်ပါတယ်။ တချိန်တည်းမှာပဲ ဒီညီလာခံမှာ တရုတ်နိုင်ငံကိုပါ လေ့လာသူ နိုင်ငံအဖြစ် တက်ရောက်ခွင့် ပြုလိုက်တဲ့အတွက် ဒေသတွင်း အင်အားကြီး နှစ်နိုင်ငံ ဖြစ်ကြတဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က ဒီအဖွဲ့ကြီးကို အခြေပြုပြီး ဒေသတွင်း ပြဿနာတခုဖြစ်တဲ့ မြန်မာ့အရေးကိုပါ ညှိနှိုင်း လုပ်ဆောင်မှုတွေ ရှိလာနိုင်တယ်လို့ မြန်မာ့အရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဘူတန်နိုင်ငံ သင်မ်ဖူး (Thimphu) မြို့မှာ ကျင်းပနေတဲ့ ၁၆ ကြိမ်မြောက် SAARC တောင်အာရှနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့ ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံကို လေ့လာသူအဖြစ်နဲ့ တက်ရောက်နိုင်ဖို့ အိန္ဒိယနိုင်ငံက ဦးဆောင် ကြိုးပမ်းခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံနည်းတူ ဒီညီလာခံကို လေ့လာသူအဖြစ် တက်ရောက်ခွင့်ရတဲ့ နိုင်ငံကတော့ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက အတိုင်းအတာ တခုထိ သြဇာလွှမ်းမိုးထားတဲ့ ဒီ တောင်အာရှနိုင်ငံများ ပူပေါင်းဆောင်ရွက်ရေး အဖွဲ့ထဲမှာ တရုတ်နိုင်ငံကို အခုလို လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုတာ ထူးခြားတဲ့အကြောင်း NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ အဖွဲ့က ဝန်ကြီး ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းတဲ့ နိုင်ငံတကာ စင်မြင့်တခု ဖြစ်လာပါလိမ့်မယ်။ ဒါလည်း ကျနော်ကတော့ ဒီလိုဖြစ်လာတာ အားပေးတယ်။ ဒီလိုစင်မြင့်တွေ ရှိလာမှသာလျှင် ဒေသတွင်းမှာဖြစ်တဲ့ နိုင်ငံရေး အခြေအနေ၊ စီးပွားရေး အခြေအနေ၊ လုံခြုံရေး အခြေအနေတွေကို ပြောစရာ၊ ဆိုစရာ ရတာကိုး။ မြန်မာပြည် အရေးကိစ္စဘက်က ကြည့်ရင် မြန်မာပြည်အရေးကတော့ ပြည်တွင်းမှာ သူတို့လုပ်ချင်တိုင်း လုပ်နေတာ။ နိုင်ငံတကာ ထွက်လိုက်ရင်တော့ ကျယ်ကျယ်မပြောရင်တောင် တိုးတိုးပြောတာတို့၊ တိတ်တိတ်ပြောတာတို့ ကြားလာရမယ့် အနေအထား ရှိတယ်။ တရုတ်ရော၊ အိန္ဒိယရောကလည်း မြန်မာနိုင်ငံအပေါ်မှာ ဒီစင်မြင့်ကို သုံးပြီးတော့ တစုံတရာတော့ သူတို့ ကစားကြမယ်လို့ ထင်ရတာပဲ။”

တရုတ်နိုင်ငံကတော့ တောင်အာရှ နိုင်ငံတွေနဲ့ ပူးပေါင်း လုပ်ဆောင်သွားဖို့ ဒီညီလာခံမှာ အဆိုပြုလိုက်ပြီး SAARC အဖွဲ့ရဲ့ ဖွံ့ဖြိုးမှု ရန်ပုံငွေထဲ အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ လှူဒါန်းမယ့်အကြောင်း တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက အဖွဲ့ညီလာခံမှာ ပြောခဲ့ပါတယ်။

SAARC အဖွဲ့က မြန်မာ၊ တရုတ်၊ သြစတြေးလျ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံပေါင်း ၉ နိုင်ငံကို ဒီညီလာခံမှာ လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုပြီး နောင်မှာ အဖွဲ့ကြီးကို တိုးချဲ့နိုင်ဖို့ စီစဉ်နေပေမဲ့ ဒီအဖွဲ့ဟာ တခြား အဖွဲ့အစည်းတွေနဲ့ နှိုင်းယှဉ်ရင် တိုးတက်မှုအရှိန် နည်းနေသေးတယ်လို့ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

“SAARC ဒေသတွင်း နိုင်ငံတွေ စုဝေးတဲ့ အစည်းအဝေးက ဖွဲ့တာလည်း ကြာပြီ၊ ဒါပေမဲ့ သူ့နောက်မှ ဖွ့ဲခဲ့တဲ့ မြန်မာ ပါနေတဲ့ အာဆီယံလောက် လက်ရှိ တိုးတက်မှုအရ ပြောရင် တော်တော်လေး နှေးနေတယ်။ အဲဒီအချိန်မှာ အဓိက နှေးနေတာကတော့ ပြောရရင် SAARC ထဲမှာ ပါနေတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်အရေးက အရှေ့က ပြေးနေတော့ သူတို့နှစ်နိုင်ငံ ဆက်ဆံရေး ခက်နေတဲ့ အချိန်မှာ တခါတလေ SAARC အစည်းအဝေး ဖြစ်တောင် မဖြစ်ဘူး။

“အဲဒီလို အခြေအနေမျိုးမှာ SAARC ကလည်း ဖြစ်ပေါ်တိုးတက်မှု သဘောအရ နိုင်ငံတွေ ထပ်တိုးဖို့ ကြိုးစားတဲ့ အစီအစဉ်မှာ အာဖဂန်နစ္စတန်နဲ့ မြန်မာက လေ့လာစောင့်ကြည့်သူ အဆင့် ရသွားတယ်။ ဒီတခါတော့ တခြားနိုင်ငံတွေလည်း ပါတယ်ပေါ့လေ။”

အိမ်နီးချင်းနိုင်ငံလည်းဖြစ် သူ့အတွက် အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ပေါင်းကူးတံတားလိုလည်း ဖြစ်နေတဲ့ မြန်မာနိုင်ငံ SAARC အဖွဲ့ထဲမှာ ပါလာရင် ကုန်သွယ်ရေးနဲ့ တခြား ဆက်သွယ်ရေး လုပ်ငန်းတွေ ပိုအဆင်ပြေလာမှာမို့ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ ဒီအဖွဲ့ထဲ ပါလာရေး ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိ SAARC အဖွဲ့ရဲ့ ဖွဲ့စည်းပုံအရ မြန်မာနဲ့ တခြားနိုင်ငံတွေ အဖွဲ့ဝင် ဖြစ်လာဖို့က သိပ်မလွယ်ဘူးလို့ အဖွဲ့ဝင် နိုင်ငံတွေက သံတမန်တွေက ထောက်ပြ ပြောဆိုနေကြပါတယ်။

ဘူတန်နိုင်ငံ သင်မ်ဖူးမြို့မှာ ဧပြီလ ၂၈ နဲ့ ၂၉ ရက်တွေမှာ ညီလာခံ ကျင်းပနေတဲ့ SAARC အဖွဲ့မှာ အိန္ဒိယနဲ့ ပါကစ္စတန် အပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း ၇ နိုင်ငံရှိပြီး အဖွဲ့ရဲ့ ပဋိညာဉ်စာတမ်းကို လက်မှတ်ထိုးတဲ့ ၁၉၈၅ ခုနှစ်မှာပဲ ဒီအဖွဲ့ကို စတင် တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG