သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရအပေါ် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုမှု တရားရုံးချုပ် စတင်ကိုင်တွယ်


စစ်အစိုးရအပေါ် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုမှု တရားရုံးချုပ် စတင်ကိုင်တွယ်
စစ်အစိုးရအပေါ် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုမှု တရားရုံးချုပ် စတင်ကိုင်တွယ်

မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံနဲ့လူမျိုးအတွက် ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားတွေကို ကျေပွန်အောင် မဆောင်ရွက်ခဲ့တဲ့အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က တရားစွဲဆို လိုက်တဲ့အမှုကို ကြားနာသင့်မသင့် ဆိုတာ ရန်ကုန်တိုင်း တရားရုံးကနေ ပြန်လည်သုံးသပ်နေတယ်လို့ အကျိုးဆောင် ရှေ့နေတွေက ပြောပါတယ်။ အကြောင်းစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

တရားစွဲဆိုထားတဲ့အမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေက မနေ့က ရန်ကုန်တိုင်းတရားရုံးမှာ သွားတင်ခဲ့ကြတာပါ။ အဲဒီမှာ တရားရုံးတာဝန်ရှိသူတွေက ဒီကနေ့ အကြောင်းပြန်ကြားမယ်လို့ ပြောလိုက်တဲ့အတွက် တရားရုံးချုပ်ကို ဒီကနေ့ သွားခဲ့ကြတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

"ကျနော်တို့ နေ့ခင်း ၁ နာရီမှာ သူတို့ ချိန်းထားတဲ့အတိုင်း သွားပါတယ်။ အဲဒီမှာ တရားရုံးချုပ်က ဒုတိယ ညွှန်ကြားရေးမှူးက ပြောပါတယ်။ ဒီကိစ္စတွေကို သူတို့ ဆက်လက်ဆောင်ရွက်နေတယ်၊ အဲဒါ အခြေအနေကို ပြန်ပြီးတော့ ကျနော်တို့ဆီကို အကြောင်းကြားပါ့မယ်။ ကျနော်တို့ ဖုန်းနံပါတ်နဲ့ လိပ်စာလေးတွေ ပေးခဲ့ပါဆိုလို့ ကျနော် အဲဒါပေးခဲ့တယ်။ ကျနော်တို့က လည်း မေးပါတယ်။ ကျနော်တို့ ဘယ်လောက် စောင့်ရမလဲ အကြောင်းကြားတာကို ဆိုတော့ အဲဒါတော့ သူတို့လည်း မသိတော့ မဖြေနိုင်ကြဘူး။ ဒီနေ့ ဘာမှအဖြေမထွက်သေးဘူးပေါ့ဗျာ။ ကျနော်တို့ စောင့်ရဦးမယ့်သဘောပေါ့။"

အကျိုးဆောင် ရှေ့နေတွေက စုစုပေါင်း အမှု ၂ မှုကို မနေ့တုန်းက တင်ခဲ့ကြတာဖြစ်ပါတယ်။ တမှုကတော့ ဒေါ်အောင်ဆန်းစုကြည်က တင်တာဖြစ်ပြီး နောက်တခုကတော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ လွှတ်တော် အမတ်တွေက တင်တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တင်တဲ့အမှုကတော့ စစ်အစိုးရဝန်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ နိုင်ငံနဲ့လူမျိုးအတွက် ထမ်းဆောင်ရမယ့်တာဝန်တွေကို ဝတ္တရား ကျေပွန်အောင် မဆောင်ရွက်ခဲ့တဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ လွှတ်တော်အမတ်တွေ တင်ထားတဲ့အမှုကတော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ဥပဒေတွေအရ စစ်အစိုးရ ပြဌာန်းခဲ့တဲ့ ပြည်သူ့လွှတ်တော်ခေါ်ယူရေး ပျက်ကွက်ခဲ့တဲ့ နစ်နာသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက အဲဒီတာဝန်ကို လုပ်ဆောင်ပေးစေလိုတဲ့ ဒီဂရီချပေးဖို့ ဆိုတဲ့ အမှုဖြစ်ပါတယ်။

ဒါနဲ့တဆက်တည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ပြင်ဖို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့က မနေ့က ခွင့်ပြုချက် ချပေးခဲ့တဲ့အတွက် သက်ဆိုင်သူ ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်ဂျင်နီယာတွေ ညှိနှိုင်း တိုင်ပင် ရအောင် တွေ့ဆုံခွင့်ပေးဖို့ အာဏာပိုင်တွေထံကို တောင်းဆိုထားတဲ့အကြောင်း ဦဉာဏ်ဝင်းက ပြောပါတယ်။

"ပြင်ဆင်ခွင့်က ခွင့်ပြုပြီ။ ဒေါ်အောင်ဆန်းစုကြည်က under arrest (နေအိမ်အကျယ်ချုပ်) ဖြစ်တော့ သူ့မှာ လုံခြုံရေး ရှိတယ်။ သူတို့ခွင့်ပြုမှ အလုပ်သမား ဝင်ရတာတို့၊ ပစ္စည်းသယ်ရတာတို့ ဒါတွေ ရှိတယ်။ အဲဒါကြောင့် အဲဒါတွေအတွက် ကျနော်တို့ တင်ပြထားတာပါ။"

ရန်ကုန်စည်ပင်သာယာက နေအိမ်ပြင်ဆင်ခွင့် ပြုပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်လုံခြုံရေး တာဝန်ယူထား သူတွေရဲ့ ခွင့်ပြုချက် ရဖို့အပြင် တခြားအာဏာပိုင် အဆင့်ဆင့်ထံကနေ ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေရတဲ့အကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG