သုံးရလွယ်ကူစေသည့် Link များ

လက်ရှိဝန်ကြီးချုပ် ပါတီထောင်သည့်ကိစ္စ ဥပဒေကို ချိုးဖောက်


မြန်မာစစ်ကောင်စီက ခန့်အပ်ထားတဲ့ လက်ရှိဝန်ကြီးချုပ် ကိုယ်တိုင် နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ လုပ်လာတာဟာ ကိုယ်ပြန်ဌာန်းထားတဲ့ ဥပဒေဆိုတာကို ကိုယ်တိုင်ပြန်ပြီး ချိုးဖောက်တာပဲဖြစ်တယ်လို့ အခြေခံဥပဒေ ရေးရာ ကျွမ်းကျင်သူ ဥပဒပညာရှင်တယောက်က ဝေဖန်ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို အားနည်းစေသလို ရွေးကောက်ပွဲဝင်မယ့် တခြားပါတီတွေအတွက်လည်း ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ထောက်ပြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရလက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်ဟာ စစ်တပ်ရာထူး ကနေအနားယူပြီး ဦးသိန်းစိန်အဖြစ် ပြောင်းလဲလိုက်ပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ သူအပါအဝင် တခြား စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ နိုင်ငံရေး ပါတီတခုကို ဖွဲ့စည်းလိုက်တာပါ။ အဲဒီပါတီရဲ့ နာမည်ကလဲ မြန်မာစစ်ကောင်စီက လူမှုရေးအဖွဲ့အစည်းဆိုပြီး ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်း (USDA) နဲ့ နာမည်ဆင်တူ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ဖြစ်နေပါတယ်။

ဒီလိုလုပ်တာဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားတဲ့ အမိန့်ကို ချိုးဖောက်ရာကျတယ်လို့ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနား တက္ကသိုလ်၊ ဒီမိုကရေစီ အခြေခံဥပဒေဌာနက ဥပဒေ ဘွဲ့လွန်ပါရဂူ သုသေသီ ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန်က ထောက်ပြပါတယ်။

"နိုင်ငံရေးမှတ်ပုံတင်ခြင်းဥပဒေပေါ့နော်၊ သူတို့အခေါ် ဥပဒေပေါ့။ ကျနော့်အခေါ်တော့ အမိန့်ပေါ့။ ပုဒ်မ (၄/ဃ) မှာ နိုင်ငံ ဝန်ထမ်း မဟုတ်သူများလို့ သေချာပြဌာန်းထားတယ်။ နောက်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ (၂၆/က) မှာ နိုင်ငံဝန်ထမ်း များသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည် ဆိုပြီးတော့ အတိအလင်း ပြဌာန်းထားတယ်။ ဆိုတော့ ဝန်ကြီးချုပ် ဦးသိန်းစိန် နဲ့ အဖွဲ့တွေ ကြံ့ဖွံ့ပါတီအဖြစ် ပါတီဖွဲ့ပြီးဝင်မယ်ဆိုတာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ် ထိုးပြီးတော့ ထုတ်ပြန် လိုက်တဲ့ ရွေးကောက်ပွဲ အမိန့်တွေကို မလေးစားရာလည်း ကျတယ်။ ၂၀၀၈ အခြေခံဥပဒေကိုလည်း ချိုးဖောက်ရာကျတယ် လို့ ကျနော်ကတော့ မြင်ပါတယ်။"

ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ လွှတ်တော် အသီးသီးမှာ ၂၅ ရာခိုင်နှုန်း ပါဝင်ခွင့် ကို အခြေခံဥပဒေမှာ အတိအလင်း ပြဌာန်းထားပြီးသား ဖြစ်ပါတယ်။ အဲဒီ ၂၅ ရာခိုင်နှုန်းအပြင်ကို နောက်ထပ်နေရာတွေ ရယူနိုင်ဖို့ စစ်တပ်ကို ကျောထောက်နောက်ခံ ပြုမယ့်သူတွေ နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မယ်ဆိုတာ အရင်ကတည်းက တွက်ထားပြီးသားဖြစ်ပေမဲ့ အခုလို လက်ရှိဝန်ကြီးချုပ် ကိုယ်တိုင် စစ်တပ်ကထွက်ပြီး ပါတီထောင် ရွေးကောက်ပွဲဝင်ဖို့ လုပ်တာကတော့ အင်မတန် ဆိုးရွားလွန်းတယ်လို့ ဒေါက်တာငွန်ကျူံးလျန်က ပြောပါတယ်။

"အခုလို ကိုယ်ထုတ်ထားတဲ့အမိန့်၊ ကိုယ်ထုတ်ထားတဲ့ ဥပဒေကိုမှ မလိုက်နာဘဲ ဝန်ထမ်းဖြစ်လျက်သားနဲ့ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ လုပ်တာ တော်တော်ကို ရိုင်းစိုင်းတဲ့အလုပ်ဖြစ်တယ်။ အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် ရွေးကောက်ပွဲမှာ ပါဝင်ခြင်း၊ မဲပေးခြင်း၊ ပါတီထောင်ခြင်းတွေဟာ ဒီမိုကရေစီစနစ် မြန်မာပြည်မှာ ပြန်လည်ရှင်သန်ရေးအတွက် တိုက်ပွဲဝင်တဲ့ လုပ်ရပ်တခု အနေနဲ့မြင်တဲ့ နိုင်ငံရေးပါတီတွေ၊ နောက်ပြီးတော့ မဲပေးချင်တဲ့သူတွေ အတွက်လည်း တော်တော်ကို နစ်နာစရာ ဖြစ်လာတယ်။ နောက်ပြီးတော့ တဖက်က လုပ်တဲ့သူတွေအတွက်လည်း တော်တော်ကို ရိုင်းစိုင်းတဲ့အလုပ်တခု ဖြစ်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။"

အခုလုပ်ရပ်ဟာ နဂိုကတည်းက ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်ထားတဲ့ပါတီတွေ၊ လူပုဂ္ဂိုလ်တွေအတွက် ဘာမှ ထူးခြားမှုရှိမှာ မဟုတ်ပေမဲ့ ရွေးကောက်ပွဲဟာ မြန်မာ့ ဒီမိုကရေစီရေး ပြောင်းလဲမှုဖြစ်စဉ်အတွက် မဖြတ်မဖြစ် ဖြတ်သန်းရမယ့် အဆင့် ဖြစ်တယ်၊ ကာလရှည်ကြာ စစ်အစိုးရအုပ်ချုပ်ရေးကနေ အရပ်သားအစိုးရတရပ် ပေါ်လာဖို့အခွင့်အရေးကို ဘယ်လိုပဲ ဖြစ်ဖြစ် အမိအရ ဆုပ်ကိုင်သင့်တယ်လို့ ယူဆပြီး ရွေးကောက် ပွဲဝင်ဖို့ ပြင်ဆင်နေသူတွေ အတွက်ကတော့ ဦးသိန်းစိန် တဖြစ်လဲ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်တို့လုပ်ရပ်ကြောင့် ရထိုက်တဲ့ အခွင့်အရေးလေးတောင် ဆုံးရှုံးမယ့်အရေး ဖြစ်နေတယ်လို့ ဒေါက်တာ ငွန်ကျူံးလျန်က သုံးသပ်ပါတယ်။

"ရွေးကောက်ပွဲဝင်မယ့်ပါတီတွေ အတွက်တော့ အခု သိန်းစိန်တို့ လုပ်လိုက်တဲ့ကိစ္စက တော်တော်ကို တပူပေါ် ဆယ်ပူဆင့် နအဖရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကြောင့် ရသင့်ရထိုက်တဲ့ အခွင့်အရေးလေးတွေထဲက အခွင့်အရေးတွေ အများကြီး ဆုံးရှုံးစရာ ဖြစ်လာတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ဝင်တဲ့အချက်ကို တော်လှန်ရေးတရပ်အနေနဲ့ စဉ်းစားပြီး ဆက်လက်လှုပ်ရှားလိုတဲ့ နိုင်ငံရေး ပါတီတွေ အနေနဲ့လည်း အဲဒီအချက်ကြောင့် သူတို့ မရပ်သင့်ဘူးလို့ ကျနော် ထင်ပါတယ်။"

ဒီနှစ်အတွင်း ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေဟာ မြန်မာစစ်အာဏာပိုင်တွေက အတင်းအဓမ္မ အတည်ပြုခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အတည်ဖြစ်စေမှာဖြစ်ပြီး ရွေးကောက်ပွဲ ဥပဒေတွေဟာလည်း လုံး၀ တရားမျှတမှု မရှိတဲ့အတွက် ရွေးကောက်ပွဲမှာ ဝင်မပြိုင်ဘူး၊ မဲမပေးဘူးဆိုတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေရှိသလို ကိုယ့်ရဲ့ မဲပေးပိုင်ခွင့်ကို ထိထိ ရောက်ရောက် အသုံးချလိုသူတွေလည်း ရှိနေပါတယ်။ ဒီ ဘက်နှစ်ဘက်လုံးဟာ တဘက်ရဲ့ရပ်တည်ချက်ကို တဘက်က အသိအမှတ် ပြုသင့်တယ်လို့ ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန်က အကြံပေးပါတယ်။

"ရွေးကောက်ပွဲမှာ အသည်းကြားက မဲတပြားကို မဲရုံမှာသွားပြီး မဲပေးခြင်းဖြင့် ဒီမိုကရေစီစနစ် ရရှိရေး တိုက်ပွဲဝင်လိုတဲ့ ပြည်သူတွေ အတွက်လည်း နအဖရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ထိုင်ကြည့်နေမယ့်အစား ဆန္ဒမဲပေးခြင်းဖြင့် တိုက်ပွဲဝင်လိုတဲ့ ရပ်တည်ချက်ကို ဆက်လက် လုပ်ဆောင်သင့်တယ်လို့ မြင်တယ်။ တဘက်ကလည်း မဲမပေးခြင်း ပါတီမထောင်ခြင်း နိုင်ငံရေးတိုက်ပွဲ ဝင်လိုတဲ့သူတွေလည်း အခြားသူတွေရဲ့ ခံယူချက် ရပ်တည်ချက်ကို လေးစားသင့်တယ်လို့ ကျနော် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲပေးခြင်း မပေးခြင်းဟာ လူတဦးတယောက်ရဲ့ ပင်ကိုအခွင့်အရေး ဖြစ်တယ်။ အဲဒီတော့ မဲပေးခြင်းဖြင့် တိုက်ပွဲဝင်လိုတဲ့သူကိုလည်း မဲမပေးခြင်းးဖြင့် တိုက်ပွဲဝင်လိုသူက မှားတယ်မှန်တယ် ပြောလို့မရသလို၊ မဲမပေးလိုတဲ့သူကိုလည်း မဲပေးခြင်းဖြင့် တိုက်ပွဲဝင်လိုသူက မှားတယ်မှန်တယ်လို့ မပြောသင့်ဘူးလို့ ကျနော်ကတော့ ယူဆပါတယ်။"

အခု ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန် ဦးဆောင်တဲ့ USDP ပါတီကို နိုင်ငံရေး ပါတီအဖြစ် အတည်ပြုပေးဖို့ စဉ်းစားတဲ့ နေရာမှာ ရွေးကောက်ပွဲကော်မရှင် လူကြီးတွေဟာ သမိုင်းအမည်းစက် ထင်ကျန်မယ့်အရေးကို ထည့်သွင်း စဉ်းစားရမယ်လို့လည်း ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန်က အဆိုပြုသွားပါတယ်။

အခုအချိန်ထိတော့ ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်ဟာ လက်ရှိဝန်ကြီးချုပ်ရာထူးက နုတ်ထွက်မယ့် အလားအလာမျိုး မတွေ့ရသေးသလို သူ့ရဲ့ USDP ပါတီနဲ့ USDA ပြည်ခိုင်ဖြိုးအဖွဲ့တို့အကြား အဆက်အစပ်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG