သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ဦးခင်မောင်ဆွေရဲ့ သဘောထားအမြင် သုံးသပ်ချက်


NLD ဦးခင်မောင်ဆွေရဲ့ သဘောထားအမြင် သုံးသပ်ချက်
NLD ဦးခင်မောင်ဆွေရဲ့ သဘောထားအမြင် သုံးသပ်ချက်

မေလ (၆) ရက်နေ့ တည်ဆဲပါတီတွေ ပြန်လည်မှတ်ပုံတင်ဖို့ သတ်မှတ်ရက်ကျော်လွန်သွားရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ တရားဝင်ပါတီအဖြစ်ကနေ ရပ်စဲခံရမယ့် အနေအထားမှာ ရှိနေပါပြီ။ ပါတီ ဗဟိုအလုပ်အမှုဆောင် တဦး ဖြစ်သူ ဦးခင်မောင်ဆွေ ကတော့ သူတဦးတည်းအနေနဲ့ တသီးပုဂ္ဂလ (သို့မဟုတ်) ပါတီသစ်ထောင်ဖို့ ဆန္ဒမရှိပေမဲ့ နိုင်ငံရေး ပါတီတခုရဲ့ တာဝန်တရပ်အနေနဲ့ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲမှာ အခြေခံဥပဒေတွေကို လက်တွေ့ကျကျ တောင်းဆို လိုတဲ့ သူတွေနဲ့အတူ ရှိနေပါတယ်လို့ ပြောဆိုပါတယ်။ မြန်မာစစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ဦးဆောင်ပြီး ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီအဖြစ် မှတ်ပုံတင်ခြင်းကို ချက်ချင်းမဝေဖန်သေးဘဲ စောင့်ကြည့်ဖို့လိုမယ်လို့ ပြောဆိုပါတယ်။

ဦးခင်မောင်ဆွေ ။ ။ နိုင်ငံရေးတာဝန်ကို ဆက်ထမ်းတယ်ဆိုရင် ပါတီနိုင်ငံရေးအမြင်နဲ့ ပါတီတရပ်အသွင်သဏ္ဍာန်နဲ့ ပြောမယ်ဆိုရင် ရွေးကောက်ပွဲ ဖြတ်သန်းဖို့ဆိုတာ အမှန်တကယ်ရှိနေတဲ့ အနေအထားတရပ်ပါ။ သို့သော်လည်း ပါတီ ဖျက် လိုက်ပြီးတဲ့အခါကျတော့ နိုင်ငံရေးပါတီကို ဆက်ထမ်းဆောင်မယ်ဆိုရင် နိုင်ငံရေးတာဝန်ထမ်းဖို့အတွက် ပြည်သူကြား ထဲမှာ စောင့်ကြည့်ပြီးတော့ နိုင်ငံရေးအကွက်တွေဆိုက်တဲ့အခါမှာ လှုပ်ရှားဖို့ပါ။ အဲဒီတော့ နိုင်ငံရေးကို စဉ်ဆက်မပြတ် လေ့လာ ပြီးတော့ ပြည်သူနဲ့အတူကြည့်ပြီးတော့ မိမိတို့ ရသင့်ရထိုက်တဲ့ နိုင်ငံရေးတံခါးပေါက်တွေ ထွက်ပေါ်လာတဲ့အခါ ဒီ တံခါးပေါက်တွေကဝင်ပြီး ပြည်သူအတွက် အကျိုးဆောင်ဖို့ရာ ပါတီမရှိတော့လည်း လုပ်နိုင်တဲ့အနေအထားတွေ ရှိတယ် ဆိုတာ ကျနော်တို့ ပါတီဖျက်ပြီးတဲ့အခါ နိုင်ငံရေးပဲလုပ်မယ်ဆိုပြီး စောင့်နေတဲ့အဖွဲ့တွေ ရှိနေတာ အထင်အရှားပါ။

ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံရေးပါတီတရပ်အနေနဲ့ အဓိက ရည်မှန်းချက်ကတော့ ရွေးကောက်ပွဲဝင်ပြီးတော့ အမျိုးသား တာဝန်ကို ထမ်းဆောင်ဖို့ပေါ့။ ဒီနေရာမှာ အခုလက်ရှိ ရွေးကောက်ပွဲကို အခြေခံပြီးလုပ်မယ့် အခြေခံဥပဒေတွေနဲ့ စည်းကမ်းချက်တွေဟာ တရားမျှတမှုမရှိဘူးဆိုတဲ့ ဆုံးဖြတ်ချက်တွေအရ ဒီလို တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲကို မဝင်ဘူးလို့ ဆုံးဖြတ်တဲ့အတွက်ကြောင့် သူရဲ့ နောက်ဆက်တွဲအကျိုးသက်ရောက်မှုအနေနဲ့ ပါတီကို ဖျက်သိမ်းရမယ်၊ ဖျက်သိမ်းခံရမယ်ဆိုတဲ့ သဘောဖြစ်နေတယ်။ ရွေးကောက်ပွဲကို ဒီလိုမျှတမှုမရှိတဲ့ အခြေခံတွေနဲ့ မျက်စိစုံမှိတ်ပြီး ဝင်ရောက် သင့်တယ်လို့ ဆရာတို့အနေနဲ့ ယူဆလို့လား။

ဦးခင်မောင်ဆွေ ။ ။ အဲဒီ မေးခွန်းကတော့ ဘယ်မှာသွားပြီး အဖြေကတည်နေသလည်းဆိုတော့ အခြေခံဥပဒေဟာ အန်အယ်လ်ဒီ မဝင်တာ အခြေခံဥပဒေက တရားမျှတမှုမရှိဘူး၊ ထွက်လာတဲ့ ရွေးကောက်ပွဲဥပဒေ (၅) ခုကလည်း တရား မျှတမှုမရှိ လက်မခံနိုင်လို့ ပါတီကိုဖျက်ပြီး ပါတီမှတ်ပုံတင် ဆက်မတင်တော့ဘဲနဲ့ တချက်တည်းပဲ ရွေးကောက်ပွဲ မဝင်တော့ ဘူးဆိုတဲ့ ကြေညာချက်ပေါ်မှာ ပြောနေတာကို။ တကယ်တော့ အခုနပြောသလို မျက်စိစုံမှိတ်ပြီး ဒီအခြေခံဥပဒေကိုလည်း ဘာမှ မထိမတို့ဘဲ အခြေခံဥပဒေကြီးကို ကြိုက်လှပါတယ်ဆိုပြီး မျက်စိစုံမှိတ် ဝင်တဲ့ဟာမျိုးကတော့ ခေါင်းလျှိုဝင်တဲ့ နိုင်ငံရေးမျိုးလို့ ပြောရလိမ့်မယ်။ ဒါမှမဟုတ် မတရားဘူး၊ ဘယ်ဟာမှ မတရားဘူး၊ မတရားတဲ့ဟာတွေကိုတော့ ဆက်ပြီး လက်မခံနိုင်ဘူးဆိုကာ ပါတီဖျက်၊ ပျက်ရုံသတ်သတ် လုပ်တဲ့ဟာကြတော့၊ ဘာမှရှေ့လုပ်ငန်းစဉ်မရှိ၊ နိုင်ငံရေး လုပ်ငန်းစဉ် မရှိ ပါတီပျက်ရုံသာပျက်ပြီး တရားမမျှတပါဘူးဆိုတဲ့ ခံစားချက်တွေနဲ့ တရားမမျှတဘူးဆိုတဲ့ ဂုဏ်သိက္ခာကို ဆယ်ဖို့ သက်သက် တခုတည်းနဲ့ ပါတီဖျက်ပြီး တိုက်မယ်ဆိုတာကြတော့ တဇွတ်ထိုးနိုင်ငံရေးလို့ ခေါ်ရလိမ့်မယ်။ ဘာကျန်နေလဲ ဆိုတော့ ပြည်သူလူထုနဲ့ နိုင်ငံကို ဒီမိုကရေစီ ဖော်ဆောင်ချင်တဲ့အတွက်ကြောင့်မို့လို့ ဒီတရားမမျှတပါဘူးဆိုတဲ့ အခြေခံ ဥပဒေကြီးကို မပြင်တော့ဘဲနဲ့ ဘေးကရပ်ပြီး မတရားဘူး၊ မတရားဘူး အော်နေလို့ ဒီ အခြေခံဥပဒေကြီးက automatic ပြင်ပြီးမှာ မဟုတ်ပါဘူး။ ဒါကြောင့် အခြေခံဥပဒေကို ပြင်နိုင်အောင် အခြေခံဥပဒေကိုပြင်ဖို့ဆိုတဲ့ သန္နိဋ္ဌာန်ကိုချပြီး ရွေးကောက်ပွဲထဲမှာ ကိုယ်တိုင်ကိုယ်ကြပါပြီး လုပ်မှသာ လက်တွေ့ကြတဲ့ pragmatic ဖြစ်တဲ့ နိုင်ငံရေးကို မှန်မှန်ကန်ကန် ယေဘုယျအမြင်နဲ့သွားပြီး ပြည်သူ့အကျိုးကိုဆောင်တဲ့ ဝန်ကြီးမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါဟာ ခေါင်းလျှိုဝင်တာ မဟုတ်သလို၊ တဇွတ်ထိုးလုပ်တာလည်း မဟုတ်ဘူး။ မှန်မှန်ကန်ကန် တွေးပြီး ပြည်သူ့အကျိုးစီးပွားနဲ့ယှဉ်နဲ့ ရွေးကောက်ပွဲ ဝင်တဲ့နည်း ဖြစ်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လက်ရှိ စစ်အစိုးရက ပြဌာန်းထားတဲ့ အခြေခံက မမျှတတဲ့အတွက်ကြောင့် နောက်ပိုင်း လွှတ်တော်ထဲ မှာ တဖြည်းဖြည်းနဲ့ ပြန်ပြင်လို့ ရနိုင်တဲ့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လက်တွေ့ကျကျ စဉ်းစားပြီးတော့ ရွေးကောက်ပွဲကို ဝင်မယ် ဆိုရင်တော့ ယခုလက်ရှိအခြေအနေရဆိုရင် မြန်မာနိုင်ငံမှာ ပါတီသစ်အနေနဲ့ လက်ရှိစာရင်းသွင်းထားတာ စုစုပေါင်း (၂၅) ပါတီရှိနေပြီ။ ပါတီအဟောင်းတွေထဲက ထပ်ပြီးတော့ ပြန်လည်ဖွဲ့စည်းမယ်လို့ ပြောထားတာ (၄) ပါတီလောက်ရှိနေပြီ။ တော်တော်များများက ရွေးကောက်ပွဲဝင်ဖို့ တာစူနေကြတယ်။ ဒီကြားထဲမှာ လာမယ့် လွှတ်တော်ထဲမှာ (၂၅) ရာခိုင်နှုန်းက တပ်မတော် ကိုယ်စားလှယ်တွေ၊ ကျန်တဲ့ (၇၅) ရာခိုင်နှုန်းကို ဝင်ပြိုင်မယ့်အထဲမှာ အခုဝင်ပါမယ်ဆိုပြီး ကြေညာထားတဲ့ အဖွဲ့တွေထဲမှာ တပ်မတော်နဲ့ ဆက်နွှယ်နေတဲ့၊ တပ်မတော်နဲ့ ပိုနီးစပ်တဲ့အဖွဲ့တွေက ပိုများနေတယ်။ အခုဆိုရင် ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ၊ တစညတို့ဆိုရင် စစ်တပ်ဖက်၊ စစ်တပ်နဲ့ နီးစပ်တဲ့ပါတီတွေဖြစ်တယ်ဆိုတာ အထင်အရှား ဖြစ်နေတော့။ ကျန်တဲ့ပါတီတွေက ဆရာပြောသလို လက်တွေ့ကျကျ ဝင်ပြီးတော့ ပြင်နိုင်ကောင်းရဲ့ ရည်ရွယ်ချက်နဲ့ ဝင်တယ်ဆိုပေမဲ့ ရွေးကောက်ပွဲကို ဖြစ်သွားရုံ ဝင်ပြီးဘေးက လက်ခုပ်ဝင်တီးပေးလိုက်ရတဲ့အဆင့်မျိုး ဖြစ်သွားမှာကို ဆရာတို့အနေနဲ့ တွေးမိတာ ရှိပါသလား။

ဦးခင်မောင်ဆွေ ။ ။ ဦးသန်းလွင်ထွန်းအနေနဲ့ တခြားနည်းလမ်းရှိပါတယ်လို့ ယူဆပါသလား။

ဦးသန်းလွင်ထွန်း ။ ။ ကျနော်အနေနဲ့ကတော့ လက်ရှိအားဖြင့် ပေါ်နေတဲ့ မေးခွန်းလေးတွေ။ ဒါကို ကျနော်အနေနဲ့ မေးခွန်းနဲ့ တင်ပြပေးတာပါ။ လက်ရှိအားဖြင့်ဆိုလိုရှိရင် ဒါ ကျနော်တို့ မြင်နေတဲ့အချက်တွေကို တင်ပြနေတာဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့အနေနဲ့ နောက်ထွက်လာမယ့် လွှတ်တော်ထဲမှာ ဒီလိုမမျှတတဲ့ အခြေခံတွေနဲ့ဆိုရင် ဝင်ပြင်နိုင်လို့ မရနိုင်ဘူး။ ဒီတော့ အစကတည်းက သပိတ်မှောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေကြတာကို။ ဆိုတော့ ဆရာတို့ အနေနဲ့ ကျတော့ တဖြည်းဖြည်းဝင်ပြီး ပြင်ယူမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိနေတော့ စောစောကလို အခုထင်ရှားလာတဲ့အချက်က ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဆိုရင် အဖွဲ့ဝင် သန်း (၂၀) ကျော်ရှိတယ်လို့ တရားဝင်ကြေညာထားတဲ့ စစ်အစိုးရအဖွဲ့အစည်း ဖြစ်တယ်။ စစ်အစိုးရအဖွဲ့ကြီးက အခု နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ ကြိုးစားနေပြီးဆိုတော့ ဆရာတို့အနေနဲ့ လာမယ့် လွှတ်တော် ထဲမှာ ဆရာတို့ကတော့ ဝင်ပြိုင်မယ်လို့ မပြောသေးပါဘူး၊ ဝင်ပြိုင်မယ့်လူတွေအနေနဲ့ ဆရာအခုန ပြောသလို လက်တွေ့ ကျကျ ဝင်ပြိုင်ချင်တယ်ဆိုရင်တောင် အခွင့်အလမ်း ရနိုင်မလား။

ဦးခင်မောင်ဆွေ ။ ။ ရွေးကောက်ပွဲ တရားမျှတခြင်း၊ မမျှတခြင်းပေါ်မှာ လွှတ်တော်ထဲရောက်ခြင်း၊ မရောက်ခြင်းပေါ် မူတည်ပါတယ်။ ရွေးကောက်ပွဲ တရားမျှတတယ်၊ မမျှတဘူးဆိုတာကလည်း လက်ငင်းလက်တွေ့ ဖြတ်သန်းပြီးမှ တရားမျှတ ပါတယ်၊ တရားမမျှတပါဘူးလို့ ဆုံးဖြတ်လို့ရပါလိမ့်မယ်။ ကြိုပြီးတော့ တရားမမျှတပါဘူး။ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့က ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်ပြီးဝင်မှာမို့လို့ အစိုးရ backing ရှိတယ်၊ ကျန်တဲ့ တစည လည်း ရှိတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးလည်း ရှိတယ်။ တခြားသော အစိုးရနောက်ခံနဲ့ ဝင်မယ့် ပါတီတွေ (၅) ခုလောက်ရှိလို့ ကျနော်တို့က ရွေးကောက်ပွဲကို ဝင်လို့ရှိရင် လွှတ်တော်ထဲကို အများစုမရောက်နိုင်ဘူးဆိုတဲ့ အတွေးအခေါ်ဟာ ပြည်သူကို လျှော့တွက်ရာ ရောက်ပါတယ်။ နိုင်ငံရေး အမြင်နဲ့ ပြောမယ်ဆိုရင် ကျနော်တို့ဟာ ပြည်သူတွေကို ဘာမှ မသိနားမလည်း၊ နိုင်ငံရေးနားမလည်တဲ့ ပြည်သူတွေ၊ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကို ဘာမှ ခံစားမသိရှိတဲ့ ပြည်သူတွေလို့ လျှော့တွက်ရာ ရောက်မှာမို့လို့ ဒီလိုလည်း မတွက်သင့်ပါဘူး။ ဘယ်သူကမှ အာမခံချက် မပေးနိုင်ပါဘူး လွှတ်တော်ထဲကို အများစုရောက်မယ် မရောက်ဘူးဆိုတာ။ ပကတိအနေအထားက ဘာလည်းဆိုတော့ လွှတ်တော်ထဲမှာ ဒီမိုကရေစီအင်အားစုတွေ အများကြီးရောက်ဖို့က ပိုပြီး လိုအပ်ပါတယ်။ အခု ကျနော်တို့ ပြောနေတဲ့ တရားမမျှတပါဘူးဆိုတဲ့ အခြေခံဥပဒေတွေ၊ တရားမမျှတပါဘူးဆိုတဲ့ ရွေးကောက်ပွဲဥပဒေတွေကို ကျနော်တို့က လွှတ်တော်ထဲရောက်တဲ့အခါမှ ပြင်လို့ရမယ့်အနေအထားမှာ ရှိနေတယ်။ တံခါးပေါက်က ဒီတစ်ခြပ်တည်းရှိတာမို့ အထဲကိုရောက်လို့ရှိရင် တိုင်းရင်းသားတွေကလည်း တိုင်းရင်းသားအဖွဲ့အစည်း နေရာပေါင်း (၃၀၀)၊ နေရာပေါင်း (၁၀၀) ဝင်မယ်လို့ ပြောနေကြတယ်။ လူမျိုးတွေရဲ့ နယ်ပယ်တွေမှာ လူမျိုးတွေရဲ့ ပါတီတွေက မလွဲမသွေအနိုင်ရဖို့က တော်တော်ကြီးရှိပါတယ်။ ဒီလိုပဲ ဒီမိုကရေစီကို စစ်စစ်မှန်မှန်သွားမယ့်လူတွေ ပါလာလို့ ရှိရင် ပြည်သူတွေက သိနိုင်၊ ပေးနိုင်မှာ ဖြစ်ပါတယ်။ ပေးတဲ့အခါမှာ လွှတ်တော်ထဲမှာ (၅၀) ရာခိုင်နှုန်းက ဒီမိုကရေစီ အင်အားစု အပေါင်း လူမျိုးစုတွေ ပါလာခဲ့ရင် တချိန်မှာ ဒီမိုကရေစီအရေးကို လူ့အခွင့်အရေးတောင်းမယ့်အဖွဲ့တွေ၊ တချိန်မှာ လွှတ်တော်ထဲမှာ လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေ လူမျိုးတွေရဲ့ အခြေခံ အခွင့်အရေးတွေ၊ မွေးရာပါအခွင့်အရေးတွေကို အထဲမှာ နှစ်ဖွဲ့က ပေါင်းသွားပြီး ဒီမိုကရေစီအင်အားစုကြီးတရပ် ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီအခါမျိုးကြမှ ကျနော်တို့က အထဲမှာ ပိုပြီးတော့ ဒီမိုကရေစီဘောင်ကို ချဲ့ပြီးတော့ အာဏာနဲ့ အုပ်ချုပ် တာတွေ၊ ဒီမိုကရေစီပုံစံ မကျတာတွေကို တွန်းထုတ်နိုင်မှာ ဖြစ်ပါတယ်။ အာဏာရှင်တွေအောက်မှာ ရှိတဲ့နိုင်ငံတွေ မှန်သမျှ၊ စစ်အုပ်စိုးရေးနိုင်ငံတွေ မှန်သမျှမှာ တမဟုတ်ချင်း လက်ဖြောက်တီးပြီး ချက်ချင်း နတ်ရေကန်ထဲ ချက်ချင်း ကြီးလာတဲ့ ဟာမျိုး ဘယ်လိုမှ မှန်းဆလို့မရပါဘူး။ စိတ်ကူးယှဉ်တာပဲ ဖြစ်ပါလိမ့်မယ်။

ဦးသန်းလွင်ထွန်း ။ ။ ဆရာပြောတဲ့အထဲမှာ ပြည်သူတွေကို လျှော့တွက်ရာ ရောက်မယ့်ဆိုတဲ့ အချက်ကလေးတခုပါပါတယ်။ ဒီနေရာမှာ ပြည်သူတွေကို လျှော့တွက်ရာဆိုတဲ့အစား ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်၊ ပြည်သူတွေရဲ့ ဆန္ဒတွေဟာ ဖော်ဆောင် နိုင်ခွင့် အနေအထားရှိပါ့မလားဆိုတာကို မေးစရာဖြစ်နေတယ်။ ဥပမာအားဖြင့် စောစောကပြောခဲ့တဲ့ ကိန်းဂဏန်းတွေကို ပြောမယ်ဆိုရင် လွှတ်တော်ရဲ့ (၂၅) ရာခိုင်နှုန်းက လွှတ်တော်ရဲ့ ကိုယ်စားလှယ်တွေပါမယ်။ ပြီးတော့ နှစ်ပေါင်းများစွာ အချိန်ယူ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဆိုရင် အဖွဲ့ဝင် သန်း (၂၀) ကျော်ရှိတယ်လို့ ကြေညာထားတာ ရှိတယ်။ စံနစ်တကျ အဖွဲ့အစည်းတွေရှိတယ်။ ဒီလူတွေနဲ့ဆိုရင် လွှတ်တော်ထဲမှာ ပြည်သူတွေရဲ့ ဆန္ဒတွေဟာ ဖော်ထုတ်နိုင် စွမ်း ရှိလာမလား။

ဦးခင်မောင်ဆွေ ။ ။ လွှတ်တော်ထဲမှာ ကျနော်တို့ (၂၀) ရာခိုင်နှုန်းက တောင်းဆိုလို့ရှိရင် အခြေခံဥပဒေပြင်ခွင့်ကို စပြီး တော့ စဉ်းစားလို့ရပြီးဆိုတဲ့ ဥပဒေပါ တချက်ကရှိနေပါတယ်။ ဒီတော့ လွှတ်တော်ထဲမှာ (၂၀) ရာခိုင်နှုန်း အတိုက်အခံ ရှိလို့ ရှိရင် အခြေအနေက စပြီး ဖြစ်လာပါပြီ။ အဲဒီတော့ ကျနော်အခုပြောသလို ဘယ်လိုမှ ချက်ချင်းလက်ငင်းပြောင်းလို့ မရတဲ့ အခါမှာ ပြောင်းလဲလို့ရမယ့်အဆင့်တွေကို သွားဖို့လိုပါတယ်။ ဒီလိုပဲ ကျနော်တို့ ရပ်ကြည့်နေမယ်ဆိုရင် လွှတ်တော်ထဲမှာ အတိုက်အခံမရှိတဲ့ လွှတ်တော်ကြီးကို လွှတ်လိုက်ကြမလား။ အတိုက်အခံမရှိတဲ့ လွှတ်တော်ထဲမှာ ကြိုက်တာလုပ်ပါတော့လို့ လက်မြှောက်အရှုံးပေးကြမလား။ ဒါမှမဟုတ် လွှတ်တော်ထဲမှာ ကျနော်တို့ရဲ့ အတိုက်အခံအင်အားစုတွေကို ရသလောက် ထည့်ထားပြီး ထားလို့ရှိရင် ကျနော်တို့ လိုချင်တဲ့ဟာတွေကို အကုန်လုံးမရတောင်မှ ဟန့်တားမှုကတော့ ဖြစ်နေပါလိမ့်မယ်။

ဦးသန်းလွင်ထွန်း ။ ။ ဆရာတို့အနေနဲ့ အခုလက်ရှိ စစ်အစိုးရရဲ့ ကတိကဝတ်တွေနဲ့ စည်းကမ်းချက်တွေအပေါ်မှာ ယုံကြည် လို့ ရတယ်လို့ ယူဆပါသလား။ အထူးသဖြင့် အခုဆိုလို့ရှိရင် ဒီ စည်းကမ်းသတ်မှတ်ချက်တွေကြားထဲမှာ နည်းနည်းမညီတဲ့ အချက်လေးတွေ ရှိနေတာကို တွေ့ရတယ်။ အခုလက်ရှိ စစ်အစိုးရရဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အနေနဲ့ ဗိုလ်ချုပ်ကြီးရာထူးစွန့်ပြီး ဝန်ကြီးချုပ်ရာထူးယူထားတဲ့ အချိန်အတွင်းမှာပဲ လောလောဆယ် ပါတီအဖြစ် နိုင်ငံရေးပါတီ ခေါင်းဆောင်အဖြစ် စာရင်းသွင်းလာတယ်ဆိုတော့ ဒါ နိုင်ငံရေးပါတီ မှတ်ပုံတင်စည်းကမ်းချက် အမှတ် (၄) နဲ့ ငြိစွန်းနေ တာ ကို တွေ့ရတယ်။ ပါတီအဖြစ် မှတ်ပုံတင်လိုသူစကားမှာ နိုင်ငံဝန်ထမ်း မဖြစ်စေရ စည်းကမ်းသတ်မှတ်ချက် အတိအကျ ပါရဲ့သားနဲ့ အခုလက်ရှိ နိုင်ငံတော်ဝန်ကြီးချုပ်လုပ်နေတဲ့ လက်ရှိနိုင်ငံတော်ဝန်ထမ်းတွေက ဘာဖြစ်လို့ ပါတီမှတ်ပုံတင် လိုသူတွေအဖြစ် စာရင်းသွင်းသလဲဆိုတာ ဒါတွေက စည်းကမ်းသတ်မှတ်ချက်တွေ ဘောင်မဝင်တဲ့အချက်တွေ အများကြီး ရှိနေတော့ နောက်ပိုင်းမှာလည်း ဒီလိုအလားတူတွေ ဖြစ်လာမယ်လို့ ယူဆလို့ မရနိုင်ဘူးလား။

ဦးခင်မောင်ဆွေ ။ ။ ဦးသန်းလွင်ထွန်း မေးပုံမေးနည်းက မှတ်ပုံမတင်ရေး၊ ရွေးကောက်ပွဲမဝင်ရေးဘက်က မေးနေတဲ့ သဘောဆောင်နေတယ်။ ကျနော်ပြောချင်တာကလည်း ကျနော်ကလည်း ဒီအစိုးရရဲ့ လုပ်ပုံလုပ်နည်းတွေကို တစ်ကနေ တစ်ရာအထိ (၁၀၀) ရာခိုင်နှုန်း လက်ခံလို့ မဟုတ်ဘူး။ မဟုတ်ဘဲနဲ့ ကျနော်က အခြေအနေကို လေ့လာပြီး ရှင်းပြနေတာ။ ဒီတော့ ဘယ်တုန်းကမှလည်း တရားမျှတမယ်လို့ ဘယ်သောအခါမှ မယုံကြည်ခဲ့ပါဘူး။ ဒါပေမဲ့ လက်ရှိဖြစ်နေတဲ့ ဥပဒေ တွေကို ဖျက်ဖို့ဆိုလိုရှိရင် အတွင်းက ဝင်ဖျက်တာက ဓမ္မဓိဋ္ဌာန်ကျတယ်။ အပြင်ကနေ လမ်းမပေါ်ကအော်ပြီး ဆဲနေရုံနဲ့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးဆိုတဲ့ လက်တွေ့ကျတဲ့ အတွေးအမြင်နဲ့ ကျနော်က ရှင်းပြတာဖြစ်ပါတယ်။ အဲဒီတော့ ကျနော် တို့က ဦးသန်းလွင်ထွန်း ပြောသလို ပုဒ်မတွေပြန်စစ်ပြီး ဦးသန်းလွင်ထွန်း က ပြောလိုက်၊ ကျနော်က ပြန်ဖြေလိုက်ဆိုရင် ကျနော်က နအဖကို ကာကွယ်ရာ ရောက်သွားမှာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ကျနော်အနေနဲ့ အဲဒီလို ရည်ရွယ်ပြီးတော့ မေးတဲ့သဘောတော့ မဟုတ်ပါဘူး။ ဒီလို အချက်တွေ မြင်လာရတဲ့အခါကျတော့ ဆရာတို့ရဲ့ ဆုံးဖြတ်ချက်၊ သုံးသပ်ချက်တွေမှာ ဘယ်လိုအပြောင်းအလဲရှိလာသလဲဆိုတာကို သိချင်လို့ မေးမြန်းခြင်း ဖြစ်ပါတယ်။

ဦးခင်မောင်ဆွေ ။ ။ တခုရှိတာတော့ အခြေအနေတော့ စောင့်ကြည့်ရမယ်။ ဦးသိန်းစိန်တို့ဟာ လူဝတ်လဲပြီး ပါတီ ထောင်တယ်။ အဲဒီတော့ ဝန်ထမ်းတယောက်အနေနဲ့ ပါတီထောင်ပြီး ရွေးကောက်ပွဲ မဝင်ရဘူးဆိုတဲ့ ဥပဒေတွေ ရှိနေပေမဲ့ သူတို့ အဲဒီ ဥပဒေတွေကို ဖောက်ဖျက်မလား။ တကယ်တမ်း ဖောက်ဖျက်တဲ့အခြေအနေမှာ တိတိကျကျ ဖောက်ဖျက်ပြီ ဆိုရင် ကျနော်တို့က ဝိုင်းရှုတ်ချရမှာပေါ့။ အခြေအနေက ဒီလောက်ထိသွား ရွေးကောက်ပွဲ ရှိနေပြီလား။ ရွေးကောက်ပွဲ နီးနေပြီလား။ Campaign period ရောက်ပြီလား။ အဆင့်ဆင့်သွားပြီးမှ တဆင့်ချင်း ကျနော်တို့က စောင့်ပြီး လေ့လာ ကြည့်ပြီးမှ ဝေဖန်ဖို့ လိုပါတယ်။ အခုချက်ချင်း လူဝတ်လဲ ပါတီထောင်တာနဲ့ ကျနော်တို့က ဒီဝန်ထမ်းတွေကတော့ဖြစ်ရင် ရွေးကောက်ပွဲမပါရ၊ ပါတီမထောင်ရဆိုတာကို ဖောက်ဖျက်ပြီး ဦးသိန်းစိန်တို့က လုပ်နေပါပြီဆိုတာကို ကျနော်ကတော့ မပြောချင်ဘူး။ စောင့်ကြည့်ချင်တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG