သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စခန်းတွေထဲမှာ နှစ်ရှည် နေထိုင်နေကြရတဲ့ ဒုက္ခသည် သန်းနဲ့ချီရှိ


စခန်းတွေထဲမှာ နှစ်ရှည် နေထိုင်နေကြရတဲ့ ဒုက္ခသည် သန်းနဲ့ချီရှိ
စခန်းတွေထဲမှာ နှစ်ရှည် နေထိုင်နေကြရတဲ့ ဒုက္ခသည် သန်းနဲ့ချီရှိ

ကမ္ဘာပေါ်က စစ်ဘေးစစ်ဒဏ်နဲ့ တခြား အကြောင်းအမျိုးမျိုးတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေ ၁၂ သန်းလောက် ရှိနေပြီးတော့ အဲဒီအထဲက ၇ သန်းလောက်ဟာ ဒုက္ခသည်စခန်းတွေထဲမှာပဲ ၁၀ နှစ်ကျော်မက နေနေ ကြရပါတယ်။ သူတို့ဟာ တခြားသူတွေလို ပြင်ပမှာ နေထိုင်ရပ်တည် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ခွင့်တွေ ပိတ်ပင် ခံထားရပြီးတော့ ဒုက္ခသည်စခန်းတွေအတွင်းမှာပဲ နှစ်ပေါင်းများစွာ သောင်တင်နေကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အရှေ့ခြမ်းက တိုင်းရင်းသား ဒုက္ခသည်တွေဆိုရင်လည်း ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေအတွင်းမှာ အနှစ် ၂၀ လောက် နေထိုင်နေကြရတဲ့အကြောင်းကိုတော့ နော်ရှိုးက တင်ပြထားပါတယ်။

ကမ္ဘာတဝှမ်းမှာ စစ်ဘေးနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကနေ လွတ်မြောက်ဖို့အတွက် မိမိရပ်ရွာ တိုင်းပြည်ကနေ ပြည်ပကို ထွက်ပြေးခိုလှုံနေရသူတွေကို နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးက အသက်ရှင်နေထိုင်နိုင်ဖို့ ကူညီထောက်ပံ့ ပေးထား ပေမဲ့ တကယ်လို့ သူတို့ကို လက်ခံတဲ့နိုင်ငံက ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ် ရေးထိုး မထားဘူးဆိုရင် သူတို့ဟာ သာမန် လုပ်ကိုင် စားသောက်ခွင့်၊ စခန်းအပြင်ထွက်ပြီး လှုပ်ရှားသွားလာခွင့်တွေ ပိတ်ပင်တာ ခံရပါတယ်။ ဌာနေကိုပြန်ရအောင်လည်း တိုင်းပြည်က မငြိမ်းချမ်းသေး၊ တတိယနိုင်ငံသွားခွင့်ကလည်း မရသေးသရွေ့ သူတို့ဟာ ဒုက္ခသည်စခန်းထဲ နှစ်ရှည်လများ ပိတ်မိနေတဲ့ အနာဂတ်မဲ့သလို ဘဝထဲ ရောက်ခဲ့ကြရပါတယ်။

မကြာခင်ကမှ အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်အဖြစ်ရောက်လာတဲ့ ဖလဲမယ် ရဲ့ မိဘတွေဆိုရင် ကယားပြည်ကနေ ထွက်ပြေးလာပြီး ဒုက္ခသည်စခန်းထဲ ၂၅ နှစ်လောက် နေခဲ့ရတာပါ။

"ထိုင်းမှာတော့ မွေးတယ်။ ဒါပေမဲ့ ဒုက္ခသည်စခန်းထဲမှာပဲ မွေးတော့ ကျမတို့မှာ ဘာမှ အာမခံချက် မရှိဘူး။ အဲဒီတော့ သူများတွေက မေးကြတယ်၊ ကျမကို ဘာလူမျိုးလဲပေါ့၊ ဘာနိုင်ငံသားလဲ မေးတော့ ကျမလည်း ဖြေခွင့်မရှိဘူး ဖြစ်နေတယ်။"


Burmese Version by Naw Show

ဖလဲမယ် လိုပဲ မြန်မာနိုင်ငံအရှေ့ခြမ်းတကြော ပြည်တွင်းစစ်တွေကြောင့် ၁၉၈၄ ခုနှစ်လောက်ကစပြီး တိုင်းရင်းသား ဒုက္ခသည်တွေ သိန်းနဲ့ချီ ထိုင်းဘက်ကို ဒီကနေ့အထိ ထွက်ပြေးရောက်ရှိနေကြဆဲ ဖြစ်ပါတယ်။ တော်တော်များများက တတိယနိုင်ငံကို သွားရောက် အခြေချနေပြီဖြစ်ပေမဲ့ တချို့ဆိုရင် ဒီကနေ့အထိ ဒုက္ခသည်စခန်းထဲမှာပဲ မျိုးဆက်တဆက် မက သောင်တင်နေကြဆဲပါ။

"ကျမတို့ဘဝကိုက ပိတ်သွားသလိုမျိုး ဖြစ်သွားတယ်။ တက်လမ်းမရှိတော့ဘူး ဖြစ်နေတယ်။ အဲဒီမှာ တသက်လုံး နေရ တော့မယ့် ပုံစံ ဖြစ်နေတယ်။ ဆိုတော့ စိတ်ထဲမှာ မပျော်တော့ဘူး၊ အဲဒီမှာ မနေချင်ဘူးဖြစ်နေတယ်။"

အခုလို ဒုက္ခသည်တွေ ဌာနေကိုလည်း မပြန်နိုင်၊ ပုံမှန် ဘဝကိုလည်း တည်ဆောက်ခွင့် မရဘဲနဲ့ ဒုက္ခသည်စခန်းတွေထဲမှာပဲ လှောင်အိမ်ထဲ ပိတ်မိနေတဲ့ဘဝနဲ့ နှစ်ရှည်လများ နေလာတဲ့အခါ သူတို့ရဲ့ စိတ်ဓါတ်ရေးရာကိုလည်း ထိခိုက်စေသလို လူမှုရေး ပြဿနာတွေလည်း ဖြစ်ပေါ်စေပါတယ်။

"ဒုက္ခသည်စခန်းထဲမှာ လူတွေက နေ့လည်နေ့ခင်းဆို အိပ်ကြတယ်။ လုပ်စရာ အလုပ်အကိုင်ကလည်း မည်မည်ရရ မရှိပါဘူး။ အိမ်တွင်း အကြမ်းဖက် ရိုက်နှက်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း အများကြီး တွေ့ရပါတယ်။ တော်တော်များများဟာ မူးယစ်ဆေးဝါး အရက်သေစာ အလွဲသုံးစားပြုမှုတွေနဲ့ တနေ့ပြီးတနေ့ ကုန်ဆုံးနေကြရတာပါ။"

ကုလသမဂ္ဂက ချမှတ်ထားတဲ့ ဒုက္ခသည်အခွင့်အရေးများဆိုင်ရာ ပြဋ္ဌာန်းချက်အရ ဒုက္ခသည်တွေကို ပုံမှန် လုပ်ကိုင် စားသောက်ခွင့်၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ပေးရမှာဖြစ်သလို ငြိမ်းချမ်းမှုမရှိဘဲ ဌာနေကို အတင်းပြန်ပို့လို့လည်း မရပါဘူး။ ဒါကို ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့က လက်မှတ်မရေးထိုးသေးတာကြောင့် အဲဒီမှာရောက်နေတဲ့ မြန်မာဒုက္ခသည်တွေ အလုပ်လုပ်ကိုင်ခွင့်နဲ့ ပုံမှန်ဘ၀ တည်ဆောက်ခွင့်ကို ပိတ်ပင်ခံထားရတာပါ။ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နဲ့ ဥရောပနိုင်ငံတွေကတော့ ဒါကို လက်မှတ်ရေးထိုးထားတာကြောင့် ဒုက္ခသည်တွေကို ခေါ်ယူပြီး အမြဲတမ်း အခြေချနေထိုင်ခွင့် ပေးနေတာဖြစ်ပါတယ်။


English Version by Kaye Lin

ဆက်စပ်သတင်းများ ...

XS
SM
MD
LG