သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါအစိုးရ ပြုတ်ကျရေး နိုင်ငံအဝန်း ဆန္ဒပြ


<!-- IMAGE -->

နီပေါနိုင်ငံမှာ လက်ရှိအစိုးရ ဖြုတ်ချရေး နိုင်ငံအနှံ့ အကန့်အသတ်မရှိ သပိတ်မှာ တနင်္ဂနွေနေ့က မြို့တော် ခတ္တမန္ဒူ လမ်းတွေပေါ်မှာ မော်စီတုန်း ဝါဒီများနဲ့ သူတို့ကို ထောက်ခံသူများ သောင်းဂဏန်းနဲ့ချီ ဆန္ဒပြကြပါတယ်။

စနေနေ့ညအထိ လက်ရှိဝန်ကြီးချုပ် မာဒါ ကူးမား နီပေါ (Madhav Kumar Nepal) ရာထူးက နှုတ်ထွက်ဖို့ ငြင်းဆန်နေတဲ့အတွက် ခြိမ်းခြောက်ထားတဲ့ အတိုင်း မော်ဝါဒီတို့က သပိတ်ကို စတင်လိုက်ကြတာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ အစိုးရရုံးတွေ၊ စာသင်ကျောင်းတွေ၊ စတိုးဆိုင်ကြီးတွေ ပိတ်ထားကြလို့ လမ်းများပေါ် မော်တော်ယာဉ် အသွားအလာ သိပ်မရှိပါဘူး။

ပရာချန်ဒါ (Prachanda) လို့ လူသိများတဲ့ မော်ဝါဒီခေါင်းဆောင် ယခင် ဝန်ကြီးချုပ် ပွတ်ရှ်ပါ ကမားလ် ဒဟားလ် (Pushpa Kamal Dahal) က သူတို့မှာ တခြားရွေးစရာ နည်းလမ်းမရှိလို့ ဒီ လူထုအံတုမှုကြီးကို လုပ်ရတာပါလို့ ရှင်းလင်း ပြောဆိုပါတယ်။

နီပေါလွှတ်တော်ထဲမှာ အမတ်အများစု နေရာရထားတဲ့ မော်ဝါဒီများနဲ့ နီပေါနိုင်ငံရဲ့ အဓိက နိုင်ငံရေးပါတီကြီး ၂ ခုတို့ စနေနေ့က ဆွေးနွေးပွဲ ပျက်သွားပြီးနောက် တနင်္ဂနွေနေ့မှာ မိနစ် ၉၀ ကြာ ထပ်မံ ညှိနှိုင်းပေမဲ့ အဖြေမထွက်ခဲ့ပါဘူး။

လက်နက် လက်ဝယ်ရှိဆဲ မော်ဝါဒီသူပုန် ၂၀,၀၀၀ လောက် ကုလသမဂ္ဂရဲ့ ကြီးကြပ်မှုအောက်မှာ စခန်းဝင်နေကြပါတယ်။

နိုင်ငံရေးပါတီတွေ ဒီပြဿနာကို မဖြေရှင်းနိုင်ကြဘူးဆိုရင် နီပေါနိုင်ငံမှာ ပြည်တွင်းစစ် ပြန်ပြီး ဖြစ်လာနိုင်တယ်လို့ ဆန်းစစ်သူများက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG