သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စာနယ်ဇင်း လွတ်လပ်ခွင့် အလားအလာ မှေးမှိန်နေဆဲ


မြန်မာနိုင်ငံမှာ မကြာခင် ရွေးကောက်ပွဲပြုလုပ်ပြီး ဒီမိုကရေစီ အသွင်ပြောင်းမယ်လို့ စစ်အစိုးရက ကြေညာထားပေမဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် အလားအလာ ကောင်းကတော့ အတော်လေး နည်းနေသေးတယ်လို့ ပြည်တွင်း ပြည်ပ စာနယ်ဇင်းသမားတွေက ဝေဖန်ကြပါတယ်။ မြန်မာ့သတင်းလောက တိုးတက်ဖို့ ဘာတွေ အဓိက လိုအပ်နေသေးလဲဆိုတာ စုံစမ်းမေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့ အခုအချိန် ကာလမှာတောင် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သတင်းတွေမှာ ဆင်ဆာဖြတ်တောက်ခံရတာ၊ ဖော်ပြခွင့် ပိတ်ပင်ခံရတာတွေ ရှိနေတုန်းပဲလို့ ပြည်တွင်း သတင်းအယ်ဒီတာတွေက ပြောပါတယ်။ တကယ်တော့ မြန်မာနိုင်ငံဟာ စာနယ်ဇင်း လွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့် ကန့်သတ်ချိုးနှိမ် ခံနေရတာ ၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီး လွတ်လပ်တဲ့ သတင်းစာတိုက်တွေ ဖျက်သိမ်းခံရ ကတည်းကလို့ ဆိုရမှာပါ။

အခုနှစ်ပိုင်း အတွင်းမှာတော့ ပြည်တွင်းမှာ သတင်းဂျာနယ်တွေ အမျိုးမျိုး ပေါ်လာပါတယ်။ ဒါပေမဲ့လည်း သတင်းလွတ်လပ်ခွင့်ကတော့ အပြည့်ရဖို့ ဝေးနေသေးတယ်လို့ အမည်မဖော်လိုတဲ့ ပြည်တွင်းဂျာနယ် အယ်ဒီတာတဦးက ပြောပါတယ်။

“ကျနော့်အမြင်ကတော့ သိပ်မထူးသေးဘူးလို့ ထင်ပါတယ်။ စာပေစိစစ်ရေး ဆိုတာလည်း ရှိနေပြီးတော့ အကုန်လုံးက စိစစ်နေတုန်းဆိုတော့။ လွတ်လပ်ခွင့် အပြည့်အဝရဖို့ နည်းနည်း ဝေးနေသေးတယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ရွေးကောက်ပွဲ ဥပဒေ စပြီး ကြေညာလိုက်တဲ့ အချိန်မှာ တချို့ဂျာနယ်တွေက ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ကြေညာချက်နဲ့ ရွေးကောက်ပွဲအပေါ် အမြင်တွေကို လိုက်မေးပြီးတော့ ထည့်ဖို့ ကြိုးစားပါတယ်။ အဲဒါ ထောက်ခံတဲ့ အဆိုပြုချက်များသာ ဖော်ပြခံရပြီး ဝေဖန် ဆန်းစစ်တဲ့ အမြင်တွေက မဖော်ပြရတဲ့ အနေအထားမှာ ရှိနေသေးတော့ ကျနော်တော့ သိပ်ပြီး မမျှော်လင့်ရဲသေးပါဘူး။”

အလင်းတန်းဂျာနယ် အယ်ဒီတာ ကိုမျိုးမြင့်ငြိမ်းကတော့ နိုင်ငံရေး အခြေအနေ တစုံတရာ အပြောင်းအလဲကြောင့် အချိန်ကာလ မကြာခင်မှာ သတင်းဂျာနယ်တွေ ပိုပြီး လွတ်လွတ်လပ်လပ် ရေးသားလာနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

“လွတ်လပ်စွာ ရေးသားခွင့်ဆိုပြီး လွတ်လပ်စွာ ပုတ်ခတ်တာ၊ လွတ်လပ်စွာ တိုက်ခိုက်တာမျိုးတော့ ကျနော်တို့ လုပ်လို့မရဘူးပေါ့။ ကျနော်တို့ ကိုယ်တိုင်လည်း အဲဒါမျိုး လုပ်လေ့လုပ်ထ မရှိပါဘူး။ ဒါပေမဲ့ ရေးသားခွင့်ကတော့ ၂ နှစ် ၃ နှစ်အတွင်းမှာ အရင်ကထက် ပိုပြီး ရလာတဲ့အတွက် နောက်ထပ် ဒီ့ထက်ပိုပြီးတော့ အချိန်ကာလ ကြာလာတာနဲ့အမျှ ပိုပြီးတော့ လွတ်လပ်ခွင့် ရလာမယ်လို့ ကျနော်တော့ မျှော်လင့်တယ်၊ ယုံလည်း ယုံကြည်ပါတယ်။

“ဒီနေ့ ဂျာနယ်တွေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အများကြီး ပါနေတာတွေလည်း ရှိပါတယ်။ တချို့ဟာတွေမှာလည်း ဖြတ်တောက်ခံရတာ ရှိတယ်၊ တချို့ဟာတွေမှာလည်း မမျှော်လင့်ထားဘဲနဲ့ လွှတ်ပေးထားတာ ရှိတယ်။ အရင်ကထက်စာရင် တော်တော်ကြီး တိုးတက်လာတယ်လို့ ပြောချင်ပါတယ်။”

ရွေးကောက်ပွဲတွေ လုပ်တော့မယ်ဆိုတော့ ရွေးကောက်ပွဲ ကာလမှာဖြစ်စေ၊ ရွေးကောက်ပွဲ နောက်ပိုင်းမှာဖြစ်စေ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ပိုပြီး လွတ်လပ်လာမယ် ထင်ပါသလား။

“အရင်ကထက်စာရင် ပိုပြီး လွတ်လပ်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရွေးကောက်ပွဲက တရားမျှတခြင်း ရှိခြင်း၊ မရှိခြင်းဆိုတာ မီဒီယာတွေကပဲ Opinion ပေးလို့ရတာဖြစ်တယ်။ မီဒီယာတွေရဲ့ အာဘော်ကို ကြည့်ပြီးတော့မှပဲ လွတ်လပ်ခွင့် ရှိခြင်း၊ မရှိခြင်းကို ကမ္ဘာက သုံးသပ်လို့ရမှာ ဖြစ်တယ်။ အဲတော့ မီဒီယာပေါ်မှာ လွတ်လပ်စွာ ရေးသားခွင့် ပေးခြင်းကသာ ဒီရွေးကောက်ပွဲက လွတ်လပ်ခြင်း၊ တရားမျှတခြင်း ဆိုတာကို ပေါ်လွင်နိုင်မှာ ဖြစ်တယ်။”

ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ သတင်းလုပ်ငန်းကြောင့် အာဏာပိုင်တွေရဲ့ တားဆီးနှောင့်ယှက် ဖမ်းဆီးခံရတဲ့ ကိစ္စကိုတော့ ပြည်တွင်း သတင်းဂျာနယ်တွေမှာ ဖော်ပြဖို့ မလွယ်သေးပါဘူး။ အခုအချိန်အထိကို သတင်းလုပ်ငန်းကြောင့် ဖမ်းဆီးခံရသူ အတော်များများ ရှိထားတယ်လို့ မြန်မာ့သတင်းသမဂ္ဂ ဒု-ဥက္ကဋ္ဌ ဦးဇင်လင်းက ပြောပါတယ်။

“စာနယ်ဇင်းသမားတွေ အနေအထားနဲ့ ပြောမယ်ဆိုရင်တော့ ဒီနေ့ဆိုရင် အဖမ်းခံရတဲ့ အရေအတွက်က ၃၀ ဝန်းကျင်လောက် ရှိနေပြီ။ အဲဒီထဲမှာ သတင်းသမား၊ သတင်းနဲ့ ပတ်သက်လို့ အရေးယူခံရတဲ့လူက ၁၂ ယောက်လောက် ရှိမယ်လို့ အကြမ်းဖျင်း ကျနော်တို့ ခန့်မှန်းတယ်။ သတင်းသမားတွေ၊ အခု အဖမ်းအဆီး ခံထားရတဲ့လူတွေ အကုန်လုံးက ဘာနဲ့သွားပြီး ဆက်နွယ်နေလဲဆိုတော့ အီလက်ထရောနစ်အက်ရယ်၊ ဗွီဒီယိုအက်ရယ်၊ အဲဒီ ၂ ခုနဲ့ အရေးယူခံရတဲ့လူတွေ ဒီနေ့ များလာပြီလို့ ပြောရမယ်။”

ဦးဇင်လင်း ပြောသလိုပဲ အများစု ဖမ်းခံရသူတွေဟာ အင်တာနက်သုံးလို့၊ အီးမေးလ်အကောင့်ဖွင့်ပြီး ပြည်ပနဲ့ ဆက်ဆံလို့ဆိုပြီး အီလက်ထရောနစ် ပုဒ်မတွေနဲ့ အရေးယူခံရသူ များပါတယ်။ သတင်းသမား ဆိုတာကလည်း ကမ္ဘာကို မျက်စိဖွင့်ကြည့်ဖို့ အင်တာနက်ကို သုံးရပါတယ်။ ဒါကြောင့်လည်း စစ်အစိုးရရဲ့ အီလက်ထရောနစ် အက်ဥပဒေဟာ မီဒီယာသမားတွေအတွက် တကယ့် အတားအဆီး တရပ်ပဲလို့ သတင်းသမားတွေက ယူဆပါတယ်။ သတင်းသမားတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ နောက်ဆုံး အဖမ်းအဆီးကိစ္စ ပြောရင်တော့ သင်္ကြန် ရန်ကုန်ဗုံးကွဲမှုကို ဓာတ်ပုံရိုက်ယူခဲ့တဲ့ ကိုစည်သူဇေယျနဲ့ ဖခင်ဖြစ်သူ မဂ္ဂဇင်း ဒီဇိုင်နာ ဦးဇေယျတို့ ဖြစ်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG