သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းလွတ်လပ်ခွင့် အဖိနှိပ်ဆုံး စာရင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထိပ်ပြေး


မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့မှာ RSF ခေါ် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ကြီးက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) နဲ့ အီရန်သမ္မတ မာမွတ်ဒ် အမာဒီနီဂျက်ဒ် (Mahmoud Ahmadinejad) အပါအဝင် ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင် ၄၀ ကို အဆိုးဝါးဆုံး သတင်းလွတ်လပ်ခွင့် ဖိနှိပ်ချိုးနှိမ်သူများ (Predators of the Press Freedom) စာရင်းမှာ ထည့်သွင်း ဖော်ပြလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့မှာ နှစ်ပတ်လည် အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်ပြီး ကမ္ဘာပေါ်က သတင်းမီဒီယာတွေရဲ့ လွတ်လပ်ခွင့်ကို အဖိနှိပ်ဆုံး၊ အချိုးနှိမ်ဆုံး သူတွေရဲ့ စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီစာရင်းထဲမှာ နိုင်ငံရေး ခေါင်းဆောင်တွေသာမက ဘာသာရေး ခေါင်းဆောင်တွေ၊ လက်နက်ကိုင် တိုက်ခိုက်နေသူတွေနဲ့ ရာဇဝတ်မှု ကျူးလွန်နေတဲ့ အဖွဲ့အစည်းတွေပါ ပါဝင်ပြီး စုစုပေါင်း ၄၀ ကို စာရင်းတင်ထားတယ်လို့ RSF ရဲ့ ဝါရှင်တန် ဒါရိုက်တာ ကလပ်ချင်း လီကော့(ဇ်) (Clothilde Le Coz) က ပြောပါတယ်။ ဒီအထဲမှာ အရင်နှစ်တုန်းကလိုပဲ မြန်မာစစ်ခေါင်းဆောင်ကိုလည်း ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

“ထိပ်ဆုံးကတော့ ထုံးစံအတိုင်းပဲ မြန်မာနိုင်ငံက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ တရုတ်နိုင်ငံက ဟူဂျင်တောင်း၊ အီရန်က မာမွတ်ဒ် အမာဒီနီဂျက်ဒ်နဲ့ အလီခါမေနီ (Ali Khamene)၊ နောက် ရုရှားအပြင် ဖိလစ်ပိုင်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ပါ ပါပါတယ်။”

အာရှတိုက်မှာ မြန်မာနဲ့ တရုတ်နိုင်ငံတွေအပြင် မြောက်ကိုရီးယား၊ လာအို၊ နီပေါနဲ့ သီရိလင်္ကာ နိုင်ငံတွေကိုလည်း စာရင်း ထည့်သွင်းထားတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သတင်းလွတ်လပ်ခွင့် ဆုံးရှုံးနေတာတွေကို RSF က စိုးရိမ်ကြောင်းနဲ့ ဒါဟာ နိုင်ငံခြား သတင်းထောက်တွေ မြန်မာနိုင်ငံဆိုင်ရာ သတင်းကို လွတ်လွတ်လပ်လပ် မရရုံမက အထူးသဖြင့် မြန်မာနိုင်ငံတွင်းက သတင်းသမားတွေဟာ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း သတင်းအလုပ်ကို အသက်နဲ့ရင်းပြီး လုပ်နေရတာမျိုးတွေ တွေ့ရတယ်လို့လည်း ပြောပါတယ်။

တကယ်လို့ အခန့်မသင့်ရင် သတင်းတပုဒ်ကြောင့် ထောင်ဒဏ်နှစ်ရှည် အကျခံရတာမျိုးတွေပါ တွေ့နေရတာမို့ ဒါမျိုးဟာ ရွေးကောက်ပွဲလုပ်မယ့် အချိန်မျိုးမှာ ပိုပြီး မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အချိန်မျိုးမို့ ကျမတို့ တကယ်ပဲ စိုးရိမ်ပါတယ်။ ဒါဟာ သမိုင်းဝင် ကာလပါ။ ဒီရွေးကောက်ပွဲကို နှစ်ပေါင်း ၂၀ ကြာခဲ့ပြီးမှ ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံသားတိုင်းလည်း ပါဝင်ခွင့် မရတာမျိုး ဖြစ်နေပါတယ်။ ဒါ့အပြင် သတင်းအချက်အလက် တွေကိုလည်း မြန်မာနိုင်ငံသားတွေ ပြည့်ပြည့်စုံစုံ မရကြပါဘူး။ တကယ်ဆိုရင် မြန်မာနိုင်ငံသားတွေအတွက် ကိုယ်တင်ပြမယ့် ခေါင်းဆောင်နဲ့ ပတ်သက်ပြီး အချက်အလက်တွေ အကုန်သိဖို့နဲ့ လွတ်လွတ်လပ်လပ် ရွေးချယ်ပိုင်ခွင့်ရှိဖို့ လိုပါတယ်။”

အခုတော့ ဒီလို အချက်အလက်တွေကို ပေးမယ့် သတင်းသမားတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်မပေးဘဲ ဖမ်းဆီးမှုတွေ၊ ဆင်ဆာဖြတ်မှုတွေ ရှိနေတာမို့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အခုလောလောဆယ် ထောင်ထဲမှာ သတင်းထောက် ၁၂ ယောက် ရှိနေပါတယ်။ ကွန်ပျူတာ အင်တာနက်သုံးတဲ့ ဘလော့ဂ်ဂါ ဆိုရင်လည်း သူတို့ရေးတဲ့ ဘလော့ဂ်ကြောင့် အကျဉ်းကျခံနေရတာ ၂ ယောက်ထက်မနည်း ရှိနေပါတယ်။ အခုလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရေးသားချက် မှန်သမျှ မြန်မာစစ်အစိုးရကို တင်ပြဖို့ အမိန့်ပေးထားပြီး ဆင်ဆာအဖွဲ့က ခွင့်ပြုမှသာ ဖော်ပြခွင့် ရပါတယ်။ သတင်းလွတ်လပ်ခွင့်တွေ အခု ပိုပြီး ကင်းမဲ့လာတာမို့ သတင်းလွတ်လပ်ခွင့် မရဘဲ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှုတွေ ရှိမှာမဟုတ်ဘူးလို့ ကျမတို့ ယုံကြည်ပါတယ်။”

နှစ်ပေါင်း ၂၀ ကြာပြီးမှ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတကာက မျှော်လင့်ထားပေမဲ့ ဒီမျှော်လင့်ထားသလို ဖြစ်မလာတဲ့အတွက် ကုလသမဂ္ဂက ရှုတ်ချသလို RSF အဖွဲ့ကြီးကလည်း ရှုတ်ချလိုက်ပြီး နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကနေ တစုံတရာ ဖြစ်လာဖို့ မျှော်လင့်ထားတယ်လို့လည်း ပြောပါတယ်။

RSF ရဲ့ စာရင်းထဲမှာ ရဝမ်ဒါနိုင်ငံက သမ္မတ၊ ချက်ချ်ညာ သမ္မတနဲ့ ယီမင်သမ္မတတွေနဲ့ အတူ တာလီဘန်ခေါင်းဆောင် မူလာအိုမာလည်း ပါပါတယ်။ ဒီနှစ်ထုတ်ပြန်ခဲ့တဲ့ စာရင်းထဲမှာ မနှစ်က စာရင်းပါ အဖွဲ့အစည်းတွေထဲက အီရတ် အစ္စလမ် အစွန်းရောက်အဖွဲ့ တချို့ကို ပယ်ဖျက်နိုင်ခဲ့တယ်လို့ RSF ရဲ့ သုတေသန ဒါရိုက်တာ ဂစ်လစ်စ် လန်းဒက်က ပြောပါတယ်။

“မနှစ်က ထုတ်ပြန်ခဲ့တဲ့ စာရင်းနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ ဒီနှစ်စာရင်းမှာ တိုးတက်မှုတွေ ရှိလာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ တချို့နိုင်ငံတွေကတော့ အရင်ကလိုပဲ သတင်းသမားတွေကို ဖိနှိပ် ချိုးနှိမ်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။”

မက္ကဆီကိုနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း သတင်းသမား ၆၂ ဦး အသတ်ခံခဲ့ရတာမို့ အဆိုးဝါးဆုံးနိုင်ငံ စာရင်းမှာ ထည့်သွင်းထားသလို ဖိလစ်ပိုင်နိုင်ငံမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း သတင်းသမား ၃၀ အသတ်ခံခဲ့ရတာမို့ သတင်းသမားတွေအတွက် အန္တရာယ်အရှိဆုံး နိုင်ငံအဖြစ် စာရင်း ထည့်သွင်းထားတယ်လို့လည်း ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG