သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရရဲ့ နိုင်ငံရေး ကမ်းလှမ်းချက် ဆန္ဒပြသူတွေ ကြိုဆို


ထိုင်းအစိုးရရဲ့ နိုင်ငံရေး ကမ်းလှမ်းချက် ဆန္ဒပြသူတွေ ကြိုဆို
ထိုင်းအစိုးရရဲ့ နိုင်ငံရေး ကမ်းလှမ်းချက် ဆန္ဒပြသူတွေ ကြိုဆို
<!-- IMAGE -->

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ကို အကြီးအကျယ် ထိခိုက်စေခဲ့တဲ့ ဆန္ဒပြပွဲတွေ အဆုံးသတ်ဖို့ ရည်ရွယ်ပြီး ကမ်းလှမ်းခဲ့တဲ့ အစိုးရရဲ့ အစီအစဉ်ကို အစိုးရ ဆန့်ကျင်ရေး ရှပ်နီ ဆန္ဒပြ ခေါင်းဆောင်တွေက အပြုသဘော တုံ့ပြန်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ၂ လနီးပါးကြာ ဆန္ဒပြပွဲတွေကို ရပ်ဆိုင်းပစ်လိုက်ဖို့ကိုတော့ ဆန္ဒပြ အောက်ခြေလူထုက တွန့်ဆုတ်နေကြတယ်လို့ ဘန်ကောက်မြို့တော်ကနေ ဗွီအိုအေ သတင်းထောက် အာဘရေ ဘဲလ်ဖို့ဒ် (Aubrey Belford) က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ဘန်ကောက်မြို့တော်က ကုန်တိုက်ကြီးတွေနဲ့ စည်ကားလှတဲ့ ရာဂျာပရာဆောင် (Rajaprasong) အရပ်ကနေ ရှပ်နီ ဆန္ဒပြသူတွေ ထွက်သွားဖို့ ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲတွေကို နိုဝင်ဘာလမှာ ကျင်းပပေးပ့ါမယ်ဆိုတာ အပါအဝင် တခြားအချက်တွေကို ဝန်ကြီးချုပ် အဘီဆစ် ဝတ်ချာချီ၀ (Abhisit Vejjajiva) က ကမ်းလှမ်းခဲ့ပါတယ်။

၃ လအတွင်း ရွေးကောက်ပွဲတွေ ကျင်းပပေးရမယ်လို့ သူတို့ အရင်တောင်းဆိုထားတဲ့အတိုင်း မဖြစ်ပေမဲ့ ကမ်းလှမ်းချက်ကို ရှပ်နီခေါင်းဆောင်တွေက ဒီကနေ့ အင်္ဂါနေ့မှာ ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ရှပ်နီတွေရဲ့ အခိုင်အမာ ဆန္ဒပြ စခန်းထဲမှာတော့ နိုင်ငံရေး မတည်မငြိမ်ဖြစ်မှု အဆုံးသတ်ဖို့ အစိုးရရဲ့ ကြိုးပမ်းမှုတွေအပေါ် ဆန္ဒပြသူတွေက သိပ်ပြီး အယုံအကြည် မရှိလှပါဘူး။

ဝပ်စ်ဆာနာ ပွန်နပ်ဂ်ပန် (Wassana Puangnagpan) ဟာ ဘန်ကောက်မြို့ပြင်ကဖြစ်ပြီး ဆန္ဒပြပွဲမှာ တီရှပ်တွေ ရောင်းနေသူ တဦးပါ။ နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပပေးဖို့ မစ္စတာ အဘီဆစ်က ကမ်းလှမ်းတာဟာ သိပ်ဝေးလွန်းတယ်လို့ သူက ပြောပါတယ်။

“စစ်မှန်တဲ့ ဒီမိုကရေစီကို ထိုင်းနိုင်ငံသားတွေ ရရှိခံစားနိုင်ဖို့ လွှတ်တော်ကို ချက်ချင်း ဖျက်သိမ်းသင့်ပါတယ်။ မင်းမျိုးမင်းနွယ် အထက်တန်းလွှာတွေထဲက မဟုတ်ဘဲ ထိုင်းနိုင်ငံအတွက် လူထုကြားထဲက ခေါင်းဆောင်တယောက် ပေါ်ထွက်လာဖို့အချိန် ရောက်နေပါပြီရှင်။”

ထိုင်းမဲဆန္ဒရှင်တွေဟာ ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ထောက်ခံတဲ့ ရှပ်နီ ဆန္ဒပြသူတွေနဲ့ လက်ရှိအစိုးရကို ထောက်ခံသူတွေကြားမှာ သူတို့ရဲ့ ထောက်ခံမှုက အတော်လေး အကွဲကွဲ အပြားပြား ဖြစ်နေပါတယ်။ မစ္စတာတပ်ခ်ဆင်နဲ့ မဟာမိတ် အာဏာရပါတီကို တရားရုံးကနေ ဖျက်သိမ်းလိုက်ပြီးတဲ့နောက် ၂၀၀၈ ခုနှစ်မှာ လက်ရှိအစိုးရ အာဏာရလာတာပါ။ မစ္စတာ တပ်ခ်ဆင်ကိုတော့ ၂၀၀၆ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး ဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ မြို့ပြ လူလတ်တန်းစားတွေနဲ့ အစဉ်အလာ အထက်တန်းလွှာတွေက မစ္စတာ တပ်ခ်ဆင်ဟာ အာဏာရှင်ဆန်ပြီး အကျင့်ပျက် ခြစားတယ်လို့ ယူဆကြပါတယ်။ ဒါပေမဲ့ ကျေးလက်လူထုနဲ့ မြို့ပြ ဆင်းရဲသားတွေကတော့ မစ္စတာတပ်ခ်ဆင်ရဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လုပ်ဆောင်ချက်တွေကြောင့် သူ့ကို ထောက်ခံကြပါတယ်။ အခုတော့ မစ္စတာတပ်ခ်ဆင်ဟာ အကျင့်ပျက် လာဘ်စားမှုဆိုင်ရာ စွဲချက်တွေနဲ့ ထောင်ချခံရမှာကို ရှောင်ဖို့ ပြည်ပမှာပဲ နေထိုင်နေပါတယ်။

ဧပြီလ ၁၀ ရက်နေ့မှာ အစိုးရက မအောင်မမြင် နှိမ်နင်း ဖြိုခွဲခဲ့တဲ့ ဖြစ်ရပ်ကြောင့် လူ ၂၅ ယောက် သေဆုံးခဲ့ရတာ အပါအဝင် သွေးထွက်သံယို ဖြစ်မှုတွေကြောင့် ကွဲပြားမှုတွေ ပို ကြီးမားခဲ့ရပါတယ်။ သွေးထွက်သံယို ဖြစ်ခဲ့တာအတွက် အစိုးရကို ခွင့်မလွှတ်နိုင်ဘူးလို့ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဆင်းရဲတဲ့ဒေသက လယ်သမား တယောက်ဖြစ်တဲ့ အတ်ဒ် အင်မ်ကေဂျောန်း (Aad Imkayjorn) က ပြောပါတယ်။

“အစိုးရကို ထောက်ခံသူတွေက ရှပ်နီ ဆန္ဒပြသူတွေကို ကျွဲတွေလို့ ခေါ်တာ ကျမ အရမ်းစိတ်ဆိုးတယ်။ ဒီလိုပြောတာက အဲဒီလူတွေကို ဘာမှ မသိတဲ့လူတွေ၊ အမိုက်အမဲတွေလို့ ခေါ်လိုက်တာပါ။ ဆန္ဒပြသူတွေကို ကျေးလက်ဒေသ ဆင်းရဲသား အများစုက ထောက်ခံနေတာပါ။”

ဆန္ဒပြသူတွေက ဆက်ပြီး အန်တုသွားမယ့် အရိပ်လက္ခဏာတွေ ပြနေပေမဲ့ တချို့ကတော့ ပင်ပန်း နွမ်းနယ်နေကြပါပြီ။ ဆန္ဒပြစခန်းမှာ တလလောက် ကြာလာပြီးတဲ့နောက် သူ ပင်ပန်းနေပြီလို့ ကမ္ဘာလှည့် ခရီးသည်တွေ အသွားများတဲ့ ပတ္တယား ပင်လယ်ကမ်းခြေ အပန်းဖြေ စခန်းမြို့က အပျော်စီးလှေမောင်းသူ မီလီဝပ်တ် ဝါတာနာစ်ဂူလ်စီရီ (Meleewat Watanasgulsiri) က ပြောပါတယ်။

“ကျနော်ကတော့ ရွေးကောက်ပွဲ ချက်ချင်း လုပ်ပေးစေချင်တယ်။ ဒါပေမဲ့ ရှပ်နီခေါင်းဆောင်တွေက စေ့စပ်ညှိနှိုင်းပြီး သဘောတူမယ် ဆိုရင်တော့ ကျနော် ပျော်ပျော်ကြီး အိမ်ပြန်သွားမှာပါ။”

ဆန္ဒပြသူတွေ စုဝေးနေကြတဲ့ နေရာဟာ ဘန်ကောက်မြို့တော်ရဲ့ အဓိက လမ်းဆုံလမ်းခွ နေရာမှာ နှစ်မိုင်ခွဲနီးပါး ရှည်လျားပါတယ်။ အဲဒီနေရာမှာ အခမဲ့ အစားအစာတွေ၊ ရေအိမ်တွေ၊ ဈေးဆိုင်တွေနဲ့ အပန်းဖြေ အစီအစဉ်တွေ စသည်အားဖြင့် သေသေချာချာ စီစဉ်ပေးထားပါတယ်။ ဘန်ကောက်ရဲ့ ပူပြင်းမှု၊ ဆူညံသံနဲ့ ခြင်ကိုက်လှတဲ့ ကြားထဲမှာပဲ ဆန္ဒပြသူတွေဟာ ရွက်ဖျင်တဲတွေအောက်မှာ အိပ်ကြပါတယ်။

ဒါပေမဲ့ အဲဒီ ဆန္ဒပြစခန်းကြောင့် ယာဉ်အသွားအလာတွေ အနှောင့်အယှက် ဖြစ်ရပြီး ရာထောင်ချီတဲ့ စီးပွားရေး လုပ်ငန်းတွေ ပိတ်ပစ်ရတာ ဒါမှမဟုတ် ဖွင့်ချိန် လျှော့ချပစ်ရတာတွေ ရှိပါတယ်။ ထောင်သောင်းချီတဲ့လူတွေ အလုပ်အကိုင် ဆုံးရှုံးကုန်တာ ဒါမှမဟုတ် ဝင်ငွေလျော့သွားတာတွေ ဖြစ်ကုန်ပါတယ်။ ဆက်ပြီး ပိတ်ဆို့ထားတာ၊ အကြမ်းဖက်ဖြစ်ရပ် အရေအတွက် တိုးလာတာနဲ့အမျှ ဆန္ဒပြသူတွေအပေါ် အစောပိုင်းတုန်းက ရှိခဲ့တဲ့ လူထုထောက်ခံမှု လျော့ကျသွားပါတယ်။

ရေရှည်ဆက်ပြီး နေသွားနိုင်တယ်လို့ ဆန္ဒပြပွဲ စီစဉ်သူတွေက ပြောပေမဲ့ ဆန္ဒပြသူ အများအပြားဟာ အိမ်တွေကနေ ထွက်လာတာ သီတင်းပတ် အတော်ကြာနေပြီဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ မိုးရာသီကာလကလည်း စတင်နေပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG