သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းတိုးဖို့ Republican အထက်လွှတ်တော် ခေါင်းဆောင် တောင်းဆို


အမေရိကန် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်ချ် မက်ကောနဲလ် (Mitch Mcconnell) က အမေရိကန်အစိုးရ အနေနဲ့ မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ ဒဏ်ခတ်ထားတာကို သက်တမ်းတိုးရေးအတွက် အမေရိကန် လွှတ်တော်မှာ မနေ့က အဆိုတင်သွင်း ပြောကြားခဲ့ပါတယ်။ မြန်မာစစ်အစိုးရဟာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လုံး၀ ဆန္ဒမရှိတဲ့အပြင် အတုအယောင် ရွေးကောက်ပွဲနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရဖို့ ကြိုးစားနေတာကို အမေရိကန်အစိုးရ အနေနဲ့ လုံး၀ လက်မခံသင့်ဘူးလို့ ပြောသွားခဲ့တာပါ။ အထက်လွှတ်တော်အမတ် မစ်ချ် မက်ကောနဲလ် အဆိုပြု တင်သွင်းချက် အသေးစိတ်ကို နော်ရှိုးက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု သက်တမ်းတိုးရေးအတွက် အထက်လွှတ်တော် တရပ်လုံး အနေနဲ့ တညီတညွတ်တည်း ထောက်ခံကြဖို့ အမေရိကန် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်ချ် မက်ကောနဲလ် ကိုယ်တိုင် မနေ့က အထက်လွှတ်တော်မှာ တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။

<!-- IMAGE -->

“ခုချိန်ဟာ မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့ ထားတာကို သက်တမ်းတိုးဖို့ အရေးကြီးဆုံးနဲ့ အသင့်တော်ဆုံးအချိန် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း မြန်မာစစ်အစိုးရဟာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ဆန္ဒမရှိဘူးဆိုတာ ထင်ရှားခဲ့ပါတယ်။ သူတို့ဟာ အတုအယောင် အခြေခံဥပဒေသစ်ကို ရေးဆွဲပြီး အတုအယောင် ရွေးကောက်ပွဲနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို လက်ခံရယူဖို့ ကြိုးစားနေတာပါ။ ကျနော့်အမြင်မှာတော့ အမေရိကန်အစိုးရ အနေနဲ့ စစ်အစိုးရ လိုချင်တဲ့ အသိအမှတ်ပြုမှုကို လုံး၀ မပေးသင့်ပါဘူး။”

နှစ် ၅၀ လောက် စစ်အုပ်ချုပ်မှုအောက်မှာ ရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲအတွက် ကြိုးပမ်းခဲ့မှု မှန်သမျှဟာ အရှုံးနဲ့ပဲ ရင်ဆိုင်ခဲ့ရတယ်၊ ၁၉၉၀ ခုနှစ်နောက်ပိုင်း စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ မလုပ်ခင် အမေရိကန် အစိုးရရော၊ ကုလသမဂ္ဂကပါ သံတမန်လမ်းကြောင်းနဲ့ အတတ်နိုင်ဆုံး ချဉ်းကပ်ခဲ့ပေမဲ့လည်း ဘာမှ အရာအထင်ခဲ့တာကို မစ္စတာ မက်ကောနဲလ်က ပြန်လည် ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။

“သမ္မတဟောင်း ကလင်တန် လက်ထက်က လက်ထောက် နိုင်ငံခြားရေးဝန်ကြီး သောမတ်စ် ဟပ်ဘ်ဘာ့ဒ် (Thomas Hubbard) ဦးဆောင်တဲ့ အဖွဲ့ကို မြန်မာနိုင်ငံကို စေလွှတ်ခဲ့တယ်၊ နောက် မစ်စ် မက်ဒလင်း အောလ်ဘရိုက် (Ms. Madeleine Albright) ကိုလည်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် အမှုထမ်းနေတုန်း စေလွှတ်ခဲ့တယ်၊ နောက် အောက်လွှတ်တော် အမတ်ဟောင်း ဘီလ် ရစ်ချတ်စန် (Bill Richardson) ကို ၂ ခေါက် စေလွှတ်ခဲ့တယ်၊ ၂၀၀၆ ခုနှစ်ကလည်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ခရစ်စ်တိုဖာ ဟေးလ် (Christopher Hill)၊ ၂၀၀၇ ခုနှစ်မှာလည်း တရုတ်နိုင်ငံမှာ စစ်ခေါင်းဆောင် တချို့ကို တွေ့ဆုံခဲ့တယ်။

“ကုလသမဂ္ဂဘက်က ကြည့်မယ်ဆိုရင်လည်း ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေကို မြန်မာနိုင်ငံကို ၁၅ ကြိမ် စေလွှတ်ခဲ့သလို အတွင်းရေးမှူးချုပ် အထူးအကြံပေးတွေကို ၂၆ ကြိမ်၊ နောက်ဆုံး ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကိုယ်တိုင် ၂ ကြိမ် သွားရောက်ခဲ့ပေမဲ့ ရလဒ်အားဖြင့် ပြုပြင်ပြောင်းလဲမှု တခုမှ မတွေ့ခဲ့ရပါဘူး။”

အခုလို သံတမန်နည်းလမ်းနဲ့ စစ်အစိုးရကို ချဉ်းကပ်ခဲ့သလို အမေရိကန် အစိုးရက ၁၉၉၇ ခုနှစ်ကစပြီး မြန်မာစစ်အစိုးရကို ပိတ်ဆို့ ဒဏ်ခတ်မှုတွေနဲ့ ဖိအားပေးခဲ့ပေမဲ့လည်း သိသာထင်ရှားတဲ့ နိုင်ငံရေး ပြောင်းလဲမှု တခုမှ မတွေ့ရဘူးလို့ ဆိုပါတယ်။ သမ္မတသစ် ဘရက်ခ် အိုဘားမား (Barack Obama) လက်ထက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် နိုင်ငံခြားရေးမူကို ပြန်လည် သုံးသပ်ပြီးနောက် စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ ပြန်လည်ထိတွေ့ ဆက်ဆံခဲ့တယ်၊ နောက်ဆုံး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ်လို့ မက်လုံးပေးခဲ့ပေးမဲ့ ဒါကို စစ်အစိုးရက လျစ်လျူရှုခဲ့တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်း နောက်ထပ် ၁ နှစ်ခွဲတောင် တိုးလိုက်သေးတယ်လို့ မစ္စတာ မက်ကောနဲလ်က ဆိုပါတယ်။

စစ်အစိုးရ ရေးဆွဲ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပေဒဟာ ဒီမိုကရေစီ နည်းလမ်းတကျ ရေးဆွဲထားတာ မဟုတ်မှန်း အများက သိနေကြပေမဲ့ ရွေးကောက်ပွဲ ဥပဒေ ထွက်လာရင်များ ဒီမိုကရေစီ ဖော်ဆောင်ရေးဘက်ကို ဦးတည်သွားလေမလားလို့ မျှော်လင့်ချက်တွေ ရှိခဲ့ပါတယ်၊ ဒါပေမဲ့ တကယ်တမ်း ရွေးကောက်ပွဲ ဥပဒေ ထွက်လာတော့ အဲဒီ မျှော်လင့်ချက်တွေ ပျောက်ဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အမေရိကန်အစိုးရ အနေနဲ့ကတော့ မြန်မာစစ်အစိုးရနဲ့ အတိုက်အခံတွေကြား တွေ့ဆုံ ဆွေးနွေးရေးကို လိုလားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေအရ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ စစ်အစိုးရ အနေနဲ့ နိုင်ငံတကာက အသိအမှတ် ပြုတာကို တကယ်ပဲ လိုချင်တယ်ဆိုရင် သိသာထင်ရှားတဲ့ တိုးတက် ပြောင်းလဲမှုတွေကို လက်တွေ့မှာ ဆောင်ရွက်ပြဖို့ လိုလိမ့်မယ်လို့လည်း မစ္စတာ မက်ကောနဲလ်က ပြောသွားခဲ့ပါတယ်။

“စစ်အစိုးရ အနေနဲ့ Legitimacy နိုင်ငံတကာရဲ့ အသိအမှတ်ပြု ယုံကြည်မှုကို အတင်း အဓမ္မ ရယူလို့ မရပါဘူး။ တကယ်ပဲ နိုင်ငံတကာရဲ့ ယုံကြည်စိတ်ချမှုကို ရယူလိုတယ်ဆိုရင် ပထမခြေလှမ်း အနေနဲ့ ရွေးကောက်ပွဲတွေကို အများလက်ခံ ယုံကြည်အောင် ကျင်းပပေးရပါလိမ့်မယ်။ အခုလက်ရှိ အခြေခံဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေနဲ့ လက်ရှိ မြန်မာပြည်တွင်း နိုင်ငံရေးရေချိန်နဲ့ ဆိုရင်တော့ အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ ဘယ်နည်းနဲ့မှ ယုံကြည် လက်ခံနိုင်ဖွယ် ရှိမှာ မဟုတ်ပါဘူး။”

ပြီးခဲ့တဲ့ အပတ်ကလည်း ဥရောပသမဂ္ဂက မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ၂၀၁၁ ခုနှစ်အထိ သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။

နောက်အပတ်ကျရင်လည်း အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ဟာ အရှေ့တောင်အာရှတွေကို သွားမယ့် ခရီးစဉ်မှာ မြန်မာနိုင်ငံကိုလည်း ဒုတိယအကြိမ်အဖြစ် သွားမယ်လို့ မျှော်လင့်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG