သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD နိုင်ငံရေးပါတီအဖြစ် ရပ်တည်မှု နောက်ဆုံးနေ့


မြန်မာစစ်အစိုးရရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဟာ နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့် ဒီကနေ့ နောက်ဆုံး ဖြစ်ပါတယ်။ လောလောဆယ် အခြေအနေမှာတော့ ရန်ကုန်မြို့က NLD ပါတီ ရုံးချုပ်နဲ့ နယ်ရုံးတွေကို ဆက်လက် ဖွင့်လှစ်ထားဖို့ ဆုံးဖြတ်ထားကြပါတယ်။ အစိုးရက NLD ပါတီကို ဖျက်သိမ်းလိုက်မယ် ဆိုရင် ပါတီအနေနဲ့ အနာဂတ်မှာ ဘယ်လို ဆက်လက် ရပ်တည်မှာပါလဲ၊ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက မတ်လအတွင်း ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ဆိုရင် တည်ရှိဆဲ ပါတီတွေဟာ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်မှာ ထပ်မံ မှတ်ပုံမတင်ရင် နိုင်ငံရေးပါတီအဖြစ်က အလိုအလျောက် ပျက်ပြယ်မှာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံနိုင်တာကြောင့် ထပ်မံ မှတ်ပုံမတင်ခဲ့ပါဘူး။

မြန်မာစစ်အစိုးရက ထုတ်ပြန်ထားတဲ့ ဥပဒေအရဆိုရင် ပါတီရဲ့ တရားဝင် တည်ရှိမှုဟာ ဒီကနေ့ သတ်မှတ်ရက် ပြည့်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် မနက်ဖြန်က စတင်ပြီး NLD ပါတီ ရုံးချုပ်ရဲ့ နိုင်ငံရေး ဆောင်ရွက်မှု ပုံစံတွေကို စတင် ပြောင်းလဲတော့မှာ ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးအုံးကြိုင်က ပြောပါတယ်။

“ဌာနချုပ်ရုံးကိုတော့ မနက်ဖြန် ပုံမှန်အတိုင်းပဲ ဆက်ပြီးတော့ ဖွင့်ထားမှာပါ။ ကျနော်တို့ အဖွဲ့ဝင်တွေလည်း လာနေကြမှာပါ။ အရင် ဒေါ်အောင်ဆန်းစုကြည် ပြောထားတဲ့ အတိုင်းပဲ၊ မနက်ဖြန်ကစပြီး နိုင်ငံရေးဆန်သော လုပ်ငန်းတွေကတော့ ရပ်ဆိုင်းလိုက်တော့မှာ ဖြစ်ပါတယ်။ အစည်းအဝေး လုပ်တာတို့၊ သဘောထား ကြေညာတာတို့၊ ထုတ်ပြန်ကြေညာချက် လုပ်တာတို့ အဲဒါတွေ ရှိမှာ မဟုတ်တော့ပါဘူး။ သို့သော်လည်း ကျနော်တို့ဘာသာ စုံပြီး စကားပြောနေကြတာတို့၊ ဘာလုပ်ရရင် ကောင်းမလဲ ဆွေးနွေးနေတာတွေကတော့ ရှိကောင်း ရှိမှာပေါ့ဗျာ။”

<!-- IMAGE -->

ဒီကနေ့မှာလည်း NLD ရုံးချုပ်ကို ပုံမှန် ဖွင့်လှစ်ခဲ့ပြီး နာဂစ် လုပ်ငန်းကော်မတီနဲ့ ဗဟိုအလုပ်အမှုဆောင် ဆွေးနွေးပွဲကို ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။ NLD ပါတီဟာ တရားဝင်ပါတီ အဖြစ်က ဖျက်သိမ်းခံရရင်လည်း လူမှုရေး၊ နိုင်ငံရေး လုပ်ငန်းတွေကို အစုအစည်းမပျက် ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

မန္တလေးတိုင်းဘက်က အခြေအနေကိုတော့ တိုင်းစည်းရုံးရေး ကော်မတီဝင် တဦးဖြစ်တဲ့ ကိုမျိုးနိုင်က အခုလို ပြောပါတယ်။

“ကျနော်တို့ကတော့ ပြီးခဲ့တဲ့ မေ ၂ ရက်နေ့က မြို့နယ်တွေနဲ့ ညှိနှိုင်းခဲ့ပါတယ်။ အဲဒါက သက်ဆိုင်ရာ မြို့နယ် အနေအထားပေါ် မူတည်ပြီးတော့ လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ဆိုပြီး ညှိနှိုင်းဆွေးနွေးချက် ရှိတယ်။ ကျနော်တို့ကတော့ ဘာလေးလုပ်ပါ၊ ညာလေးလုပ်ပါလို့တော့ ပြောမထားဘူး၊ ကိုယ့်နယ်မြေ ဒေသပေါ်မှာ မူတည်ပြီး ကိုယ်လုပ်နိုင်တဲ့ ခွင်ပေါ်မှာ မူတည်ပြီး လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့။ အဲတော့ မြို့နယ်တွေကလည်း ပြောကြပါတယ်၊ တချို့ကတော့ သာရေး၊ နာရေး ကိစ္စတွေမှာ ပိုမိုဆောင်ရွက်မယ်လို့ ပြောတယ်။ တိုင်းကတော့ နိုင်ငံရေး အကျဉ်းသား ထောင်ကျမိသားစုများရဲ့ လူမှုထောက်ကူပြု လုပ်ငန်းတွေကို ပိုပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်မယ်လို့ ဆုံးဖြတ်ထားပါတယ်။”

မန္တလေးက မြို့နယ် ၄ မြို့နယ်မှာရှိတဲ့ ပါတီရုံးတွေကိုတော့ ဆက်လက် ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ ကိုမျိုးနိုင်က ပြောပါတယ်။

မိတ္ထီလာမြို့နယ်ဘက်က ဆက်လက် ဆောင်ရွက်သွားမယ့် အခြေအနေကို မြို့နယ် စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ သိန်းလွင်က အခုလို ပြောပြပါတယ်။

“ကျနော်တို့ကတော့ ရွေးကောက်ပွဲ မဝင်တာဘဲ ရှိတယ်၊ ပါတီအနေနဲ့ရော ဒီအင်အားစု အနေနဲ့ရော မပျက်ပြယ်အောင် ကျနော်တို့ မိတ္ထီလာမြို့နယ် အနေနဲ့ ၂၃ ရက်နေ့တိုင်း လစဉ် ပုံမှန် အစည်းအဝေးရှိတယ်။ ကျနော်တို့ အနေနဲ့ အစည်းအဝေးရယ်လို့တော့ လုပ်လို့မရဘူး၊ ဆုံးဖြတ်ချက်တွေ ချလို့မရဘူး။ ဒါပေမဲ့ ကျနော်တို့ တွေ့ဆုံပွဲပေါ့၊ လာနေကြအတိုင်းပဲ လာကြပါ၊ စကားဝိုင်းပုံစံမျိုးပဲ ဖြစ်ဖြစ်၊ တွေ့ဆုံပွဲ ပုံစံမျိုးပဲဖြစ်ဖြစ်၊ အစည်းအဝေးတော့ မဟုတ်ဘူး၊ အာဂျင်ဒါ မပါဘူး၊ ဆုံးဖြတ်ချက် မချဘူး။ ဒါပေမဲ့ ကျနော်တို့ အမြဲတမ်း ဒီလိုပဲ ထိတွေ့နေမယ်။

“ကျနော်တို့က လုပ်ရိုးလုပ်စဉ် လုပ်ငန်းတွေကို ဆက်လက်ပြီး အမည်မခံဘဲနဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လုပ်သွားမှာပဲ။ ကျနော်တို့ ဒီအတိုင်းချည်း ပါတီလည်း မရှိတော့ဘူး၊ ဘာမှလုပ်စရာ မရှိတော့ဘူးဆိုပြီး ထိုင်သွားမှာ မဟုတ်ဘူး။”

ပါတီ တရားဝင် ရပ်တည်ခွင့် မရရင်တောင် ပါတီဝင်တွေ ဆက်လက် စုစည်းဖို့နဲ့ နိုင်ငံရေး၊ လူမှုရေး လှုပ်ရှားမှုတွေကို မိတ္ထီလာမြို့နယ်မှာသာမက နီးစပ်ရာ သာစည်၊ ဝမ်းတွင်း၊ မလှိုင် စတဲ့ မြို့တွေမှာပါ ဆက်စပ် အကောင်အထည် ဖော်သွားမယ်လို့ ဆက်ပြောပါတယ်။

မတ္တရာမြို့နယ်မှာတော့ ပါတီရဲ့ တရားဝင် ရပ်တည်မှုဟာ သတ်မှတ်ရက် ပြည့်ပြီ ဖြစ်တာကြောင့် ဒီနေ့ ပါတီဆိုင်းဘုတ် ဖြုတ်ချခဲ့ပါတယ်။ ဒါပေမဲ့ ဗဟိုညွှန်ကြားချက်အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ မတ္တရာမြို့နယ်က NLD ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောပါတယ်။

“ကျနော်တို့က ၆ ရက်နေ့မှာ မှတ်ပုံမတင်ဘူးဆိုရင်၊ အဲဒီအခြေအနေပေါ်မှာ မူတည်ပြီး ရုံးကတော့ ဒီနေ့ လုပ်လိုက်တဲ့ သဘောပဲ ရှိတယ်။ ရုံးပိတ်တယ်ဆိုတာ ဒီနေ့ ဆိုင်းဘုတ် ချလိုက်တယ်။ ကျနော်တို့က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေးအတွက် ဆက်လုပ်မယ်။ လက်မြှောက် အညံ့ခံ အရှုံးပေးလိုက်တာ မဟုတ်ပါဘူး။ ကျနော်တို့က ဒီအပေါ်မှာ ဘယ်နည်းနဲ့ ဆက်သွားရမလဲ၊ လူမှုရေးလုပ်ငန်း လုပ်လို့ရမလား၊ လူမှုရေး လုပ်ငန်းတွေ လုပ်ဖို့ ဗဟိုက ညွှန်ကြားလာရင်၊ အခြေအနေ တခုအပေါ်မှာ မူတည်ပြီး ညွှန်ကြားလာရင် ကျနော်တို့က လုပ်သင့်လုပ်ထိုက်တာ အကုန် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိပါတယ်။”

မတ္တရာမြို့နယ် အတွင်းက တောင်ပြုံးကျေးရွာမှာလည်း မနေ့က ပါတီဆိုင်းဘုတ် ဖြုတ်ချခဲ့ပါတယ်။

မြစ်ကြီးနားနဲ့ ရေနံချောင်း မြို့တွေမှာတော့ ဒီနေ့အထိ ရုံးတွေကို ဖွင့်လှစ်ထားဆဲဖြစ်ပြီး နောက်ရက်တွေမှာလည်း ဆက်လက် ဖွင့်လှစ်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီနေ့အချိန်ထိတော့ ဗဟိုနဲ့ အခြားမြို့ကြီး အတော်များများမှာ ပါတီဆိုင်းဘုတ် ဖြုတ်ဖို့အတွက် အာဏာပိုင်တွေဘက်က ဖိအားပေးတာ မရှိဘူးလို့ သိရပါတယ်။

စစ်အစိုးရ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေအရ တည်ရှိဆဲ ပါတီတွေဟာ သတ်မှတ်ရက်အတွင်း မှတ်ပုံမတင်ရင် ပါတီရပ်တည်ခွင့် ပျက်ပြယ်မယ့်သဘော ရှိနေတာကြောင့် ဒါကို တားမြစ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တရားရုံးချုပ်ကို ပြီးခဲ့တဲ့ လကုန်ပိုင်းတုန်းက လျှောက်ထားခဲ့ပါတယ်။ ဒါပေမဲ့ ရန်ကုန်တိုင်း တရားရုံးက မနေ့က အဲဒီ လျှောက်ထားချက်ကို ပယ်ချခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG