သုံးရလွယ်ကူစေသည့် Link များ

NLD CEC အချို့ သီးခြားပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မည်


NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က CEC ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်းတွေဟာ သီးခြား နိုင်ငံရေးပါတီတခု အဖြစ်နဲ့ ဒီကနေ့ ဖွဲ့စည်းလိုက်ကြပြီ ဖြစ်ပါတယ်။ ဒါဟာ NLD ပါတီ အနေနဲ့ တရားဝင် နိုင်ငံရေးပါတီ အဖြစ်နဲ့ ရပ်တည်ခွင့်ရတဲ့ ဒီကနေ့ နောက်ဆုံးနေ့ တနေ့တည်းမှာပဲ NLD ပါတီက ခွဲထွက်လာတဲ့ သီးခြား ပါတီအသစ် စတင် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

NLD ပါတီ CEC ဟောင်းတွေနဲ့ ပါတီထဲက လွှတ်တော်အမတ်တွေ ပါဝင်တဲ့ သဘောထား တိုက်ဆိုင်သူတွေ ဒီကနေ့ တွေ့ဆုံပြီး ပါတီဖွဲ့စည်းဖို့ ဆွေးနွေးဖြစ်ကြတဲ့အကြောင်း ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၁ က ရွေးကောက်တင်မြှောက် ခံခဲ့ရတဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းငြိမ်းက ပြောပြပါတယ်။

“ဒီနေ့ပဲ တိုက်တိုက်ဆိုင်ဆိုင် ကျနော်တို့အားလုံး စုစည်းမိတယ်ပေါ့၊ ကျနော်တို့ သဘောထားချင်း ညီမျှတဲ့ ပုဂ္ဂိုလ်တွေ စုစည်းပြီးတော့ ဒီကနေ့ ဒါကို ၀ိုင်းစဉ်းစားပြီး ဆုံးဖြတ်တာပါ။ နာမည်ကတော့ ကျနော်တို့ ဒီနေ့ ရွေးထားတာကတော့ အမျိုးသား ဒီမိုကရေစီ အင်အားစုဆိုပြီး ရွေးထားပါတယ်။ အင်္ဂလိပ်လိုတော့ National Democratic Force ပေါ့။ ကျနော်တို့ ဒီနေ့ကတော့ အရေးကြီးတဲ့ ကိစ္စလေးတွေပဲ ဆွေးနွေးတာပါ။ မူအားဖြင့်ကတော့ ကျနော်တို့က တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြိုင်နိုင်ဖို့ ရည်ရွယ်တဲ့ National Party ပေါ့ဗျာ။ အဲဒါကိုပဲ ကျနော်တို့ ရည်ရွယ်ပါတယ်။

“သို့သော်လည်း တကယ်တမ်း လက်တွေ့ကျတော့ အဲဒီလောက်အထိ ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာတော့ တပိုင်းပေါ့။ ကျနော်တို့ကတော့ သူ့ဥပဒေအတိုင်းပေါ့ဗျာ။ ပါတီဖွဲ့စည်းရေး ဥပဒေအတိုင်း ပထမ ၁၅ ယောက်ပေါ့၊ သို့မဟုတ် ၁၅ ယောက်ထက် ပိုရင်လည်း ပိုသလောက်ပေါ့။ အဲဒါကို ကျနော်တို့က စာရင်းတင်ရမှာကိုး။ အဲဒီအတွက်ကို ကျနော်တို့ ဒီနေ့ စဉ်းစားကြတာပေါ့။ နေရာကတော့ ခေါင်းဆောင်၊ ဒု-ခေါင်းဆောင် ဘာညာ၊ EC တို့ ဘာတို့ ဒါတွေကတော့ မစဉ်းစားရသေးပါဘူး။”

အခုဖွဲ့စည်းလိုက်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီသစ် အနေနဲ့ ဒီလလယ်လောက်မှာ ရွေးကောက်ပွဲ ၀င်ရေးအတွက် မှတ်ပုံတင်နိုင်ဖို့ စီစဉ်နေပြီး ဒီ့မတိုင်ခင်မှာ ပါတီဖွဲ့စည်းပုံနဲ့အတူ ကြေညာချက် ထုတ်ပြန်သွားမယ်လို့လည်း ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။

ဒီပါတီသစ်ဟာ NLD အဖွဲ့ဝင်ဟောင်းတွေနဲ့ ဖွဲ့စည်းမှာ ဖြစ်တဲ့အတွက် နိုင်ငံရေး ရပ်တည်ချက်၊ လုပ်ဆောင်ချက်တွေကလည်း အရင် NLD ပါတီနဲ့ ကွာခြားချက် သိပ်ရှိလှမှာ မဟုတ်ပေမဲ့ လုပ်ငန်းပိုင်း ဆိုင်ရာတွေမှာတော့ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အခြေအနေပေါ် မူတည်ပြီး ကွာခြားချက် ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ NLD ပါတီဝင်ဟောင်းတွေထဲက ဒီပါတီအပေါ် ဘယ်လောက် ထောက်ခံမှုရှိမယ် ဆိုတာတော့ အတိအကျ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

“အခုလက်ရှိတော့ ပြောလို့မရသေးဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့အထိ ကျနော်တို့က NLD ပါတီဝင် အနေနဲ့ပဲ ရပ်တည်လာတာကိုး။ စောစောကဟာတွေကလည်း ကျနော်တို့ အချင်းချင်းမှာ အကြမ်းဖျင်း ဆွေးနွေးတာလောက်ပဲ ရှိတယ်။ တကယ်တမ်း ကျနော်တို့ စည်းရုံးရေးတွေ မလုပ်ပါဘူး။ နယ်တွေကို ဆင်းပြီး ကြိုပြီး စည်းရုံးတာတို့ ဘာတို့ မလုပ်ခဲ့ဘူး။ မလုပ်ခဲ့တော့ ကျနော်တို့က အခုအချိန်မှာတော့ ပြောဖို့ ဝေးသေးတယ်ပေါ့။

“သို့သော်လည်း ယေဘုယျ သဘောထားကိုသာ ကျနော်တို့ ပြောတာပါ။ ယေဘုယျ သဘောထားကတော့ NLD မှာ အနှစ် ၂၀ ကျော် ၀င်လုပ်လာတယ် ဆိုတာက ဒါ အပျော်လုပ်တဲ့လူတွေ မဟုတ်ဘူးလေ။ တကယ့်ကို တိုင်းပြည်အတွက် နိုင်ငံရေးကို ဇောက်ချလုပ်မယ် ဆိုပြီးတော့ အပင်ပန်းခံ၊ အနစ်နာခံပြီး လုပ်လာခဲ့ကြတာပဲ။”

ပါတီအနေနဲ့ အခုမှ ဖွဲ့စည်းတာလည်း ဖြစ်တာကြောင့် ရန်ပုံငွေ လုံလုံလောက်လောက် မရှိတာအပြင် ကိုယ်စားလှယ် တဦးချင်းစီအတွက် ထည့်ဝင်ရမယ့် ငွေကြေးပမာဏကလည်း များလွန်းနေတာကြောင့် နယ်ကိုယ်စားလှယ်တွေ အနေနဲ့ ကိုယ့်စရိတ်ကိုယ် ရှာဖွေကြရမှာဖြစ်ပြီး ဗဟိုက ထောက်ပံ့ပေးနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အခုဖွဲ့စည်းလိုက်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီသစ်ထဲမှာ အရင် NLD အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်၊ ဦးစိန်လှဦး၊ ဒေါက်တာဝင်းနိုင် တို့အပြင် တခြား လူသိများတဲ့ အဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG