သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခွပ်ဒေါင်းအလံသုံးပြီး ရွေးကောက်ပွဲ ဝင်မည့်ကိစ္စ ကျောင်းသားအဖွဲ့များ ကန့်ကွက်


ခွပ်ဒေါင်းအလံသုံးပြီး ရွေးကောက်ပွဲ ဝင်မည့်ကိစ္စ ကျောင်းသားအဖွဲ့များ ကန့်ကွက်
ခွပ်ဒေါင်းအလံသုံးပြီး ရွေးကောက်ပွဲ ဝင်မည့်ကိစ္စ ကျောင်းသားအဖွဲ့များ ကန့်ကွက်

အခုလာမယ့် ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ ပါတီမှတ်ပုံတင်ရာမှာ ဦးရဲထွန်း ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီရဲ့ အလံကို ကျောင်းသားသမဂ္ဂ အလံအဖြစ် အသုံးပြုထားတဲ့အပေါ် အရင် ကျောင်းသားခေါင်းဆောင်ဟောင်းတွေရော၊ လက်ရှိ ကျောင်းသားသမဂ္ဂတွေကပါ ကန့်ကွက်နေကြပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက စုစည်း တင်ပြပေးထားပါတယ်။

၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီရဲ့ အလံဟာ ဗကသများ အဖွဲ့ချုပ်ရဲ့ အလံဖြစ်တာကြောင့် ဒါဟာ ကျောင်းသားသမိုင်း အစဉ်အလာကို ထိခိုက်စေတယ်လို့ ကန့်ကွက်သူတွေက ပြောပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ဆိုတာဟာ လက်ရှိ နှစ်ရှည်ထောင်ဒဏ်တွေနဲ့ အကျဉ်းကျခံနေရတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ဖွဲ့ပြီး နောက်ပိုင်း စင်ပြိုင်သဘောမျိုး ပေါ်လာတာပါ။ ဒီအဖွဲ့ဟာ အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုကို ကန့်ကွက်လှုပ်ရှားမှုတွေ လုပ်ခဲ့ပြီး အတိုက်အခံ ဒီမိုကရေစီ လှုပ်ရှားသူတွေ အမြင်မှာတော့ ဒီအဖွဲ့ဟာ အစိုးရလိုလားတဲ့ အဖွဲ့၊ စစ်အစိုးရက နောက်ခံပေးထားတဲ့ အဖွဲ့လို့ ယူဆကြပါတယ်။

အခုလို ကျောင်းသားသမဂ္ဂ အလံကို ပါတီအလံအဖြစ် ယူသုံးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ မြေအောက်အဖွဲ့အစည်း တခုအနေနဲ့ ရပ်တည်လှုပ်ရှားနေတဲ့ ဗကသများ အဖွဲ့ချုပ်ကလည်း ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပါတယ်။ ပြောခွင့်ရသူ ကိုဇာနည်က ဒီအလံဟာ ကျောင်းသားထုတင် မဟုတ်ဘူး၊ မြန်မာလူထုက ယုံကြည်အားထားရတဲ့ အလံဖြစ်တယ်၊ ဒါကို အလွဲသုံးစား မလုပ်သင့်ဘူးလို့ မြင်ပါတယ်။

“ဒီလိုအလံကို နိုင်ငံရေးပါတီ အဖွဲ့အစည်း၊ တဦးတယောက်ရဲ့ သဘောထားအတွက် ဒီရဲ့ ပုံရိပ်ကို ယူသုံးတာဟာ ကျနော်တို့ အနေနဲ့ လုံး၀ လက်ခံနိုင်စရာ အကြောင်း မရှိဘူးလို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အစဉ်အဆက် သမိုင်းတွေမှာ ဗကသ ကျောင်းသားသမဂ္ဂတွေနဲ့ တွဲပြီး ခွပ်ဒေါင်းအလံဆိုတာ အမြဲတမ်း ဝင့်ဝင့်ထည်ထည် ရှိခဲ့ပါတယ်၊ လူထုကို သစ္စာမဖောက်ခဲ့ဘူး ဖြစ်တဲ့အတွက် လူထုကိုယ်တိုင်ကလည်း ဒီခွပ်ဒေါင်းအလံရယ်လို့ လွှင့်ထူလိုက်ပြီ ဆိုတာနဲ့ ဒီအလံပေါ်မှာရော ကျောင်းသားသမဂ္ဂ အပေါ်မှာရော ယုံကြည်မှု ရှိတယ်။”

ဒီကိစ္စနဲ့ ပတ်သက်လို့တော့ အရင် ၈၈ လှုပ်ရှားမှုမှာ ပါဝင် ပတ်သက်ခဲ့ကြတဲ့ ကျောင်းသားဟောင်းတွေကလည်း ကန့်ကွက်ကြောင်း ကော်မရှင်ကို စာတင်ဖို့ ပြင်ဆင်နေတယ်လို့ ကြားရပါတယ်။ ၁၉၈၉ ခုနှစ်မှာ ဗကသများ အဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူး တာဝန် ယူခဲ့တဲ့ ကိုညိုထွန်းကတော့ ခွပ်ဒေါင်းဆိုတာ ကျောင်းသားထု သင်္ကေတ ဆိုတာ မှတ်ပုံတင်စရာ မလိုဘဲ မြန်မာလူထုအားလုံး သိကြတယ်လို့ ပြောပါတယ်။

“သူတို့က သမိုင်းကို နားမလည်လို့ သုံးမိတာ ဆိုရင်တော့ ဝမ်းနည်းစရာပေါ့ဗျာ။ နောက်တခုက သူတို့က ကျောင်းသားတွေရဲ့ သင်္ကေတဆိုတဲ့ ပုံစံနဲ့ လူထုကို ထင်ယောင်ထင်မှား လုပ်ချင်ပြီး မရိုးသားတဲ့ စိတ်နဲ့ နိုင်ငံရေးလုပ်တယ် ဆိုရင်တော့၊ ဒီအလံကို ယူတယ် ဆိုရင်တော့ ကျနော်က ပြင်းပြင်းထန်ထန်ကို ရှုတ်ချ ကန့်ကွက်တယ်ခင်ဗျ။

“ခွပ်ဒေါင်းဆိုတာ ကျောင်းသားထု တရပ်လုံးရဲ့ သင်္ကေတပဲဗျ။ ဒါ မှတ်ပုံမတင်ရဘဲနဲ့ အသိအမှတ်ပြုထားတဲ့ ကိစ္စပဲ။ ဒါ့အပြင် သူတို့ ဒီလိုလုပ်လိုက်တာဟာ ကိုလိုနီခေတ် လွတ်လပ်ရေး ဦးဆောင်ပြီး ယူခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ ကျောင်းသားထု တရပ်လုံးတွေက စပြီးတော့ ဒီနေ့အချိန်အထိ ရှိနေတဲ့ ကျောင်းသားထု တရပ်လုံးကို စော်ကားလိုက်မှုကြီး တခုပဲလို့ ကျနော်တော့ ခံစားရတယ်။”

ဒီ့အတွက် ကိုညိုထွန်းတို့ ဘယ်လိုများ စီစဉ်နေကြလဲခင်ဗျ၊ ကန့်ကွက်ဖို့အတွက် ပြင်တယ်လို့ ကြားရပါတယ်။

“အဲဒီအတွက်တော့ ပြင်ဆင်နေပါတယ်။ ကန့်ကွက်ဖို့ကလည်း မနက်ဖြန် နောက်ဆုံး ဖြစ်နေပါတယ်။”

အဲဒါ ကော်မရှင်ကို လှမ်းပြီး ကန့်ကွက်ရမှာပေါ့နော်။

“ဒါပေါ့။ တချို့ဆိုရင်လည်း လက်မှတ်တွေ လိုက်ထိုးနေပါတယ်။ အဲဒီသတင်းလည်း ကြားရပါလိမ့်မယ်။ အဲဒါကတော့ ကော်မရှင်ကို စာရောက်သွားတဲ့အခါ သတင်းထွက်လာပါလိမ့်မယ်။”

၈၈ မျိုးဆက် ကျောင်းသားဟောင်းတွေထဲမှာ အခုလာမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ထောင်ကြသူတွေလည်း ရှိပါတယ်။ ပြည်ထောင်စု ဒီမိုကရေစီပါတီ အဖြစ် မှတ်ပုံတင်ထားတဲ့ ကိုဖြိုးမင်းသိန်းက ဒီ ကျောင်းသားသမဂ္ဂ အလံကို သူတို့အနေနဲ့ တန်ဖိုးထားတာကြောင့် ပါတီနိုင်ငံရေးထဲကို ဆွဲမသွင်းသင့်ဘူးလို့ အမြင်ရှိပါတယ်။

“သမိုင်းအပေါ်မှာ သစ္စာရှိရပါမယ်။ အခု သူတို့ယူသုံးတဲ့ ခွပ်ဒေါင်းအလံတော်ဟာ ဗကသရဲ့ အလံတော် ဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဗကသမှာ တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။ ကျနော်တို့ဟာ ဒီအလံတော်ကြီး အပေါ်မှာ သစ္စာရှိသင့်ပါတယ်။ ဒီအလံတော်ကြီးဟာ အမျိုးသားရေး အလံတခု ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတခု လုပ်မယ်ဆိုရင် ဗကသရဲ့ အလံတော်ကိုတော့ မသုံးသင့်ပါဘူး။”

၈၈ ခုနှစ်နောက်ပိုင်း ၉၀ ခုနှစ် ရွေးကောက်ပွဲအတွက် ပါတီတွေ မှတ်ပုံတင်ကြတော့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလံမှာ ခွပ်ဒေါင်းတံဆိပ် ပါဝင်တာကြောင့် ကျောင်းသားအစုအချို့ ကန့်ကွက် ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ NLD အလံဟာ ကျောင်းသားသမဂ္ဂအလံ မဟုတ်သလို သူတို့အလံထဲမှာ ခွပ်ဒေါင်းကို ထည့်သွင်းထားတာဟာ ၈၈ လှုပ်ရှားမှုကို စခဲ့တဲ့ ကျောင်းသားတွေကို ဂုဏ်ပြုလိုတာ ဖြစ်တယ်လို့ အဲဒီတုန်းက ဖြေရှင်းခဲ့ပါတယ်။

အခု ကန့်ကွက်မှုတွေနဲ့ ပတ်သက်လို့ ဒီအဖွဲ့ကို စတင်ထူထောင်တဲ့ ဦးအေးလွင်ကိုရော၊ လက်ရှိ ပါတီခေါင်းဆောင် ဖြစ်တဲ့ ဦးရဲထွန်းကိုပါ မေးမြန်းဖို့ သူတို့ပါတီရုံးကို ဆက်သွယ်ခဲ့ပေမဲ့ သူတို့နှစ်ဦးစလုံး နေပြည်တော်ကို သွားရောက်နေတာကြောင့် သူတို့ရဲ့ အမြင်တွေ၊ တုံ့ပြန်ချက်တွေကို မေးမြန်းခွင့် မရခဲ့ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG