သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်ဗုံးခွဲသူ မိပြီဟု ရဲချုပ်ခင်ရီ ရှင်းလင်း


ရန်ကုန်သင်္ကြန် ဗုံးခွဲမှုနဲ့ ပတ်သက်သူ တဦးကို ဖမ်းမိထားပြီး ဒါဟာ ပြည်ပက အဖွဲ့အစည်းတွေ လက်ချက် ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲချုပ် ခင်ရီက မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ အကြောင်းစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဗုံးခွဲတဲ့ အဓိက တရားခံ အဖွဲ့အစည်းကတော့ စွမ်းအားမြင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ (VBSW) ဖြစ်တယ်လို့ ရဲချုပ်ခင်ရီက ဒီကနေ့ နေလယ်ပိုင်း တနာရီကျော်ကြာ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ဗုံးခွဲမှုမှာ ကိုယ်တိုင် မဟုတ်ပေမဲ့ ဘေးက စောင့်ကြည့်ပေးတဲ့ ပတ်သက်သူ ဖြိုးဝေအောင် ခေါ် မိုဟာမက် ယှဗန်ကိုတော့ ဖမ်းမိထားပြီး အခြား ၃ ဦးကတော့ လွတ်မြောက်သွားတယ်လို့ ရဲချုပ်ခင်ရီက ပြောပါတယ်။ သူတို့ဟာ VBSW အဖွဲ့ဝင်တွေဖြစ်ပြီး ဒီလုပ်ရပ်တွေအတွက် ABSDF၊ KNU စတဲ့ အဖွဲ့အစည်းတွေက ပံ့ပိုးကူညီ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲထားပါတယ်။

ABSDF ဥက္ကဋ္ဌ ကိုသံခဲကတော့ ဒါကို ငြင်းပါတယ်။ ဒီဗုံးခွဲမှုဟာ စစ်အစိုးရ အဝန်းအဝိုင်းထဲက ဖန်တီးမှု ဖြစ်တယ်လို့ သူက ပြန်လည်စွပ်စွဲခဲ့ပါတယ်။

“လုံး၀ မဟုတ်ပါဘူး။ ဒီဗုံးပေါက်ကွဲမှုကို ကျနော်တို့ ယုံကြည်တာကတော့ အဓိက တရားခံဟာ နအဖတွေ ကိုယ်တိုင်ပဲလို့ ကျနော်တို့ ယူဆပါတယ်။ အထူးသဖြင့် မြန်မာပြည်မှာ နအဖ စစ်ခေါင်းဆောင်တွေ ကြားထဲမှာ တဦးနဲ့တဦး မကျေလည်မှုတွေ၊ စီးပွားရေး ပြိုင်ဆိုင်မှုတွေ၊ ဂိုဏ်းဂဏတွေက တနေ့တခြား ကြီးထွားနေပါတယ်။ အခုလိုမျိုး ကုမ္ပဏီတွေ၊ ပြိုင်ဘက်တွေ ကြားထဲမှာ တဦးနဲ့တဦး တိုက်ခိုက်မှုတွေဟာ တဖြည်းဖြည်းနဲ့ ဒီ့ထက်ပိုပြီး ဆိုးလာနိုင်တယ်လို့ပဲ ကျနော် ယူဆပါတယ်။

“အခု ဗုံးပေါက်ကွဲမှုမှာ အပြစ်မဲ့ ပြည်သူတချို့ သေဆုံး ဒဏ်ရာရကြတယ်။ ဒီဟာကြီးကို အကြောင်းပြပြီးတော့ မိမိနဲ့ နိုင်ငံရေး အယူအဆ မတူတဲ့လူတွေ၊ ဒီမိုကရေစီရေး ကြိုးပမ်းနေတဲ့လူတွေ၊ တခြား မဆိုင်တဲ့လူတွေကိုပါ စွဲပြီးတော့ ဗုံးပေါက်ကွဲမှုရဲ့ တရားခံပါဆိုပြီး ပြောလာနိုင်ပါတယ်။ ပြောပြီး မတရား အပြစ်တွေပေးမယ်၊ ထောင်တွေကျမယ်။ ဒါတွေက နအဖ အရင်တုန်းကလည်း လုပ်ခဲ့ဖူးတယ်၊ အခုလည်း အဲဒါတွေ လုပ်နေတယ်လို့ ကျနော်တို့ကတော့ အချက်အလက်တွေ ရထားတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါကြောင့် ဒီအခြေခံအောက်မှာ အဓိက တရားခံက နအဖပဲ။ ဒါတွေကို တာဝန်ယူရမယ်လို့ ကျနော် ဒီနေရာက တောင်းဆိုပါတယ်။”

အခု သတင်းစာ ရှင်းလင်းပွဲမှာတော့ သူတို့ဘက်က သက်သေ သက္ကာယတွေနဲ့ ပြနေပါတယ်၊ ဓာတ်ပုံတွေနဲ့ပေါ့။ ဖမ်းမိထားတာ တယောက်ရှိတယ်၊ ၃ ယောက် လွတ်မြောက်သွားတယ်ဆိုတော့ အဲဒီ သက်သေပြတာတွေနဲ့ ပတ်သက်လို့ရော ကိုသံခဲတို့ ဘာများ ငြင်းဦးမလဲခင်ဗျ။

“အခု သူပြောနေတဲ့ နာမည်တွေက ကျနော်တို့ အဖွဲ့အစည်းထဲမှာလည်း မရှိပါဘူး။ နောက်တခုက အခု ဖမ်းဆီးထားတဲ့လူရဲ့ နာမည်ကိုလည်း ကျနော်တို့ မသိပါဘူး။ ဒီဓာတ်ပုံတွေကိုလည်း အတည်ယူလို့ မရဘူးလို့ ကျနော် ယူဆပါတယ်။”

ကိုသံခဲတို့ ABSDF အဖွဲ့က နိုင်ငံရေးလမ်းစဉ် အပြင် စစ်ရေးလမ်းစဉ်လည်း ရှိထားတော့ အခုလိုမျိုး တိုက်ခိုက်မှုတွေ၊ ဖောက်ခွဲ ဖျက်ဆီးမှုတွေမှာ သူတို့ဘက်က စွပ်စွဲမှုတွေ ရှိမလာနိုင်ဘူးလား ခင်ဗျ။

“မြန်မာပြည်မှာ ကျနော်တို့လိုမျိုး လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲနေတဲ့ အဖွဲ့အစည်းတွေက ကျနော်တို့ တဖွဲ့တည်း မဟုတ်ပါဘူး။ လက်နက်ကိုင် တိုက်ပွဲနဲ့ အခုလိုမျိုး ပြည်သူလူထုကြားမှာ ဗုံးဖောက်ခွဲတာနဲ့က တခြားစီပါပဲ။ ကျနော်တို့ ယုံကြည်ထားတာက မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက်ဆိုရင် ဖိအားတွေ လိုတယ်၊ အဲဒီဖိအားတွေမှာ နိုင်ငံရေးဖိအား လိုတယ်၊ နောက်တခုက စစ်ရေးဖိအားလည်း လိုတယ်၊ သံတမန်ရေး ဖိအားလည်း လိုတယ်။ ဒီဖိအားတွေ မရှိဘဲနဲ့ ကျနော်တို့ လိုချင်တဲ့ အခွင့်အရေးတွေလည်း မရနိုင်ဘူး။ ကျနော်တို့ အနေနဲ့ စစ်အာဏာရှင်စနစ် အောက်က မလွတ်မြောက်နိုင်ဘူးလို့ပဲ ကျနော်တို့က ယူဆတာပါ။

“အဲဒီလို အနေအထား အောက်မှာ ပြည်သူလူထုကို ထိခိုက်တဲ့ လုပ်ငန်းမျိုးဆိုတာ ကျနော်တို့ အဖွဲ့အစည်းမှာ ရည်ရွယ်ချက်လည်း မရှိဘူး။ ကျနော်တို့က ပြည်သူလူထုဘက်က ကာကွယ်ဖို့၊ ဘယ်လောက် ကာကွယ်နိုင်မလဲ ဆိုတာပဲ ကြိုးစားနေရတာ ဖြစ်တယ်။”

မြန်မာနိုင်ငံထဲမှာတော့ အခုလို ပေါက်ကွဲမှုတွေဖြစ်တိုင်း တရားခံ ဘယ်သူလဲဆိုတာ အစိုးရဖြစ်စေ၊ အတိုက်အခံဖြစ်စေ ဘယ်အဖွဲ့ကမှ ကိုယ်တိုင် ဝန်ခံတာတော့ ရှားပါတယ်။ ဒါပေမဲ့လည်း ရန်ကုန်လူထု ကြားမှာတော့ ဒါဟာ အစိုးရ အဝန်းအဝိုင်းထဲက ဖန်တီးတာလို့ ယူဆမှု အတော်များများ ရှိနေပါတယ်။ ဗုံးမကွဲခင်ကတည်းက ဗုံးကွဲမယ်ဆိုတဲ့ သတင်းတွေ ကြိုပြီး ထွက်နေတယ်လို့လည်း ပြောကြပါတယ်။

အခု သတင်းစာ ရှင်းလင်းပွဲမှာတော့ ရန်ကုန် သင်္ကြန်ဗုံးအပြင် ကချင်ပြည်နယ် မြစ်ဆုံမှာဖြစ်တဲ့ ဗုံးပေါက်မှု ကိစ္စကိုလည်း အနည်းငယ် ထည့်သွင်းပြောပါတယ်။ အဲဒီဗုံးကို ဘယ်သူခွဲသလဲဆိုတာ အတိအကျ မပြောပေမဲ့ ဒီမတိုင်ခင် အဲဒီဒေသမှာ ဆိုင်ကယ်တစင်းပေါ်မိတဲ့ လက်ပစ်ဗုံးတွေနဲ့ အမျိုးအစား အတူတူပဲလို့ ပြောခဲ့ပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာပဲ အခု ဒီရက်ပိုင်း သတင်းသမားတွေ စောင့်စား နားစွင့်နေတဲ့ NLD ကိစ္စကိုလည်း အနည်းငယ် ပြောပါတယ်။ NLD အနေနဲ့ ထပ်ပြီး မှတ်ပုံမတင်ဘူး ဆိုရင်တော့ တရားမဝင် အဖွဲ့အစည်း ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သတင်းထောက်တွေ မေးမြန်းတဲ့ NLD ဆိုင်းဘုတ်တွေ ဖြုတ်ချမလား ဆိုတာကိုတော့ အတိအကျ ဖြေဆိုသွားခြင်း မရှိပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG