သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခွဲထွက်ပါတီထောင်မှု အဲန်အယ်လ်ဒီ အပြင်းအထန် မဝေဖန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ဟောင်းတချို့ ပါတီသစ်တရပ် ထူထောင်တာဟာ သူတို့ရဲ့ အခွင့်အရေး တရပ်လို့ ယူဆတဲ့အကြောင်း လက်ရှိအဖွဲ့ချုပ် ခေါင်းဆောင်တွေက ပြောပါတယ်။ အခု ပါတီသစ်ထူထောင်တဲ့ ခေါင်းဆောင်တွေ ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးမှာ ပါဝင်မှုအခန်းကဏ္ဍကို လေးစား အသိအမှတ် ပြုထားတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

ဒီပါတီသစ်မှာ အဲန်အယ်လ်ဒီက ပါတီခေါင်းဆောင်ပိုင်း အနည်းဆုံး ၃၀ နီးပါးလောက် ပါဝင်ပြီး၊ အမျိုးသားဒီမိုကရေစီ အင်အားစု ဆိုတဲ့အဖြစ်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ဖို့ အခု ဒီကနေ့ စတင် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ မကြာခင်မှာပဲ ပါတီတရပ်အသွင်နဲ့ ကြေညာချက်တွေ ထုတ်ဖို့ ပြင်ဆင်ဆောင်ရွက်နေပြီလို့ ပါတီ ဖြစ်မြောက်ရေး ကမကထ လုပ်နေသူတဦးဖြစ်တဲ့ ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။ အခုလို အဲန်အယ်ဒီ ခေါင်းဆောင် တချို့ ပါတီသစ် ထူထောင်တာနဲ့ပတ်သက်ပြီးတော့ လက်ရှိ အဖွဲ့ချုပ်ခေါင်းဆောင်မှုမှာ ကျန်ခဲ့တဲ့ ဦးဝင်းတင် ကတော့ ဒါဟာ သူတို့ရဲ့ အခွင့်အရေးတရပ် ဖြစ်ပြီး၊ ဒီအပေါ်မှာ ပြင်းပြင်းထန်ထန် သဘောထားတော့ မတွေ့ရပါဘူး။

"သူတို့က ပါတီတရပ် ဖြစ်သွားပြီကိုး။ ပါတီတရပ် ဖြစ်သွားပြီဆိုတော့ ပါတီတရပ်အကြောင်းတော့ ကျနော်တို့ ဘာမှ သိပ်ပြောစရာအကြောင်း မရှိပါဘူး။ သူတို့စိတ်ကူးနဲ့ သူတို့ရဲ့ ယုံကြည်ချက်နဲ့ သူတို့ရဲ့ အမြင်နဲ့ လုပ်ကြတာပေါ့။ လုပ်ပေါ့။ ဒါကတော့ သူတို့လုပ်သွားပေါ့။ ပါတီထောင်မယ် ဘာညာတွေက ခုမှသိတာမဟုတ်ဘူးလေ။ သူတို့ကတော့ အဲန်အယ်လ်ဒီ ပါတီ အပေါ်မှာ သစ္စာရှိတဲ့အနေနဲ့ ပါတီကို နောက်ဆုံးရက်လာနေမယ် ဆိုပြီးတော့ လာလည်း လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ သစ္စာရှိတဲ့အနေနဲ့လည်း သူတို့ ဒီအတိုင်းပဲ လုပ်မြဲလုပ်ငန်းတွေ လုပ်မယ်ဆိုတဲ့ အမြင်နဲ့ လုပ်ကြတယ်။ အကုန်လုံးမဟုတ်တောင်မှ လူတချို့ ခေါင်းဆောင်တချို့ လာကြပါတယ်။ သူတို့ဘာမှ ထူးထူးခြားခြား မပြောဆိုပါဘူး။ ပါတီတွင်းမှာရှိတဲ့ အချိန်တုန်းကတောင်မှ။ အခုဟာကတော့ သီးခြားပါတီ ဖြစ်သွားပြီ။ သူတို့က ပါတီ တခုလည်း ထောင်လိုက်ပြီ။ ပါတီခေါင်းဆောင်တွေနဲ့ သူတို့လည်း လုပ်ငန်းတွေ လုပ်ကြတယ်ဆိုတော့ ဒါဟာ သူတို့လုပ်ငန်း သူတို့ ယုံကြည်သလို သူတို့လုပ်ငန်းစဉ်အတိုင်း လုပ်ကြပေါ့။"

အဖွဲ့ချုပ်ခေါင်းဆောင်တဦးလည်းဖြစ်၊ ပြောရေးဆိုခွင့် တာဝန်လည်းယူခဲ့တဲ့ ဦးဉာဏ်ဝင်း ကတော့ ဒီလုပ်ဆောင်မှုအပေါ် မကန့်ကွက်ပေမဲ့ ရွေးကောက်ပွဲမှာ ပါတီမှတ်ပုံမတင်ရေး သဘောထား ဆုံးဖြတ်ချက်ကို ဒီလူတွေအနေနဲ့လည်း တသားတည်း လိုက်နာသင့်တယ်လို့ ယူဆပါတယ်။

"ဒါ သူတို့ လွတ်လွတ်လပ်လပ် သူ့ဟာသူ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ သို့သော် morally ပေါ့နော်။ ဒါ မလုပ်သင့်ဘူး။ ဒါ မလုပ်သင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့အလုပ်ကို သူတို့ မလုပ်ထိုက်ဘူး။ သို့သော် ကျနော်တို့က ကန့်ကွက်တာမဟုတ်ဘူး။ သဘောကိုပြောတာပါ။"

အခုကတော့ သူတို့က သီးခြား အင်အားစုတရပ်အနေနဲ့ ရှိသွားပြီဆိုတော့ အဲန်ကယ်လ်တို့အနေနဲ့ သူတို့နဲ့ မဟာမိတ် သဘောမျိုး ဆက်ဆံရေးရော ရှိဦးမလားခင်ဗျ။ -

"အဲဒါကတော့ သူတို့အပေါ်မှာတည်တယ်။ သူတို့က ဒီကသွားတဲ့သူ။ သူတို့ ဆက်ဆံချင်ရင် ကျနော်တို့ ဆက်ဆံလို့ရတယ်။ ကျနော်တို့ ဘာမှ ပြဿနာမဖြစ်နိုင်ဘူး။"

ဒေါက်တာသန်းငြိမ်းကတော့ အဖွဲ့ချုပ် မှတ်ပုံမတင်ရေး ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်မှာ သူတို့အနေနဲ့ မကန့်ကွက်ပေမဲ့ သူတို့ သဘောထားကို ပြောခဲ့ပြီးဖြစ်တယ်လို့ဆိုပြီး၊ ဒါဟာ ပါတီမှာ လူနည်းစု သဘောထားဖြစ်တယ် ဆိုတာကိုလည်း ဝန်ခံ ပါ တယ်။

"ရှိသင့်တယ်။ အဲန်အယ်လ်ဒီပါတီဟာ ဆက်ပြီးတော့ ရှိသင့်တယ်ဆိုတဲ့ကိစ္စကို ကျနော်တို့ အစကတည်းကိုက ပြောလာတာ ပါ။ လက်မခံတဲ့အတွက်ကြောင့် ကျနော်တို့က အများဆန္ဒအရ ကန့်ကွက်သူမရှိ ဆုံးဖြတ်တယ်လို့ပဲ စာပြင်ခိုင်းထားတာ။ ဆိုလိုတာက အများအနေနဲ့ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အများက ဒီဥစ္စာကို ဆုံးဖြတ်တယ်။ ဒီအထဲမှာ အနည်းက လက်မခံဘူးဆိုတာ ရှိနေတယ်။ နောက်တခုက ကန့်ကွက်သူမရှိ ဆိုတာက မကန့်ကွက်တာပဲဗျာ။ မကန့်ကွက်ဘူးဆိုတော့ ထောက်ခံတာပဲဗျာ။ ထောက်ခံတာဆိုတော့ ကျနော်တို့က မကန့်ကွက်ချင်လို့ မကန့်ကွက်တာပဲ။ ဆိုလိုတာက အဲဒီမှာ ရုတ်ရုတ်သည်းသည်းတွေ ဘာတွေ ဖြစ်မှာစိုးလို့ မကန့်ကွက်တာပဲဗျ။"

အဲန်ကယ်လ်တို့ အခု ပါတီထောင်မယ့် အင်အားစုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ရော ဘယ်လို ယူဆမှု ရှိပါသလဲခင်ဗျ။ -

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ ဆိုတာကတော့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်က လေးစားထိုက်တဲ့ ကျနော်တို့ ခေါင်းဆောင် ဆိုတာ။ ဒါ ဘာမှ အငြင်းပွားစရာမရှိဘူး။ အခြေအနေအရ သူတို့က အထဲမှာ ရောက်နေတယ်။ ရှင်းရှင်း ပြောရရင် ကျနော်တို့ ဒီပါတီကြီး မှတ်ပုံမတင်ဘဲနဲ့ ဖျက်လိုက်ရတဲ့ဘဝမှာ သူပြောတဲ့စကားတခွန်း ကျနော်တို့ မကြားရဘူး။ သူ ရေးတဲ့ စာတလုံး ကျနော်တို့ မမြင်ရဘဲ ဖြစ်သွားတဲ့ကိစ္စပဲဗျ။ အဲဒီတော့ သူ့ရဲ့ စိတ်ထဲမှာ ဘယ်လောက်အထိ စဉ်းစား ထားတယ်၊ သူ ဘယ်လို ခံယူထားတယ်ဆိုတာ အသေးစိတ် ကျနော်တို့ မသိနိုင်ဘူးခင်ဗျ။ အဲဒီတော့ အကယ်၍ သူ ထွက်လာလို့ ကျနော်တို့နဲ့သာ ဆွေးနွေးပြီးတော့ ကျနော်တို့ကနေပြီးတော့ သူ့ကို ခေါင်းဆောင်တယောက် အနေနဲ့ ဆက်လက်ပြီးတော့ အသိအမှတ်ပြုတာကို လက်ခံမယ်ဆိုရင် ကျနော်တို့က ကြိုဆိုတာပေါ့ဗျ။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့တော့ လက်ရှိဥပဒေအောက်မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံ ပြန်မတင်နိုင်ဘူး ဆိုပြီး ဆုံးဖြတ်ခဲ့တာပါ။ ဒီအတွက် မနေ့ကစလို အဖွဲ့ချုပ်အနေနဲ့က တည်ဆဲဥပဒေအရ တရားဝင်နိုင်ငံရေးပါတီအဖြစ် ဆောင်ရွက်ခွင့် လုပ်ကိုင်ခွင့်တွေ မရှိတော့ပါဘူး။

ဒီအချိန်မှာပဲ ပါတီမှတ်ပုံမတင်ရေး သဘောထားကို လက်မခံခဲ့ကြတဲ့ ပါတီခေါင်းဆောင် လူနည်းစုကနေ အခုလို ပါတီသစ် တရပ် ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ ပါတီသစ်ထဲမှာတော့ အဖွဲ့ချုပ်ခေါင်းဆောင်ဟောင်းတွေ ဖြစ်ကြတဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွှန့်၊ ဒေါက်တာဝင်းနိုင်၊ ဦးစိန်လှဦး စသူတွေပါဝင်သလို၊ အချို့ မြို့နယ် ခေါင်းဆောင်ပိုင်း တွေလည်း ပါဝင်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG