သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့တွေ့ခွင့်ရမှသာ Kurt Campbell  မြန်မာနိုင်ငံခရီး ဆက်မည်


ဒေါ်စုနဲ့တွေ့ခွင့်ရမှသာ Kurt Campbell  မြန်မာနိုင်ငံခရီး ဆက်မည်
ဒေါ်စုနဲ့တွေ့ခွင့်ရမှသာ Kurt Campbell  မြန်မာနိုင်ငံခရီး ဆက်မည်
<!-- IMAGE -->

တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲ အစီအစဉ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ အတွက် အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်တဦး လာမယ့် ရက်ပိုင်းတွေ အတွင်း မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဒီခရီးစဉ် ဖြစ်မြောက်ရေးအတွက် ချွင်းချက်တွေ ကတော့ ရှိတယ်လို့ ဆိုပါတယ်။ ဗွီအိုအေ သတင်းထောက် David Gollust အမေရိကန် နိုင်ငံခြားရေးဌာနက သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

အရှေ့အာရှရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ဟာ လောလောဆယ် သူ့ရဲ့ အာရှခရီးစဉ် အတွင်းမှာ မြန်မာနိုင်ငံကို သွားကောင်းသွားနိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ ပြောဆိုလိုက်တာပါ။ ဒါပေမဲ့ ဒီခရီးစဉ်အတွင်းမှာ စစ်အစိုးရ အရာရှိတွေနဲ့သာမက ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံခွင့်ပေးမှသာလျှင် သူ မြန်မာနိုင်ငံကို သွားမယ်လို့ ပြောပါတယ်တဲ့။ Kurt Campbell ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ စစ်အစိုးရ တာဝန်ရှိသူတွေနဲ့ရော အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံနိုင်ခဲ့ပါတယ်။

သမ္မတ အိုဘားမား အစိုးရက အထီးကျန်လှတဲ့ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းနေတာရဲ့ တစိတ်တဒေသ အဖြစ်နဲ့ မစ္စတာ ကာ့ ကန့်(မ်)ဘဲ(လ်) မြန်မာနိုင်ငံကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကတိတွေပေးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ပါဝင်ယှဉ်ပြိုင်လို့မရအောင် ဥပဒေတွေကို တမင်ဖန်တီး ပြဌာန်းထားတာနဲ့ ပတ်သက်ပြီးတော့ အမေရိကန် ပြည်ထောင်စုဘက်ကနေ အခုတလော ဝေဖန်တာတွေ တိုးလာတာ တွေ့ရပါတယ်။

လောလောဆယ် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို ရောက်နေတဲ့ မစ္စတာ ကန့်(မ်)ဘဲ(လ်) က ရှေ့သီတင်းပတ်မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ စစ်ဖက်အာဏာပိုင်တွေကို တွေ့ဆုံဖို့ ရှိတဲ့အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အဲန်အယ်လ်ဒီ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံခွင့်ရမှသာလျှင် ဒီခရီးစဉ်ကို သူ သွားမယ်လို့ ပြောဆိုပါတယ်။

စစ်အစိုးရ ပြဋ္ဌာန်းလိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ အတိုက်အခံတွေအပေါ် မတရားရာ ကျတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရောလေး (P.J. Crawley) က အခုလို ဝေဖန်လိုက်ပါတယ်။

"ကမ္ဘာတဝှမ်းက ဒီမိုကရေစီနဲ့ တရားမျှတရေးအတွက် ကြိုးပမ်းနေကြသူတွေ အားလုံး အားကျဖွယ်ရာ အဖြစ်နဲ့ အဲန်အယ်လ်ဒီ နဲ့ အဲန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ မျှော်လင့်ချက် မီးရှူးတန်ဆောင် ပမာ ရပ်တည်ခဲ့ကြတာ အနှစ် ၂၀ ကျော်ခဲ့ပါပြီ။ အဲန်အယ်လ်ဒီ အနေနဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် ဆက်လက် သယ်ပိုးသွားဖို့ ဆုံးဖြတ်ချက် ချထားတာကိုလည်း ကျနော်တို့ ချီးကျူးပါတယ်။ အဲန်အယ်လ်ဒီ အပါအဝင် နိုင်ငံရဲ့ အနာဂတ် ကောင်းကျိုးကို တည်ဆောက်ကြရာမှာ မဆုတ်မနစ် ကြိုးစာနေကြသူတွေ အားလုံးနဲ့အတူ ကျနော်တို့ ပူးပေါင်းဆောင်ရွက် သွားမှာပါ။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ရွေးကောက်ပွဲမဝင်ဖို့ ခြေလှမ်း လှမ်းခဲ့ရတဲ့အဖြစ်ရောက်အောင် မြန်မာ အာဏာပိုင် တွေက ဒီအခြေအနေတွေကို တမင် ဖန်တီးခဲ့တာကြောင့် အမေရိကန်ပြည်ထောင်စုက အတော်လေးကို စိတ်ပျက်မိတယ်လို့ ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဟာ အတိုက်အခံ အဖွဲ့အစည်းတခု အနေနဲ့ တရားဝင် ရပ်တည်နေဆဲလို့ အမေရိကန်ပြည်ထောင်စုက ရှုမြင်တဲ့အကြောင်းကိုလည်း ခုလို ပြောပါတယ်။

"အဲန်အယ်လ်ဒီ ပါတီဟာ ဒီမိုကရေစီအရ အတိုက်အခံတွေရဲ့ တစိတ်တဒေသ အဖြစ် တရားဝင် ရပ်တည်နေဆဲလို့ ကျနော်တို့က ရှင်းရှင်းလင်းလင်း ရှုမြင်ပါတယ်။ နောက်ဆုံးတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး နယ်ပယ် ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ပေးဖို့နဲ့ အတိုက်အခံတွေနဲ့ရော တိုင်းရင်းသားတွေနဲ့ပါ အနစ်သာရ ပြည့်ဝတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပေးဖို့အတွက် ကျနော်တို့ တွေ့ဆုံခဲ့သမျှ အစည်းအဝေးတွေကတဆင့် အရိပ်အမြွက် ပြောဆိုထားပြီး ဖြစ်ပါတယ်။"

မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ စစ်ဘက်ရာထူးတွေကနေ အနားယူ ပြီးတော့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေအဖြစ်နဲ့ ရွေးကောက်ပွဲဝင်ဖို့ ကြေညာလိုက်တာကြောင့်မို့လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ဘဝင်မကျ ဖြစ်ရတဲ့အကြောင်းကို ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ထုတ်ဖော် ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG