သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kurt Campbell မြန်မာနိုင်ငံခရီးစဉ် ဒီနေ့စတင်


Kurt Campbell မြန်မာနိုင်ငံခရီးစဉ် ဒီနေ့စတင်
Kurt Campbell မြန်မာနိုင်ငံခရီးစဉ် ဒီနေ့စတင်

မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုမယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့ ကန့်(မ်)ဘဲ(လ်) (Kurt Campbell) ဟာ တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိပါတယ်။ မစ္စတာ ကန့်(မ်)ဘဲ(လ်) ဟာ သူ့ရဲ့ နှစ်ရက်ကြာ ခရီးစဉ်အတွင်း မြန်မာအတိုက်အခံ အင်အားစုတွေနဲ့ရော စစ်ဖက်အရာရှိတွေနဲ့ပါ တွေ့ဖို့စီစဉ်ထားတယ်လို့ ရန်ကုန်အမေရိကန် သံရုံးတာဝန်ခံတွေက ပြောပါတယ်။

မစ္စတာ ကန့်(မ်)ဘဲ(လ်) မြန်မာနိုင်ငံကို လာရောက်မယ်လို့ မြန်မာအရာရှိတွေက စနေနေ့မှာ အတည်ပြု ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ မစ္စတာ ကန့်(မ်)ဘဲ(လ်) တွေ့ဆုံဖို့ရာ မသေချာပေမဲ့ စစ်ခေါင်းဆောင် အရာရှိ အများအပြားနဲ့ တွေ့ဆုံဖို့တော့ ရှိတယ်လို့ ပြောပါတယ်။

မစ္စတာ ကန့်(မ်)ဘဲ(လ်) ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး အထိန်းသိမ်းခံနေရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော စစ်အစိုးရခေါင်းဆောင် တချို့နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ၁၄ နှစ်တာကာလအတွင်း အမေရိကန် အဆင့်မြင့် အကြီးတန်း အရာရှိတဦး လာရောက်တာ ဖြစ်သလို အိုဘားမား အစိုးရရဲ့ မြန်မာနိုင်ငံနဲ့ တွေ့ဆုံဆက်ဆံရေးမူဝါဒကို အကောင်အထည်ဖော်မှုရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေအရ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ပါဝင်ခွင့်မရတဲ့ အခြေအနေ ဖြစ်လာတာမို့ ဒီရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို အမေရိကန်နိုင်ငံက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ဒီရွေးကောက်ပွဲ ဥပဒေတွေဟာ နက်နဲတဲ့ချို့ယွင်းမှုတွေ ရှိနေသလို တရားမျှတမှုလည်း မရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခွင့်ရ ပီဂျေ ခရောလေး (P.J. Crowley) က ပြောကြားပါတယ်။

သောကြာနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး အကျဉ်းချထားတဲ့အတွက် မြန်မာစစ်အစိုးရကို အမေရိကန် အထက်လွှတ်တော် အမတ်တွေက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဆုံးဖြတ်ချက်တရပ်ကို ချမှတ်ခဲ့ပြီး တရားမျှတမှုရှိပြီး နိုင်ငံတကာက လက်ခံနိုင်လောက်တဲ့ ရွေးကောက်ပွဲမျိုး ကျင်းပပေးဖို့ပါ တောင်းဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG