သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် မြန်မာနိုင်ငံ ရောက်ရှိ


အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) ဟာ မေလ ၉ ရက်၊ တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံ ရောက်သွားပါပြီ။ နှစ်ရက်ကြာ အခု ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေနဲ့ရော နေအိမ်အကျယ်ချုပ် ကျနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ရောက်သွားပြီးတဲ့နောက် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းတို့နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

မြန်မာစစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်လို့ရော၊ အဲဒီကနေတဆင့် ဖြစ်လာတဲ့ နိုင်ငံရေးဝန်းကျင် အခြေအနေတွေ အပေါ်ကိုရော အမေရိကန်က တကယ့်ကို စိုးရိမ်မိတယ်လို့ မြန်မာနိုင်ငံကို မထွက်ခွာခင် ထိုင်းနိုင်ငံ၊ ဘန်ကောက် လေဆိပ်မှာ တထောက်နားချိန် မစ္စတာကမ့်ပ်ဘဲလ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မစ္စတာကမ့်ပ်ဘဲလ်ကို မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်က လက်ခံတွေ့ဆုံဖွယ် မရှိဘူးလို့ မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေက စနေနေ့မှာ ပြောပါတယ်။

မစ္စတာ ကမ့်ပ်ဘဲလ် မြန်မာနိုင်ငံကို နောက်ဆုံး လာရောက်ခဲ့တာက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဖြစ်တဲ့အတွက် အခု ခရီးစဉ်ဟာ ခြောက်လအတွင်း ဒုတိယအကြိမ်မြောက် ခရီးစဉ် ဖြစ်ပါတယ်။

အမေရိကန် သမ္မတ အိုဘားမား အစိုးရက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပိတ်ဆို့အရေးယူတဲ့ မူဝါဒရော၊ တိုက်ရိုက်ဆက်ဆံတဲ့ မူဝါဒကိုပါ အသုံးပြုသွားမယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အမေရိကန် အစိုးရ အဖွဲ့ထဲက အဆင့်အမြင့်ဆုံး တာဝန်ရှိသူလည်း ဖြစ်ပါတယ်။

အခုတကြိမ် ခရီးစဉ်ကတော့ NLD အနေနဲ့ နိုင်ငံရေးပါတီ တခုအဖြစ် ဆက်ပြီး ရပ်တည်ခွင့် ကုန်ဆုံးသွားပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ ဖြစ်လာခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ရွေးကောက်ပွဲ ဝင်လို့မရအောင် မြန်မာစစ်အစိုးရက ပိတ်ပင် ကန့်သတ်တာတွေ လုပ်ခဲ့တဲ့အတွက် အမေရိကန် ပြည်ထောင်စုက မကြာသေးခင် ရက်တွေအတွင်း အပြင်းအထန် ဝေဖန် ပြောဆိုခဲ့ပါတယ်။

ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေမှာ အကြီးအကျယ် ချို့ယွင်း အားနည်းချက်တွေ ရှိနေပြီး မျှတမှု မရှိတာကလည်း သိပ်ကို သိသာ ထင်ရှားလွန်းတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ P. J. Crowley က ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG