သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်းထန်တဲ့ အပူချိန်ကြောင့် သောက်ရေပြတ်၊ ငါးတွေသေ


ဒီနှစ် မြန်မာနိုင်ငံ နွေရာသီဟာ ထူးကဲပြီး အပူချိန် မြင့်မားတာမို့ ကန်ရေ၊ တွင်းရေ အတော်များများ ခန်းခြောက်ကုန်ပြီး သောက်ရေပြတ်လပ်မှု ပြဿနာတွေ ကြုံနေရပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသ ငါးကန်တွေမှာတော့ ရေအပူချိန် မြင့်ပြီး ငါးတွေ သေကုန်တာကြောင့် ငါးကန် လုပ်ငန်းပိုင်ရှင်တွေလည်း ထိခိုက်မှု ကြုံနေရပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေမှာ အခုတလော အပူချိန် မြင့်မားတာကြောင့် ဒေသခံတွေ နေရေးထိုင်ရေးအတွက် အတော်လေး အခက်ဖြစ်နေပါတယ်။ အရေးအကြီးဆုံးက သောက်သုံးရေ ပြတ်လပ်တဲ့ ကိစ္စပါ။ ဒါကြောင့် နယ်အချို့မှာတော့ အလှူရှင်တွေက ရေပြတ်လပ်နေတဲ့ ကျေးရွာတွေအထိ သွားရောက် ရေလှူဒါန်းနေရပါတယ်။ ပဲခူးတိုင်းအတွင်း ကျေးရွာ အတော်များများမှာ သုံးရေပြတ်လပ်မှု ကြုံနေရတယ်လို့ ပဲခူးမြို့ ဒေသခံတဦးက ပြောပါတယ်။

“ဝေါမြို့နယ် တွင်းတွေ၊ ဘုရားကြီးမြို့နယ် အောက်တွင်းတွေ အများဆုံးပဲ ဖြစ်တာတော့။ နယ်ပေါင်းစုံပဲ။ ကျမတို့က နယ်တွေကျတော့ အကုန်မသိဘူးလေ။ ရွာ ၅၀ လောက်ရှိတယ်။ ထမင်းဟင်းတောင် ချက်စားလို့မရဘူး။ ချက်လိုက်တဲ့ ထမင်းဆိုလည်း အကုန်လုံး အပြာရောင်တွေ သန်းပြီးတော့၊ အခုဆိုရင် လုံးဝကို မရတော့ဘူး၊ ရေကို။”

အဲဒီဒေသက အရင်တုန်းက အဓိက ဘယ်ရေတွေကို မှီခိုနေရတာလဲခင်ဗျ။

“သူတို့က ကန်ရေတွေပဲ မှီခိုနေရတာလေ။”

အခု အဲဒီကျေးရွာတွေမှာ စားရေး သောက်ရေး၊ နေရေး ထိုင်ရေး ဘယ်လိုရှိလဲခင်ဗျ၊ ရေ ပြတ်လပ်နေတယ်ဆိုတော့။

“စားရေး နေရေးက ခက်ခဲတာပေါ့၊ ရေမရှိတဲ့ အခါကြတော့။ အခုက ရေရရင် သူတို့မှာ အင်မတန်မှ ပျော်ရွှင်ပြီး ဝမ်းသာနေကြတာ။ ရာသီဥတုက ဘယ်လောက် အခြေအနေဆိုးလဲဆို အပူရှိန်က တအားပူတာ။ အခုဆိုရင် ၄၀ ကျော်နေပြီ၊ အပူရှိန်က။ အခု ကျမတို့ နေ့ခင်းဆိုရင် နေလို့ကို မရတော့ဘူး၊ ပူတာမှ။

“ပဲခူးမြို့ပေါ်မှာဆိုရင်လည်း အဝီစိတွင်းသမားတွေတောင် အကုန် ရေတွေ ခြောက်တယ်။ တွင်းတွေဆိုလည်း ရေခန်းတယ်။ တခါမှ တသက်လုံး မခန်းဘူးတဲ့ သစ်ဆိပ်ကန်တို့၊ မှော်ကန်တို့၊ ဥဿာကန်တို့၊ ပဲခူးမြို့ပေါ်က၊ အဲဒါတွေဆိုလည်း ရေတွေ ခန်းကုန်ပြီ။ ရေတွေက မရကြတော့ဘူး။”

အပူချိန် မြင့်မားတဲ့ဒဏ်ကို မြန်မာနိုင်ငံ အလယ်ပိုင်းတင် မဟုတ်ပါဘူး။ အောက်ပိုင်း မြစ်ဝကျွန်းပေါ် ဒေသမှာလည်း ကြုံနေရပါတယ်။ အပူချိန်မြင့်မားပြီး ရေအပူချိန်ကလည်း မြင့်တော့ ငါးကန်ပိုင်ရှင်တွေ အဖို့ စီးပွားရေး အခက် ကြုံလာရပါတယ်။ တွံတေးမြို့က ငါးကန်ပိုင်ရှင် တဦးကတော့ သူ့ကန်မှာ ရေအပူကြောင့် အောက်စီဂျင်ပြတ်ပြီး ငါးအတော်များများ သေဆုံးကုန်တယ်လို့ ပြောပြပါတယ်။

“ဟုတ်တယ်၊ တမြို့နယ်လုံးပဲ။ တမြို့နယ်လုံးက ရေက ပူတယ်လေ။ ပူတော့ ကန်ရေပြင်တွေက ၂ ပေလောက်အထိ ပူတာပေါ့။ ပူတော့ ငါးတွေ အောက်ဆီဂျင် ပြတ်တာလေ။ ပြီးတော့ ငါးရောဂါပိုးလည်း ကျတယ်။ တမြို့နယ်လုံး ကန်သမား အားလုံးနီးပါးပဲ။ အနည်းနဲ့အများပဲ။ တချို့ဆို အရမ်းများတယ်ဆိုရင် တော်တော်များများက အချိန်မတိုင်ခင် ဖော်လိုက်ရတယ်။ ကျနော့်မှာဆိုရင် ကန် ၉ လုံးရှိတယ်။ အဲဒီ ၉ လုံးက အကုန်လုံးသေတယ်။ တကန်မှာ အခုဆိုရင် ၅၀ သေတယ်၊ ၄၀ သေတယ်၊ ၆၀ သေတယ်၊ အဲလိုမျိုးပေါ့။”

အဲဒါ နေ့တိုင်းလားခင်ဗျ။

“နေ့တိုင်းပဲ။ တချို့ဆို ၄၀၀၊ ၅၀၀ သေတော့ ဖော်လိုက်ရတာပေါ့။ ဒီရေ အများကြီး တက်လာတဲ့နေ့ဆို ကျနော်တို့ ရေတွေ မောင်းထည့်တော့ ငါးအသေလျော့တယ်။ ရေသေပတ်ဆိုတာ ရှိတယ်လေ။ ဒီရေက ကျနော်တို့ ကန်တွေနားကို မရောက်လာဘူး။ မရောက်လာရင် ကျနော်တို့ ရေမောင်းမတင်ရဘူး။ ရေက အဟောင်းပဲ ရှိတယ်ဆိုရင် အဲဒီရက်မှာ အသေက တက်လာတယ်။ အောက်ဆီဂျင်ကလည်း ပြတ်တယ်၊ အငွေ့တွေကလည်း တအားပျံတယ်။ အခု သောက်ရေကန်တွေကလည်း ခန်း၊ အဲဒီလိုတွေ ဖြစ်တာလေ။ မိုးကလည်း မရွာဘူး။”

သောက်သုံးရေရော ရှားပါးမှုတွေ ကြုံနေပြီလား။

“တွံတေးကတော့ သောက်သုံးရေ ရတယ်။ ဒါပေမဲ့ ဒလမှာ ဒုက္ခရောက်နေကြတာပေါ့။ ကျနော်တို့ တွံတေးက အခုဆို ၁၀ ရက်လောက်ရှိပြီ ဒလကို သွားလှူနေရတာ။ ကိုယ်ထူကိုယ်ထ အစီအစဉ်နဲ့။ ရန်ကုန်ကလည်း လှူတယ်၊ ကျနော်တို့ တွံတေးကလည်း ဒလကို သွားလှူတယ်။ ရန်ကုန်တိုင်း အပူချိန်ကလည်း အညာနီးပါးလောက်ကို လိုက်နေတာ၊ ၄၁၊ ၄၂ ဒီဂရီ ဆဲလ်စီးယပ်စ် ဖြစ်နေတာ။ မကွေးဆို ၄၄၊ ၄၅၊ ကျနော်တို့ဆို ၄၂၊ ၄၃ အထိ လိုက်တာ၊ ဟိုရက်ကဆို အဲဒီလောက်အထိ ဖြစ်နေတာ။”

အပူချိန်ကြောင့် မြန်မာနိုင်ငံတဝန်းက ကန်တွေ၊ တွင်းတွေပါ ရေခြောက်ခန်းကုန်ပါတယ်။ တွင်းရေ၊ ကန်ရေကို အားကိုးရတဲ့ ဒေသတွေ အဖို့တော့ အတော်ကြီး သောက်ရေပြဿနာ ကြုံရတယ်လို့ ဒေးဒရဲ ဒေသခံတဦးက ရှင်းပြပါတယ်။

“ကန်တွေ တချို့ ခန်းကုန်ကြပြီ။ ရေမရှိတော့ နီးစပ်ရာရွာတွေမှာ သမ္ဗာန်တွေနဲ့ လိုက်ခပ်တာပေါ့။ ပူတာလည်း ဒီမှာ တအားပူတယ်၊ အခု။ ဒီတရက်နှစ်ရက်အတွင်းကို ပိုပူလာတယ်။ မြို့ပေါ်မှာတော့ တချို့ NGO တွေက စက်လှေတွေနဲ့ ဆင်းပြီး လှူတာရှိတယ်။ ကျိုက်လတ်ကလေးဘက်တို့ ကျုံကနန်ဘက်တွေက ကန်တွေတော့ အကုန်ခန်းကုန်ပြီး ရှိတဲ့ကန်မှာ တကူးတက သွားခပ်ပြီး သုံးနေရတယ်။”

တခြား အာဏာပိုင်တွေက ရေကိစ္စ စီစဉ်ပေးတာမျိုးတွေရော ရှိပါသလား။

“ပြီးခဲ့တဲ့ တလဝန်းကျင်လောက်ကတော့ ရေပြဿနာ ဖြစ်တယ်ဆိုတော့ တပ်က လာဆင်းကြည့်တာတော့ ရှိတယ်။”

တော်တော်ကြာပြီလား ရေပြတ်နေတာ။

“ကြာပြီပေါ့၊ တချို့ရွာတွေဆို တလလောက်တောင် ရှိနေပြီ။”

မြန်မာနိုင်ငံ အစိုးရ သတင်းစာတွေမှာတော့ အပူချိန် သတိပေးချက်တွေနဲ့ ရာသီဥတု ပူပြင်းတာကြောင့် ရှောင်ရှားသင့်တဲ့ အချက်တွေကို ထုတ်ပြန်ပေးထားပါတယ်။ အခုလို ရာသီဥတု ပူပြင်းတဲ့ တဆက်တည်း ရေပြတ်လပ်မှုကြောင့်ပါ အခြား ရောဂါ ဘေးဘယတွေ ကူးစက်ဝင်ရောက် လာနိုင်တာကို လူထု ကျန်းမာရေး လုပ်သားတွေက စိုးရိမ် ပူပန်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG