သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရနဲ့ ဆက်ဆံရေး အမေရိကန် စိတ်ပျက်


၂ ရက်ကြာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) ဟာ ဒီနှစ်အတွင်း မြန်မာစစ်အစိုးရက ကျင်းပပေးမယ်လို့ ပြောထားတဲ့ ရွေးကောက်ပွဲတွေက နိုင်ငံတကာ လက်ခံ ယုံကြည်နိုင်လောက်တဲ့ အနေအထား မရှိတဲ့အပြင် မြောက်ကိုရီးယားက လက်နယ်ဝယ်ယူတာကို ပိတ်ပင်ထားတဲ့ ကုလသမဂ္ဂရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကိုလည်း လိုက်နာဖို့ လိုတယ်လို့ စစ်အစိုးရကို သတိပေးခဲ့ပါတယ်။

ဒီအတောအတွင်း အမေရိကန် နိုင်ငံခြားရေး ဌာနကတော့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံနေရမှာ ဖြစ်ပေမဲ့ ပေါ်လစီတွေကိုတော့ ပြန်လည်သုံးသပ်ရမှာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ သူ့ရဲ့ ဒုတိယအကြိမ် ခရီးစဉ်အတွင်း နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာမှာ တနင်္လာနေ့က ၂ နာရီကြာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး ခေါင်းဆောင်တဲ့ ဗဟိုအလုပ်အမှုဆောင် ၁၀ ဦး၊ ဒီ့နောက် ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံရေးပါတီ တချို့ရဲ့ ကိုယ်စားလှယ်တွေ အပြင် နေပြည်တော်မှာ တနင်္ဂနွေနေ့က နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးသောင်းတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ်က သူ့ရဲ့ခရီးစဉ် အဆုံးမှာ ရန်ကုန်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန် အစိုးရ အနေနဲ့ မြန်မာစစ်အစိုးရက ကျင်းပပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲများကို ယုံကြည်ကိုးစားမှု ရှိတဲ့ အချေအတင် ဆွေးနွေးမှုမျိုး ကျင်းပပေးဖို့ အဆိုပြုခဲ့ပေမဲ့ မြန်မာစစ်အစိုးရဘက်ကတော့ တဖက်သတ် လုပ်ဆောင်ခဲ့တာ တွေ့ရတယ်လို့ အခုလို ပြောကြားသွားပါတယ်။

<!-- IMAGE -->

“မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ ဆွေးနွေးပွဲ အမျိုးမျိုးမှာ ကျနော်တို့က မြန်မာ့အရေးမှာ အဓိက သက်ဆိုင်သူတွေ အားလုံး ပါဝင်တဲ့၊ အများလက်ခံတဲ့ ဆွေးနွေးပွဲတွေ ကျင်းပဖို့၊ ဘက်စုံ အားလုံး ဂုဏ်သိက္ခာရှိရှိ ပါဝင်နိုင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့ ကျနော်တို့ဘက်က သဘောထား အကြမ်းဖျင်း တင်ပြခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာစစ်အစိုးရက ဒီနှစ်ကျင်းပမယ့် ရွေးကောက်ပွဲကို သူတို့သဘောနဲ့ သူတို့ တဖက်သတ် ရှေ့ဆက်သွားမယ့်လမ်းကို ရွေးချယ်ပြီး အဓိကကျတဲ့ တခြားသူတွေနဲ့ တိုင်ပင်ညှိနှိုင်းခြင်း မရှိဘူးဆိုတာ စိတ်မကောင်းစရာ တွေ့ရပါတယ်။

“ဒီအတွက် ရလဒ်ကတော့ ရွေးကောက်ပွဲဟာ နိုင်ငံတကာက လက်ခံယုံကြည်ပြီး တရားဝင် အသိအမှတ်ပြုဖို့ အခွင့်အလမ်း နည်းပါးသွားပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် ကျန်နေတဲ့ အချိန်လေးမှာ ချက်ချင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့၊ နိုင်ငံရေး အခွင့်အလမ်းတွေကို ဖွင့်ပေးဖို့ ကျနော်တို့က မြန်မာစစ်အစိုးရကို တိုက်တွန်းပါတယ်။”

ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကိုတော့ မြန်မာစစ်အစိုးရက ထုတ်ပြန် ကြေညာခြင်း မရှိသေးပါဘူး။ ရွေးကောက်ပွဲ ဥပဒေတွေဟာ မတရားတဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပါတီကို ပြန်လည် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်လို့ ပါတီဖျက်သိမ်းရတော့မယ့် အခြေအနေ ဆိုက်ခဲ့အပြီး ရက်အနည်းငယ် အကြာမှာ အခုလို လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကမ့်ပ်ဘဲလ် အနေနဲ့ မြန်မာနိုင်ငံကို ဆိုက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ကမ့်ပ်ဘဲလ်ဟာ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာစစ်အစိုးရကို သတိပေးခဲ့တဲ့ နောက်တချက်ကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် ပြီးခဲ့တဲ့နှစ် ဇွန်လက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက် ၁၈၇၄ ကို လေးစား လိုက်နာဖို့ ဖြစ်ပါတယ်။ သူက…

“မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေ အနေနဲ့ သူတို့ပေးထားတဲ့ ကတိအတိုင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို လိုက်နာဖို့ ကျနော်တို့က အဆုံးသတ်မှာ တိုက်တွန်းတာပါ။ အမေရိကန် ပြည်ထောင်စုနဲ့ လက်တွဲလုပ်ကိုင်ဖို့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို ကျနော်က ပြောပါတယ်။ သူတို့ပေးထားတဲ့ ကတိကဝတ်တွေကို လိုက်နာတယ်ဆိုတာ ပြသနိုင်တဲ့ ထင်သာမြင်သာတဲ့ လုပ်ငန်းစဉ်တွေရှိဖို့၊ ဒီလိုလုပ်ငန်းစဉ်တွေ မရှိဘူးဆိုရင် အမေရိကန် ပြည်ထောင်စု အနေနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက သဘောတူ ချမှတ်ထားတဲ့ စည်းမျဉ်း ဘောင်ထဲကနေ သီးခြားလွတ်လပ်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ပိုင်ခွင့်ကို စွဲကိုင်သွားမယ့်အကြောင်း ကျနော် သူတို့ကို ပြောဆိုခဲ့တာပါ။”

အဲဒီ ကုလသမဂ္ဂ ဆုံးဖြတ်ချက်အရ အဖွဲ့ဝင်နိုင်ငံများ အနေနဲ့ မြောက်ကိုရီးယားထံက လက်နက်ဝယ်ယူမှု ပိတ်ပင်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုကို လိုက်နာရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားအကြား လက်နက်ရောင်းဝယ်မှု သတင်းတွေ ထွက်ပေါ်လာတဲ့အပြင် ပြီးခဲ့တဲ့နှစ် ဇွန်လကလည်း မြန်မာနိုင်ငံကို လက်နက်များ သယ်ဆောင်ပြီး ဦးတည်လာနေတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယားရဲ့ ကန်နမ်သင်္ဘောကို အမေရိကန် စစ်သင်္ဘောက နောက်ယောင်ခံ လိုက်ခဲ့တဲ့ အတွက်ကြောင့်လည်း သင်္ဘောဟာ ဌာနေကို ပြန်လှည့်သွားခဲ့ရတဲ့ ဖြစ်ရပ် ရှိခဲ့ပါတယ်။

ဒီအချိန်မှာတော့ အမေရိကန် အနေနဲ့ အခုလို သတိပေးရာမှာ ဘယ်လို ဆက်လက် အရေးယူ ဆောင်ရွက်မယ် ဆိုတာကိုတော့ မသိရသေးပါဘူး။ မစ္စတာ ကမ့်ပ်ဘဲလ် အနေနဲ့ သူ့ရဲ့ ကြေညာချက်မှာ ထည့်သွင်း ပြောကြားသွားတဲ့ နောက်တချက်ကတော့ ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရုန်းကန်မှု အကြောင်းပဲ ဖြစ်ပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ၁၄ နှစ်ကြာအောင် နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ရုန်းကန်တဲ့ ကြိုးပမ်းမှုကိုလည်း သူက ချီးကျူးလိုက်ပြီး မြန်မာစစ်အစိုးရကို ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့တာကို တဘက်က တုံ့ပြန်ခြင်း မရှိခဲ့တဲ့ အတွက်လည်း ဝမ်းနည်းမိတယ်လို့ သူက ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ကမ့်ပ်ဘဲလ်တို့ ဘာတွေ ဆွေးနွေးခဲ့တယ် ဆိုတာကိုတော့ သူက အသေးစိတ် ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ပေမဲ့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရော်လီ (P.J Crowley) ကတော့ တနင်္လာနေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ဒီကိစ္စနဲ့ ပတ်သက်လို့ ပြောကြားသွားပါတယ်။

“မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ်နဲ့ စကားပြောဆိုခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ မြန်မာစစ်အစိုးရဘက်က လိုက်လျောမှု မရှိတာ၊ နိုင်ငံရေး လုပ်ပိုင်ခွင့်နယ်ပယ် ချဲ့ထွင်ပေးခြင်း မရှိတာ၊ တိုင်းရင်းသား အုပ်စုတွေနဲ့ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မရှိတဲ့အတွက် အမေရိကန် အစိုးရလိုပဲ သူ့အနေနဲ့ စိတ်ပျက်မိတဲ့အကြောင်း၊ ဒါပေမဲ့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံသွားဖို့ အမေရိကန် အစိုးရရဲ့ ကြိုးပမ်းမှုတွေကိုတော့ သူ့အနေနဲ့ ထောက်ခံကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။”

ဒါ့အပြင် အိုဘားမား အစိုးရ တက်လာပြီးနောက် မြန်မာစစ်အစိုးရအပေါ် ချမှတ်တဲ့ ပေါ်လစီကို ပြန်လည်သုံးသပ်ခဲ့ပြီး ဒဏ်ခတ် ပိတ်ဆို့မှုရော၊ ဆက်ဆံမှုကိုပါ ဒွန်တွဲလုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်လို့တော့ ပီဂျေ ခရော်လီက လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ တိုးတက်မှု အခြေအနေ မရှိခဲ့ဘူးလို့ အခုလို ဝန်ခံ ပြောကြားသွားပါတယ်။

“အိုဘားမား အစိုးရ သက်တမ်း ၁၅ လတာ ကာလအတွင်း မြန်မာစစ်အစိုးရနဲ့ ၃ ကြိမ် တွေ့ဆုံခဲ့အပြီး ပြန်လည် သုံးသပ်ရင် အခုထက်ထိတော့ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေဟာ အမေရိကန် အတွက်တော့ စိတ်ပျက်စရာလို့ ဆိုရမှာပါ။”

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရော်လီကတော့ အိုဘားမား အစိုးရ အနေနဲ့ မြန်မာစစ်အစိုးရနဲ့ ဆက်လက် ဆက်ဆံသွားမှာ ဖြစ်ပေမဲ့ ဘယ်လိုပုံစံမျိုးနဲ့ ဆက်ဆံသွားမယ် ဆိုတာကိုတော့ အမြဲပဲ သုံးသပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG