သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကိုယ်စားလှယ် မြန်မာ့အရေး တရုတ်နဲ့ ဆွေးနွေးဖွယ်ရှိ


အမေရိကန် ကိုယ်စားလှယ် မြန်မာ့အရေး တရုတ်နဲ့ ဆွေးနွေးဖွယ်ရှိ
အမေရိကန် ကိုယ်စားလှယ် မြန်မာ့အရေး တရုတ်နဲ့ ဆွေးနွေးဖွယ်ရှိ

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) ဟာ စစ်အစိုးရ ခေါင်းဆောင်တွေ အပါအဝင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ခေါင်းဆောင်တွေကို မြန်မာနိုင်ငံမှာ ၂ ရက်ကြာ သွားရောက် တွေ့ဆုံခဲ့ပြီးနောက် အခု တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ရောက်နေပါတယ်။ မစ္စတာ ကမ့်ပ်ဘဲလ်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း မြန်မာ့အရေးကိုပါ ဆွေးနွေးဖြစ်ကြလိမ့်မယ် ဆိုတဲ့ သတင်းတွေကလည်း ထွက်ပေါ်နေတော့ တရုတ်နဲ့ အမေရိကန်ကြားမှာ မြန်မာ့အရေးကို ဘယ်လောက်များ ပြောဆို ဆွေးနွေးဖြစ်ကြမှာပါလဲ၊ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံက မထွက်ခွာခင် ဒီနှစ်ထဲ စစ်အစိုးရက ကျင်းပပေးမယ်လို့ ပြောထားတဲ့ ရွေးကောက်ပွဲတွေဟာ နိုင်ငံတကာက လက်ခံ ယုံကြည်နိုင်လောက်တဲ့ အနေအထား မရှိတဲ့အပြင် မြောက်ကိုရီးယားက လက်နက်ဝယ်ယူတာကို ပိတ်ပင်ထားတဲ့ ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလည်း လိုက်နာဖို့ လိုတယ်ဆိုပြီး အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ်က ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုခဲ့တာပါ။

အဲဒီလို ဝေဖန်ပြောဆိုပြီး မြန်မာစစ်အစိုးရအပေါ် အတိုင်းအတာ တခုအထိ သြဇာသက်ရောက်မှု ရှိတယ်လို့ အများက ယူဆထားတဲ့ တရုတ်နိုင်ငံကို သွားပြီး တရုတ်အစိုးရ အရာရှိတွေနဲ့ တွေ့တဲ့အခါ မြန်မာ့အရေးပါ ဆွေးနွေးဖြစ်ကြမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒါပေမဲ့ မစ္စတာ ကမ့်ပ်ဘဲလ်ရဲ့ တရုတ်ခရီးစဉ်ဟာ မြန်မာ့အရေး သက်သက် ဆွေးနွေးပြောဆိုမှုထက် တရုတ်၊ အမေရိကန်၊ အာဆီယံ ဆက်ဆံရေးကိစ္စကို အဓိကထား ဆွေးနွေးဖြစ်ဖို့ ပိုများတယ်လို့ တရုတ်နိုင်ငံ အခြေစိုက် မြန်မာ့အရေးကို အနီးကပ် လေ့လာ စောင့်ကြည့်နေတဲ့ ဒေါ်လှကျော်ဇောက သုံးသပ်ပါတယ်။

“ကမ့်ပ်ဘဲလ်လာတဲ့ ကိစ္စက ကျမအမြင်တော့ မြန်မာပြည် အရေးထက် အရှေ့တောင်အာရှ တခုလုံးနဲ့ ပိုဆိုင်မယ် ထင်တယ်။ မြောက်ကိုရီးယား ကိစ္စရော၊ အာဆီယံ ကိစ္စရော၊ အာဆီယံနဲ့ တရုတ်ပြည် ဆက်ဆံရေးက အတော်ကောင်းနေပြီးတော့ အာဆီယံနဲ့ တရုတ်က လွတ်လပ်စွာ ကုန်သွယ်ခွင့်တွေကလည်း လုပ်ထားတာ ဖြစ်တော့ အဲဒီကိစ္စကိုပဲ ဈေးကွက်ပြဿနာတွေ ရှိမယ်ထင်တယ်။

“ကမ့်ပ်ဘဲလ်လာတဲ့ နောက်ကိစ္စတခုကတော့ သူတို့ မေလကုန်မှာ လုပ်ဖို့ရှိတဲ့ ကိစ္စတခုရှိတယ်။ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံ ပေါင်းပြီးတော့ Strategic Dialogue ဆိုတာရှိတယ်။ ဟီလာရီ ကလင်တန် (Hillary Clinton) ပါ တက်မယ်လို့ ပြောတယ်။ အဲဒါအတွက်လည်း လာပြီးတော့ ညှိနှိုင်းတာ ဖြစ်မယ်ထင်တယ်။ မြန်မာပြည်အရေးကတော့ ပါကောင်းပါမယ်။ ဒါပေမဲ့ ခေါင်းစဉ်ငယ်လောက်ပဲ ဖြစ်မယ်ထင်ပါရဲ့။”

မြန်မာစစ်ခေါင်းဆောင်တွေဟာ တိုင်းပြည်အတွင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အမေရိကန်နဲ့ တရုတ် အပါအဝင် နိုင်ငံတကာရဲ့ ဖိအားပေး တောင်းဆိုမှုတွေကို ဂရုမစိုက်ဘဲ သူတို့လုပ်ချင်တာကို ဇွတ်လုပ်တတ်တဲ့ သာဓကတွေ ရှိတယ်လို့ ဆိုပါတယ်။

“နအဖကလည်း ဘယ်သူ ဘာပြောပြော ဂရုစိုက်မှာ မဟုတ်ဘူး။ အခု လုပ်ပုံကိုင်ပုံတွေ ကြည့်လေ၊ သိပ်ဗြောင်ကျလွန်း အားကြီးနေပြီ။ အဲဒီဟာအတိုင်း သူ မဖြစ် ဖြစ်အောင် လုပ်မှာပဲ။ ဘယ်သူ ဘာပြောပြော၊ တရုတ်ကလည်း ဘယ်လောက်ထိ ပိုပြောမလဲ။ နိုင်ငံအချင်းချင်း ဆက်ဆံရာမှာ သံခင်း တမန်ခင်း ပြောကောင်းရုံလောက်ပဲ ပြောမှာပဲ၊ ဒီ့ထက်ပိုပြီး ပြောမှာမဟုတ်ဘူး။ အဲဒါကြောင့် သိပ်ပြီးတော့ ဆက်ဆံရေး သိပ်ပြေပြစ်ချင်တဲ့ အမေရိကန်ကိုတောင်မှ မျက်နှာမှ မထောက်တာ၊ ကမ့်ပ်ဘဲလ် မျက်နှာတောင် မထောက်ဘူး၊ သူ လုပ်ပစ်လိုက်တာပဲ။ အဲတော့ ကျန်တဲ့လူလည်း ဘာမှ သိပ်ဂရုစိုက်မှာ မဟုတ်ဘူး။”

မစ္စတာ ကမ့်ပ်ဘဲလ်အနေနဲ့ မြန်မာပြည်ကနေ တရုတ်နိုင်ငံကို ချက်ချင်း ခရီးဆက်သွားတာကတော့ ထူးခြားချက်တခု ဖြစ်တာကြောင့် မြန်မာ့အရေး လေ့လာ စောင့်ကြည့်သူတွေက ပိုပြီး စိတ်ဝင်စားကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန် အစိုးရ အတွက်တော့ မြန်မာပြည်အရေးထက် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး အဆင်ပြေဖို့က ပိုအရေးကြီးပုံ ရပါတယ်။ ဒါကြောင့်လည်း မစ္စတာ ကမ့်ပ်ဘဲလ် အနေနဲ့ တရုတ်အစိုးရ အရာရှိတွေနဲ့ ဆွေးနွေးကြတဲ့အခါ မြန်မာ့အရေးကို ထည့်သွင်း ဆွေးနွေးမှာ ဖြစ်ပေမဲ့ အရေးပါတဲ့ အခန်းကဏ္ဍမျိုးက မဟုတ်ဘဲ အနည်းအကျဉ်းသာ ဆွေးနွေးဖြစ်ကြလိမ့်မယ်လို့ ခန့်မှန်းပြောဆိုနေကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG