သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU ကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားဖို့ပြင်


EU ကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားဖို့ပြင်
EU ကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားဖို့ပြင်

မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေကို စောင့်ကြည့် လေ့လာဖို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်နိုင်ရေးနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ပီယာရို ဖက်ဆီနို (Pierro Fassino) နဲ့အဖွဲ့ မြန်မာနိုင်ငံကို သွားဖို့ ပြင်ဆင်နေတယ်လို့ မစ္စတာ ဖက်ဆီနိုရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

EU အနေနဲ့ မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း စစ်အစိုးရက ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံဆိုင်ရာ EU အထူးသံတမန် မစ္စတာ ပီယာရို ဖက်ဆီနို ပါဝင်တဲ့ လေ့လာရေး ကိုယ်စားလှယ်အဖွဲ့ စေလွှတ်လိုတဲ့အကြောင်း ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က EU နိုင်ငံခြားရေး ကောင်စီကနေ တရားဝင် ဆုံးဖြတ်ချက် ချလိုက်တာပါ။

အခုချိန်မှာတော့ EU နဲ့ မြန်မာစစ်အစိုးရအကြား ဒီခရီးစဉ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ မစ္စတာ ဖက်ဆီနိုရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ဘာတိုရယ်လီ (Mr. Bartorelli) က ဗွီအိုအေကို ပြောပြပါတယ်။

“ဒီခရီးစဉ် ဖြစ်မြောက်ရေးအတွက် အခုမှ ပြင်ဆင်တုန်း အဆင့်ပဲ ရှိပါသေးတယ်။ မကြာခင်မှာ မြန်မာနိုင်ငံကို သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က ဥရောပကောင်စီက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကိုလည်း ခင်ဗျားတို့ တွေ့ပြီးလောက်ပါပြီ။ ဒါကြောင့် ဒီခရီးစဉ်ဟာ တရားဝင် ခရီးစဉ် ဖြစ်ပါတယ်။ နှစ်ဘက် ဆက်ဆံရေးတွေ တိုးတက် ကောင်းမွန်လာအောင်လို့ EU က ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။”

ဒီခရီးစဉ်ဟာ မစ္စတာ ဖက်ဆီနို တယောက်တည်းသွားမယ့် ခရီး မဟုတ်ဘူးလို့ မစ္စတာ ဘာတိုရယ်လီက ပြောပါတယ်။

“ဒီခရီးစဉ်ဟာ EU အဖွဲ့ကြီး တခုလုံးရဲ့ ခရီးစဉ် ဖြစ်ပါတယ်။ မစ္စတာ ဖက်ဆီနိုလည်း ဒီခရီးစဉ်မှာ လိုက်ပါသွားမှာ ဖြစ်ပါတယ်။ သူတယောက်တည်း သွားမယ့် ခရီးစဉ်တော့ မဟုတ်ပါဘူး။ ကျနော်ပြောခဲ့သလိုပဲ အခုမှ ပြင်ဆင်မှုတွေ လုပ်နေတုန်းမို့ မြန်မာစစ်အစိုးရ အပေါ်မှာလည်း အများကြီး မူတည်ပါတယ်။”

ပြီးခဲ့တဲ့ မေလ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေတုန်းက အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) မြန်မာနိုင်ငံကို သွားပြီး စစ်အစိုးရ အရာရှိတွေနဲ့ တွေ့တုန်းက ရွေးကောက်ပွဲအတွက် နိုင်ငံတကာက လေ့လာ စောင့်ကြည့်သူတွေကို ဖိတ်ခေါ်ဖို့ ရှိမရှိ မေးခဲ့တာကိုတော့ ဒီကိစ္စအတွက် ရွေးကောက်ပွဲ ကော်မရှင်ကသာ ဆုံးဖြတ်မယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီသတင်းတပုဒ်ထဲမှာပဲ တခြားနေရာ တခုမှာတော့ ဒီနှစ်အတွင်း ကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတကာက လေ့လာ စောင့်ကြည့်သူတွေ လာဖို့မလိုဘူး ဆိုပြီး ရေးသားထားပြန်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို လေ့လာ စောင့်ကြည့်ဖို့ EU က ကိုယ်စားလှယ် စေလွှတ်ဖို့ စီစဉ်နေတာကို စစ်အစိုးရက တဘက်လှည့်နဲ့ ပယ်ချလိုက်တာလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

EU ကတော့ သူတို့ဘက်က ကိုယ်စားလှယ် စေလွှတ်ဖို့အတွက် စစ်အစိုးရနဲ့ စကားပြောနေတဲ့အကြောင်း ပြောနေပေမဲ့ သူတို့အနေနဲ့ မြန်မာနိုင်ငံကို ဘယ်အချိန်မှာ သွားခွင့်ရမယ် ဆိုတာတော့ မသိရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ သက်ဆိုင်သူ အားလုံး ပါဝင်ခွင့် မရှိအောင် ကန့်သတ် ချုပ်ချယ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း ဥပဒေတွေကို စစ်အစိုးရက ထုတ်ပြန်ပြီးတဲ့နောက် အဲဒီကန့်သတ်ချက်တွေကို EU ဥရောပသမဂ္ဂက ကန့်ကွက် ရှုတ်ချထားပြီး ဖြစ်ပါတယ်။

XS
SM
MD
LG