သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရွေးကောက်ပွဲ နိုင်ငံတကာ အကဲခတ် ပုဂ္ဂိုလ်တွေ လက်ခံဖို့ ကုလ တိုက်တွန်း


မြန်မာ့ရွေးကောက်ပွဲ နိုင်ငံတကာ အကဲခတ် ပုဂ္ဂိုလ်တွေ လက်ခံဖို့ ကုလ တိုက်တွန်း
မြန်မာ့ရွေးကောက်ပွဲ နိုင်ငံတကာ အကဲခတ် ပုဂ္ဂိုလ်တွေ လက်ခံဖို့ ကုလ တိုက်တွန်း

မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အာဆီယံ အပါအဝင် နိုင်ငံတကာက လာရောက်စစ်ဆေးဖို့ မလိုအပ်ဘူးလို့ မြန်မာနိုင်ငံကို ၂ ရက်ကြာခရီး လာရောက်ခဲ့တဲ့ အမေရိကန် အဆင့်မြင့်ပုဂ္ဂိုလ်ကို မြန်မာစစ်အစိုးရက ပြောဆိုခဲ့တာကြောင့် ဒေသတွင်းနဲ့ နိုင်ငံတကာက စောင့်ကြည့် လေ့လာသူတွေကို ဖိတ်ကြားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မေလ ၉ ရက်နေ့က အမေရိကန်နိုင်ငံ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က မြန်မာနိုင်ငံ ရွေးကောက်ပွဲအတွက် နိုင်ငံတကာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့တွေ၊ အထူးသဖြင့် အာဆီယံအဖွဲ့တွေ လာရောက်ခွင့် ပြုမပြု မေးမြန်းတဲ့အခါ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အတွေ့အကြုံ များစွာရှိပြီး ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်တွေ သေသေချာချာ ပြဋ္ဌာန်း ဆောင်ရွက်နေတာမို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာ ထင်ရှားတဲ့အတွက် နိုင်ငံတကာ အဖွဲ့တွေ လာရောက်ဖို့ မလိုကြောင်း ပြန်ကြားခဲ့ပါတယ်။

အခုလို မြန်မာစစ်အစိုးရဘက်က လက်မခံပေမဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတော့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေကို ဖိတ်ကြားဖို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ မစ္စတာ မာတင် နာဆက်ကီက…

“မြန်မာနိုင်ငံမှာ ကျင်းပမယ့် ဘယ်ရွေးကောက်ပွဲမဆို နိုင်ငံတကာရဲ့ ယုံကြည်ကိုးစားမှုကို ရရှိလိုရင် ရှင်းလင်းရမယ်၊ ခြုံငုံ ပြည့်စုံပြီး အုပ်စုအားလုံးတို့ ပါဝင်တဲ့ ရွေးကောက်ပွဲစနစ် ဖြစ်ရပါမယ်။ ဒါကို ကုလသမဂ္ဂက ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီး ဖြစ်သလို ဒီနေ့လည်း ထပ်ပြီး တိုက်တွန်းလိုတာက မြန်မာအာဏာပိုင်တွေ အနေနဲ့ ဒေသန္တရ အပါအဝင် ပြည်ပက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ပုဂ္ဂိုလ်တွေကို လက်ခံပါ။ ဒါမှလည်း ရွေးကောက်ပွဲအပေါ် နိုင်ငံတကာရဲ့ ယုံကြည်ကိုးစားမှု ရရှိမှာပါ။ ဒီအချက်က ရှင်းပါတယ်။”

ရွေးကောက်ပွဲတခု တရားမျှတမှု ရှိမရှိ နိုင်ငံတကာ အဖွဲ့တွေကို ဖိတ်ကြား စစ်ဆေးစေတာဟာ စစ်အေးခေတ် နောက်ပိုင်းမှာ ထုံးစံတခုလို ဖြစ်လာနေပြီး အခုလို မြန်မာစစ်အစိုးရဘက်က ငြင်းဆန်နေတာဟာ လာမယ့် ရွေးကောက်ပွဲအတွက် ဘယ်သူ့ အသိအမှတ် ပြုမှုကိုမှ ရမှာမဟုတ်ဘူးလို့ ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက် ညွန့်ပေါင်းအစိုးရ အဖွဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

“နိုင်ငံတခု အနေနဲ့ ဒီနိုင်ငံရဲ့ ပြည်သူကို ကိုယ်စားပြုပြီးတော့ အချုပ်အခြာ အာဏာကို ကျင့်သုံးတဲ့အခါမှာ ပြည်သူလူထုကို စစ်စစ်မှန်မှန် ကိုယ်စားပြုတဲ့ အစိုးရတရပ် ဖြစ်တယ်၊ ဒါကို ခိုင်မာစေချင်လို့ နိုင်ငံတကာမှာ ဂုဏ်သိက္ခာရှိတဲ့ အစိုးရတရပ် အနေနဲ့ ဝင်ဆန့်ချင်လို့ ဒီလိုမျိုး ဖိတ်ခေါ်ကြတာပါ။

“ကျနော်တို့ အိမ်နီးနားချင်းနိုင်ငံတွေ ဘင်္ဂလားဒေ့ရှ်မှာ ၂၀၀၈ ဒီဇင်ဘာလောက်မှာ လုပ်သွားတဲ့ ရွေးကောက်ပွဲ၊ အင်ဒိုနီးရှားမှာ မနှစ်က လုပ်သွားတဲ့ ရွေးကောက်ပွဲ၊ ဖိလစ်ပိုင်မှာ ယနေ့ မကြာခင်မှာ လုပ်မယ့် သမ္မတ ရွေးကောက်ပွဲ၊ ဒီရွေးကောက်ပွဲ အားလုံးလိုလိုမှာ နိုင်ငံတကာက ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး ကော်မရှင်တွေကို ဖိတ်ခေါ်သွားတာ တွေ့ရပါတယ်။

“ရွေးကောက်ပွဲတခုကို ကျင်းပပြီးတော့ ကိုယ့်ဘာသာကိုယ်ပဲ ငါတို့လုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတပါတယ် ပြောရုံနဲ့တော့ ဘယ်သူ့ အသိအမှတ်ပြုမှုမှ ရမှာမဟုတ်ပါဘူး။”

အခုကျင်းပမယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မပါဖို့ ဆုံးဖြတ်တာနဲ့ ပတ်သက်ပြီး ကျဉ်းမြောင်းတဲ့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲနဲ့ ကြည့်တယ်လို့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မဝေဖန်ပေမဲ့ မြန်မာစစ်အစိုးရ ကတိပေးထားသလို လွတ်လပ်ပြီး တရားမျှတမှု ရှိတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးဖို့ လိုအပ်တယ်လို့ အလေးအနက် ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူလူထုထံက အချုပ်အခြာအာဏာ သက်ဆင်းရမယ်ဆိုတဲ့ အချက်နဲ့ ဆန့်ကျင်နေတဲ့အပြင် တရားမျှတမှု မရှိတဲ့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲအတွက် ပါတီ မှတ်ပုံမတင်ခဲ့တဲ့ အပြင် အရင်ဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့တာလို့ ဒေါက်တာ သောင်းထွန်းက မြင်ပါတယ်။

“ရွေးကောက်ပွဲတခုမှာ အပိုင်း ၃ ပိုင်း ရှိပါတယ်။ စစ်မှန်တယ်၊ လွတ်လပ်တယ်၊ တရားမျှတတယ်၊ ဒီ ၃ ခုပေါ့။ စစ်မှန်တယ် ဆိုတာက ရွေးကောက်ပွဲ မကျင်းပခင် ကတည်းကိုက လုပ်ထုံးလုပ်နည်းတွေ၊ လုပ်နည်းလုပ်ဟန်တွေက ရွေးကောက်ပွဲ တခုကို သွားနေတဲ့ နိုင်ငံရေး ဖြစ်စဉ်ဟာ တကယ့် ပြည်သူလူထုရဲ့ ဆန္ဒကို ကိုယ်စားပြုမယ့် ဖြစ်စဉ် ဖြစ်ရမယ်။ နအဖလုပ်မယ့် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတာကို ခဏထားလိုက်ဦး၊ အစကတည်းက မစစ်မှန်ဘူး။

“မစစ်မှန်တာ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက မြန်မာနိုင်ငံရဲ့ အမြင့်မားဆုံး ဥပဒေ ဖြစ်လာမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံကို ရေးဆွဲတဲ့ အခါမှာ ပြည်သူလူထုရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ချုပ်ချယ် ကန့်သတ်တဲ့ ပြဋ္ဌာန်းချက်တွေ ပါတယ်။ လွတ်လပ်တဲ့ တရားစီရင်ရေး မဏ္ဍိုင်ကို ကန့်သတ် ချုပ်ချယ်တဲ့ ပြဋ္ဌာန်းချက်တွေ ပါတယ်။ နောက်တခုက အချုပ်အခြာအာဏာဟာ ပြည်သူလူထုထံက ဆင်းသက်ရမယ်ဆိုတဲ့ အခြေခံမူနဲ့ ဆန့်ကျင်တဲ့ဟာတွေ ပါတယ်။

“အခုလို စစ်တပ်က ၂၅% ယူကတည်းက ပြည်သူလူထုထံက အချုပ်အခြာအာဏာ ဆင်းသက်ရမယ် ဆိုတာနဲ့ ဆန့်ကျင်နေတယ်။ ဒါကြောင့် အစကတည်းက မစစ်မှန်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပါတီ မှတ်ပုံတင်ရေး ဥပဒေကို ဆန့်ကျင်တဲ့ အနေနဲ့ မှတ်ပုံမတင်ခြင်းလည်း ဖြစ်တယ်၊ ရွေးကောက်ပွဲ မဝင်ခြင်းလည်း ဖြစ်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ လွတ်လပ်မှုနဲ့ တရားမျှတမှု ဆိုတာကတော့ တော်တော်ကို ဝေးပါသေးတယ်။”

NCGUB အဖွဲ့ရဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်း ပြောသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG