သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံရေး ပဋိပက္ခကြား ဆန္ဒပြသူတွေကို လိုလားသူ စစ်ဗိုလ်ချုပ် ပစ်ခတ်ခံရ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က အစိုးရဆန့်ကျင် ဆန္ဒပြသူတွေ စတည်းချနေတဲ့ နေရာတချို့မှာ မီးတွေ ဖြတ်လိုက်သလို အနီဝတ် အစိုးရ ဆန့်ကျင်သူတွေရှိရာ အမာခံ ခရိုင်တွေမှာလည်း အရေးပေါ် အခြေအနေ ကြေညာချက်ကို ထိုင်းအစိုးရက ထုတ်ပြန်လိုက်ပါတယ်။

ဆန္ဒပြသူတွေ စတည်းချနေတဲ့ နေရာ ပတ်လည်ကို လုံခြုံရေးတွေက စတင် ဝိုင်းရံ ပိတ်ဆို့ချိန်မှာ ထိုင်းဗိုလ်ချုပ်တယောက် သေနတ်မှန်ပြီး ဒဏ်ရာ အပြင်းအထန် ရရှိသွားပါတယ်။

<!-- IMAGE -->

အနီဝတ် အစိုးရဆန့်ကျင် ဆန္ဒပြသူတွေဘက်က ရပ်တည်တဲ့ ဗိုလ်ချုပ်ဆာဒဲန်း (Seh Daeng) ဆန္ဒပြသူတွေ ကာဆီးထားတဲ့ အတားအဆီးတွေနောက်မှာ သေနတ် ထိမှန်သွားတာကို ဘန်ကောက် ဗွီအိုအေရုံးက သတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) ကိုယ်တိုင် မြင်တွေ့ခဲ့ပါတယ်။ စနိုက်ပါ (Sniper) လက်ဖြောင့်တပ်သားက ပစ်တာ ဖြစ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။

ဗိုလ်ချုပ်ဆာဒဲန်းဟာ နယူးယောက်ခ်တိုင်းမ် သတင်းထောက် တယောက်ကို အင်တာဗျူး ပေးနေချိန်မှာ ခေါင်းကို သေနတ်မှန်သွားတာ ဖြစ်တယ်လို့ နယူးယောက်ခ်တိုင်းမ် သတင်းစာက သတင်းထုတ်ပြန်ပါတယ်။

ဆန္ဒပြသူတွေရဲ့ သပိတ်စခန်းကို လူစုခွဲနိုင်ဖို့ အဲဒီနေရာ တဝိုက်ကို လုံခြုံရေးတွေ ဝိုင်းရံ ပိတ်ဆို့တော့မယ်လို့ ပြောကြားခဲ့ပြီးတဲ့ နောက်မှာပဲ အဲဒီနေရာကနေပြီး ပစ်ခတ်သံတွေ၊ ပေါက်ကွဲသံတွေ ကြားနေရတယ်လို့ ဘန်ကောက်မှာရှိတဲ့ ဗွီအိုအေ သတင်းထောက်တွေက ပြောပြပါတယ်။

လက်ဖြောင့်တပ်သားတွေကို ဖြန့်ချထားမှာ ဖြစ်သလို လိုအပ်ရင် ကျည်အစစ်တွေနဲ့ ပစ်ခတ်မယ်လို့လည်း စစ်တပ် ပြောခွင့်ရသူက ပြောပါတယ်။ သပိတ်စခန်းကို ပိတ်ဆို့ထားဖို့ သံချပ်ကာ ကားတွေကိုလည်း ထားထားမယ်လို့ လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ဆန္ဒပြသူတွေ ဘက်ကလည်း စစ်သားတွေနဲ့ ရင်ဆိုင်သွားဖို့ ပြင်ဆင်ထားပြီးသား ဖြစ်တယ်လို့ အနီဝတ် ခေါင်းဆောင်တွေက ပြောပါတယ်။

စီးပွားရေးလုပ်ငန်းတွေ ထိခိုက်နေရတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုကို အနီရောင်ဝတ်တွေက အဆုံးမသတ်နိုင်ဘူးလို့ ပြောခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) က သူ့ရဲ့ ပြန်လည်သင့်မြတ်ရေး အစီအစဉ်ကို မနေ့တုန်းက ဖျက်ခဲ့ပါတယ်။

XS
SM
MD
LG