သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်း မီဒီယာ လွတ်လပ်ရေး


သတင်းမီဒီယာ လွတ်လပ်မှုအတိုင်းအတာကို ဒီတပတ်မှာ မီးမောင်းထိုးပြကြတာ တွေ့ရပါတယ်။ သတင်းဆိုတာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတဲ့ အခြေခံ လူ့အခွင့်အရေးကို လက်တွေ့ကျင့်သုံးတာ ဖြစ်နေလို့ပါ။ နိုင်ငံပေါင်း (၁၉၅) နိုင်ငံရဲ့ ၂၀၀၉ ခုနှစ် သတင်းမီဒီယာ လွတ်လပ်မှု အခြေအနေကို အမေရိကန်ဝါရှင်တန်မြို့တော်အခြေစိုက် Freedom House အဖွဲ့က ဖော်ပြထားပါတယ်။ ပုံနှိပ်မီဒီယာ အသံလွှင်မီဒီယာ နဲ့ အင်တာနက်မီဒီယာတွေ ဘယ်လောက်လွတ်လပ်သလဲဆိုတာကို သုံးသပ်ထားတာ ဖြစ်ပါတယ်။

ဒီအထဲက အဆိုးဝါးဆုံး (၁၀) နိုင်ငံထဲမှာ အာရှနိုင်ငံတွေဖြစ်တဲ့ မြန်မာ-မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံလည်း ပါဝင်ပါတယ်။ မြန်မာပြည်အကြောင်း (၄) မျက်နှာရေးထားပြီး လွတ်လပ်မှု ဆိတ်သုဉ်းတဲ့နိုင်ငံအဖြစ် ဖော်ပြထားပါတယ်။ စောင်ရေသန်းချီထုတ်ဝေတဲ့ Times အပတ်စဉ်မဂ္ဂဇင်းကတော့ သြဇာအရှိန်အဝါ အရှိဆုံး ပုဂ္ဂိုလ် (၁၀၀) အကြောင်းကို ဖော်ပြထားပါတယ်။ ဒီပုဂ္ဂိုလ်တွေ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်တာကြောင့် အကျိုးသက်ရောက်မှု ကြီးမားပုံကို ဖော်ပြတာဖြစ်ပါတယ်။ ဒီလို ထူးခြားတဲ့ပုဂ္ဂိုလ် (၁၀၀) ထဲမှာ နေဘုန်းလတ် ဆိုတဲ့ မြန်မာလူငယ်လည်း ပါဝင်ပါတယ်။ နေဘုန်းလတ် အကြောင်း နာမည်ကျော် ဝတ္ထုရေးဆရာကြီး Salman Rushdie က ရေးသားပါတယ်။ သံဃာများဦးဆောင်တဲ့ ၂၀၀၇ ပြည်သူ့ဆန္ဒပြပွဲကို ကမ္ဘာသိအောင် နေဘုန်းလတ် က သတင်းဖြန့်တာကဟာ ဇရာထောင်းနေတဲ့ စစ်အာဏာရှင်စနစ်ကို လူငယ့်အားမာန်နဲ့ ဖီဆန်လိုက်တာဖြစ်ကြောင်း Salman Rushdie က မှတ်တမ်းတင်လိုက်ပါတယ်။

၁၅ ရာစုမှာ ပုံနှိပ်စက် တီထွင်အသုံးပြုနိုင်တဲ့အတွက် သတင်းဖြန့်ချီရေးကို လက်ဝါးကြီးအုပ်ထားတဲ့ ခရစ်ယာန်ဘာသာဂိုဏ်း သြဇာအရှိန်အဝါ ကျဆင်းလာသလို အင်တာနက် သတင်းမီဒီယာကြောင့် သတင်းလွတ်လပ်မှုကို ပိတ်ပင်ထားတဲ့ ခေတ်သစ် အာဏာရှင်တွေလည်း ကျဆုံးရမယ်လို့ ယုံကြည်ကြပါတယ်။ ကွန်ပြူတာဆက်သွယ်မှုကို ပိတ်ပင်ချုပ်ချယ်နေတဲ့ကြားက စစ်အစိုးရကို သရော်ရေးဆွဲနေတဲ့ ကာတွန်းဆရာဟန်လေးရဲ့ လက်ရာတွေ မြန်မာပြည်မှာ လူကြိုက်များနေရာတာ အင်တာနက်မီဒီယာရဲ့ ထိရောက်မှုကို ပြသတာဖြစ်ပါတယ်။ ဖမ်းဆီးထောင်ချနေတဲ့ကြားက စွန့်စားပြီး သတင်းပေးပို့နေကြတာ ဖြစ်ပါတယ်။ သတင်းမီဒီယာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၉၃ ခုနှစ်ကစပြီး မေလ (၃) ရက်နေ့ကို သတင်းမီဒီယာ လွတ်လပ်ရေးနေ့လို့ ကုလသမဂ္ဂ က သတ်မှတ်ထားပါတယ်။ သတင်းမီဒီယာ လွတ်လပ်မှုကို ကာကွယ်ဖို့ ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့မှာ တာဝန်ရှိပါတယ်။ သတင်းမီဒီယာ လွတ်လပ်ရေးနေ့မှာ ထုတ်ဝေတဲ့ ပဲရစ်အခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းထောက်များအသင်းက ထုတ်ဝေတဲ့ အစီရင်ခံစာမှာတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ရန်သူလို သဘောထားပြီး တိုက်ခိုက်ဖျက်ဆီးနေသူ (၄၀) ထဲမှာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီး တို့လည်း ပါဝင်နေကြပါတယ်။ သူတို့နှစ်ဦးစလုံးဟာ လျှို့ဝှက်ကြံစည်းလုပ်ကိုင်တတ်ကြတဲ့ ကမ္ဘာ့အပယ်ခံတွေ ဖြစ်ကြပါတယ်။ လွတ်လပ်တဲ့ သတင်းမီဒီယာကို သူတို့အကြောက်ဆုံး ဖြစ်ပါတယ်။ သတင်းစာတစောင်ဟာ လှံစွပ်တထောင်ထက် ကြောက်ဖို့ကောင်းတယ်လို့ ပြင်သစ်စစ်ဗိုလ်ချုပ်ကြီး နပိုလီယံက (၁၉) ရာစုကာလမှာ မျက်ချက်ချခဲ့တာကို အမြဲတမ်း သတိရနေကြပုံ ရပါတယ်။

မတရားလုပ်သူတိုင်း အမှန်တရားကို ကြောက်ကြပါတယ်။ ဒါကြောင့် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းစဉ်ကတည်းကစပြီး မြန်မာပြည်မှာ သတင်းမီဒီယာ လွတ်လပ်မှုကို ပိတ်ပင်ထားခဲ့ပါတယ်။ သတင်းမီဒီယာ လွတ်လပ်မှုဆိုတာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လက်တွေ့ကျင့်သုံးတာပါ။ စစ်အစိုးရဟာ ရွေးကောက်ပွဲကို မကြောက်ပဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်ကို အထူးကြောက်ရွံနေတာကို ကြည့်ရင် လွတ်လပ်တဲ့ သတင်းမီဒီယာရဲ့ စွမ်းအားကို သိနိုင်ပါတယ်။ လွတ်လပ်တဲ့ သတင်းမီဒီယာက မတရားမှု၊ လာဘ်စားမှု နဲ့ အသိဉာဏ်ပညာ ခေါင်းပါးမှုတွေကို ထောက်ပြနိုင်ပါတယ်။

လွတ်လပ်တဲ့ သတင်းမီဒီယာရှိမှသာ တိုင်းသူပြည်သားတွေ အမှားအမှန် ဝေဖန်ပိုင်ခြားနိုင်စွမ်း ရှိလာနိုင်ပါတယ်။ လွတ်လပ်မှု မရှိတဲ့ ဆန္ဒရွေးကောက်ပွဲ နဲ့ ရွေးကောက်ပွဲတွေဟာ အခမ်းအနားတွေသာ ဖြစ်ပါတယ်။ ဒီမိုကရေစီ အခြေခံအုတ်မြစ်ကို ခိုင်မာအောင်မလုပ်ဘဲ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲကိုသာ အဓိကထားနေတဲ့အတွက် ထိုင်းနိုင်ငံမှာ နိုင်ငံရေး မငြိမ်မသက် ဖြစ်နေတာလို့ သုံးသပ်ကြပါတယ်။

လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်မရှိရင် ပြည်သူလူထုရဲ့ကဏ္ဍဟာ ရွေးကောက်ပွဲမှာတင် နိဂုံးချုပ်သွားပါလိမ့်မယ်။ ၁၉၉၀ ရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲလို့ သတ်မှတ်ကြပေမယ့် တိုင်းပြည်မှာ လွတ်လပ်မှုမရှိတဲ့အတွက် ပြည်သူ့အခန်းကဏ္ဍဟာ ရွေးကောက်ပွဲမှာတင် နိဂုံးချုပ်သွားခဲ့ပါတယ်။ ရွေးကောက်တင်မြှောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များကို မတရားထောင်ချထားတာကို ပြည်သူတွေ ဘာမှမတတ်နိုင်ကြပါဘူး။

ပြည်သူပြည်သားတွေကို လုပ်ပိုင်ခွင့်ပေးတာဟာ ဒီမိုကရေစီဖြစ်ပါတယ်။ တဖက်သတ် စည်းကမ်းသတ်မှတ်ပြီး ရွေးကောက်ပွဲကျင်းပပေမယ့်အစား လွတ်လပ်မှုပေးတာကသာ ဒီမိုကရေစီကို မြှင့်တင်ရာ ရောက်ပါတယ်။ ပြည်သူလူထုမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် စုဝေးခွင့် အရပ်သားအဖွဲ့အစည်းများ တည်ထောင်ခွင့် စတာတွေရှိမှသာ အနာဂတ်နိုင်ငံရေးစနစ်ကို အပြန်အလှန်ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ လွတ်လပ်မှုကင်းမဲ့နေတဲ့ ရွေးကောက်ပွဲဟာ မဆလခေတ်ကို ပြန်သွားနေသလို ဖြစ်နေပါတယ်။

XS
SM
MD
LG