သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သောက်သုံးရေ အခက်အခဲ ဖြေရှင်းပေးဖို့ ဒဂုံမြို့သစ် လူထု မြို့တော်ဝန်ထံ စာတင်


မြန်မာနိုင်ငံမှာ ဒီနှစ်နွေရာသီဟာ ပြီးခဲ့တဲ့ နှစ်တွေကထက် ပိုပြီး ပူပြင်းလွန်းပြီးတော့ အပူချိန်ဟာ ၁၀၉၊ ၁၁၀ ဖာရင်ဟိုက်ကျော် ရှိခဲ့တဲ့အပြင် သောက်သုံးရေလည်း ရှားပါးနေတဲ့အတွက် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်က ၁၉၊ ၂၀၊ ၂၄ နဲ့ ၂၅ ရပ်ကွက်တွေက ပြည်သူလူထု ၈၀ ကျော်လောက်က ရေရရှိရေးအတွက် ရန်ကုန်မြို့တော်ဝန်ဆီကို စာရေး တောင်းဆိုမှုတွေ လုပ်ခဲ့ပါတယ်။ ဒါ့အပြင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးကိုလည်း မိတ္တူပေးခဲ့တဲ့အကြောင်း ဒဂုံမြို့သစ်(တောင်ပိုင်း) က ပြည်သူတွေက ပြောပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ရာသီဥတု ပူပြင်းပြီး ရေရှားပါးမှုတွေ ဖြစ်နေသလို အရင်လတွေကတည်းက ရေမလာ၊ မီးမလာ ဖြစ်နေမှုတွေကြောင့် မြို့သစ်ဘက်က လူထုတွေ အနေနဲ့ ရေသုံးစွဲဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ဒီအခြေအနေတွေကြောင့် ဒဂုံမြို့သစ်(တောင်ပိုင်း) ရပ်ကွက် ၄ ခုက ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက ရန်ကုန်မြို့တော်ဝန်ဆီ စာပို့ပြီး ရေရရှိရေးအတွက် တောင်းဆိုခဲ့တာဖြစ်ကြောင်း ရပ်ကွက် ၁၉ က ပြည်သူတဦးက အခုလို ပြောပြပါတယ်။

“ကျနော်တို့ လက်မှတ်တွေ စုထိုးပြီးသွားပြီ။ လက်မှတ်ပေါင်း ၈၀ ကျော်၊ ၁၀၀ နီးပါးလောက်ရှိတယ်။ အဲဒီလက်မှတ်တွေ စုပြီးတော့ ကျနော်တို့ မြို့တော်ဝန်ဆီကို စာတင်တယ်။ ရေအခက်အခဲ ဖြစ်နေတဲ့ ကိစ္စတွေ အားလုံးကို ကူညီဖြေရှင်းပေးပါ ဆိုတဲ့ဟာ၊ အဲဒီစာကိုပဲ မိတ္တူတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ် ရေသန့်ဌာန၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာန ဌာနမှူးဆီကို တင်တယ်။ မြို့နယ် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီရုံးကိုလည်း တင်တယ်။”

လက်မှတ်ထိုး တင်ပြခဲ့တဲ့ ရပ်ကွက် ၄ ခုရှိပြီး ရေဝယ်သုံးနေရတဲ့ အခက်အခဲတွေကိုလည်း အခုလို ပြောသွားပါတယ်။

“ကျနော်တို့ ၂၄၊ ၂၅၊ ၁၈ နဲ့ ၁၉ ပါတယ်။ ကြံ့ခိုင်ရေးက ရေမီတာ တလုံးကို ငွေကျပ် ၁၅၀,၀၀၀ ယူပြီးတော့ ချထားပေးတဲ့ ရေပိုက်လိုင်းတွေပေါ့၊ ငမိုးရိပ်ရေပေါ့၊ ငမိုးရိပ်ဆည်ကနေ ပေးတဲ့ရေ။ ကျနော်တို့ ဖြစ်စေချင်တာက ရပ်ကွက်ထဲမှာနေတဲ့ ဂျိုးဖြူပိုက်ရေ ယူထားတဲ့လူ တော်တော်များများ မျက်နှာသစ်ဖို့ ရေတောင်မှ တော်တော်အခက်အခဲ ဖြစ်တယ်။ ရေတစည်ကိုလည်း ၁,၅၀၀ လောက် ဝယ်သုံးရတယ်။ အဲဒီလို တော်တော်လေး အကျပ်အတည်းတွေ ဖြစ်နေတဲ့အတွက် စာတင်တာပါ။

“အလုပ်ရှိပေမဲ့လည်း ညဘက် ၁ နာရီ ၂ နာရီလောက်အထိ စောင့်ပြီးတော့ ပိုက်ကနေ နည်းနည်း နည်းနည်းလေး ကျတဲ့ ရေကိုမှ အချိန်အကြာကြီးစောင့်ပြီး သုံးရတယ်။ တော်တော် ဆိုးဆိုးဝါးဝါးကို ဖြစ်နေတာ။ တချို့ ပြည်သူ့ဝန်ထမ်းတွေ၊ ကုမ္ပဏီဝန်ထမ်းတွေက ညဉ့်နက်ပိုင်း အလုပ်ဆင်းရလို့ ညဘက်ပြန်လာပြီး ရေထခပ်ရတော့ အိပ်ရေးပျက်ပြီး အလုပ်ခွင်ထဲမှာ အဆင်မပြေမှုတွေလည်း ကြုံရတယ်။ ရေအခက်အခဲက ဘယ်လိုမှကို အဆင်မပြေဘူး ဖြစ်နေတယ်။ ရေလာမှကို အဆင်ပြေမှာ။”

ဒဂုံမြို့သစ်(တောင်ပိုင်း) မှာ ရေရရှိရေးအတွက် အခက်အခဲ ဖြစ်နေတဲ့ ရပ်ကွက်တွေကိုလည်း အခုလို ပြောသွားပါတယ်။

“ဒဂုံမြို့သစ်အဝင်မှာ ရေတွန်းစက်လေး တခုရှိတယ်။ စည်ပင်သာယာက လုပ်ထားပေးတဲ့ ရေတွန်းစက်။ အဲဒီစက်ကနေမှ မြို့နယ်တွင်း ရေရအောင် တွန်းပေးတာ။ ရေတွန်းစက်နဲ့ ဝေးသွားရင် ရေမရတော့ဘူး၊ အဲဒီရပ်ကွက်တွေက။ ထိပ်မှာရှိတဲ့ ၂၄ ရပ်ကွက်၊ ၂၅ ရပ်ကွက်ဆို ရေနည်းနည်းရသေးတယ်။ ဟိုဘက် ၁၈ တို့၊ ၁၉ တို့ဆိုရင် တော်တော်များများ မရတာ များတယ်။”

ရန်ကုန်တိုင်း အတွင်းမှာတော့ မြို့နယ် အတော်များများမှာ ရေအခက်အခဲတွေ ရှိနေကြပြီး ရေဝယ်သုံးနေရတာ ကြာပြီဖြစ်တဲ့ မြို့နယ်တွေကိုလည်း ရန်ကုန်မြို့ခံတဦးက အခုလို ပြောပြပါတယ်။

“ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့နယ်တွေပေါ့၊ ဒလမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ ဆိပ်ကမ်းမြို့နယ် ၄ မြို့နယ်ပေါ့၊ ပြီးတော့ ခရမ်းမြို့နယ်၊ အဲဒီမှာ ရေတွေက ရှားပါးနေတာဗျ။”

မြန်မာနိုင်ငံမှာ ရာသီဥတု ပူပြင်းတဲ့အပြင် ရေရှားပါးမှုတွေ ဆက်တိုက် ဖြစ်နေတဲ့အတွက် ပြည်သူတွေက မြို့တော်ဝန်ဆီက လက်မှတ်ရေးထိုး စာရေး အကြောင်းကြားခဲ့တာဟာ အခုတကြိမ်မှာ ပထမဆုံးအကြိမ် ဖြစ်ပြီး အတော့်ကို အခက်အခဲ တွေ့နေတဲ့အတွက်လည်း ရေရရှိရေး လုပ်ပေးစေချင်ကြောင်း၊ အရင်တုန်းကတော့ ဘာသာရေး အသင်းအဖွဲ့တွေနဲ့ အစိုးရမဟုတ်တဲ့ အသင်းအဖွဲ့တွေက ရေအကူအညီ ပေးမှုတွေ ရှိပေမဲ့ အခုအခါမှာတော့ အကူအညီ ပေးနိုင်သူတွေလည်း မရှိတော့တဲ့အတွက် အခုလို စာရေးပြီး အကြောင်းကြားရခြင်း ဖြစ်ကြောင်းကိုလည်း ပြည်သူတွေက ပြောပြပါတယ်။

XS
SM
MD
LG