သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဆက်လုပ်သွားမည့် အမေရိကန် သမ္မတကတော်


မြန်မာနိုင်ငံမှာ စစ်အစိုးရရဲ့ ကိုယ်ကျိုးကြည့်လုပ်ဆောင်တာတွေကြောင့် တိုင်းပြည် နဲ့ ပြည်သူလူထု ဒုက္ခရောက်နေရတာလို့ အမေရိကန် သမ္မတကတော် လော်ရာဘုရှ် (Laura Bush) က ပြောဆိုလိုက်ပါတယ်။ မြန်မာဒုက္ခသည်ပေါင်း လေးသောင်းကျော် နေထိုင်တဲ့ ထိုင်းမြန်မာနယ်စပ်က မဲလ ဒုက္ခသည်စခန်းကို သမီးဖြစ်သူနှင့်အတူ သြဂုတ်လ (၇) ရက်နေ့က သွားရောက်ခဲ့စဉ် ပြောဆိုခဲ့တာဖြစ်ပါတယ်။

“တချိန်က စပါးကျီဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ပြည်ပကို ဆန်တင်ပို့ နိုင်ခဲ့တဲ့ အခြေအနေကနေ အခုဆို အဟာရဓါတ်ချို့တဲ့ မှုနဲ့ ရင်ဆိုင်နေရတယ်။ မြန်မာနိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်တယ်။ ဒါပေမဲ့ ဒီသယံဇာတတွေကို စစ်အစိုးရက ကိုယ်ကျိုးအတွက်သုံးပြီး ပြည်သူအကျိုးအတွက် အသုံးမပြုဘူး။ သူတို့အာဏာ တည်မြဲရေးအတွက်ပဲ အသုံးပြုခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စု က အာဆီယံ (ASEAN) အပါအဝင် နိုင်ငံတကာက မြန်မာစစ်အစိုးကို ဝိုင်းဖိအား ပေးဘို့ တောင်းဆိုနေတာပါ။”

ကျောင်းဆရာမတဦးလဲဖြစ်၊ စာကြည့်တိုက်မှုးတဦးလဲ ဖြစ်ခဲ့သူ သမ္မတကတော်ဟာ ဒုက္ခသည်စခန်းတွေထဲမှာ ရှိတဲ့ စာသင်ကျောင်းတွေကို စိတ်ရှည်လက်ရှည် သွားရောက် ကြည့်ရှု့ခဲ့ပါတယ်။

မြန်မာနိင်ငံမှာ ၂၀၀၇ စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေး ပြီးတဲ့နောက် အမေရိကန်အစိုးရက မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆိုမှုတွေ တိုးပြီး ချမှတ်ခဲ့တာနဲ့ ပတ်သက်လို့ ထိရောက်မှုတွေ ရှိသင့်သလောက် ရှိခဲ့တဲ့အကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါသေးတယ်။

“သိတဲ့အတိုင်းပါပဲ မြန်မာနိုင်ငံအပေါ် ချမှတ်တဲ့အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆ့ိုမှု တွေဟာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နဲ့ တခြားဗိုလ်ချုပ်တွေကို အထူးပစ်မှတ် ထားတာဖြစ်ပါတယ်။ ဒီငွေရေးကြေးရေး ပိတ်ဆိုမှု့ကြောင့်လည်း စစ်ခေါင်း ဆောင်တွေ အတော်လေးထိခိုက်တာကိုတွေ့ရလို့ ဒီလိုပဲ တခြားနိုင်ငံတွေအနေနဲ့လည်း ဒီလို ဒဏ်ခတ်ပိတ်ဆို့ မှုတွေချမှတ်ဘို့ ကျမတို့ တိုက်တွန်းပါတယ်။ အီးယူ (EU) ကလည်း ချမှတ်ပါတယ်။ ဒဏ်ခတ်ပိတ်ဆိုမှုတွေကို မြန်မာနိုင်ငံ နဲ့ ကုန်သွယ်ဖက် နိုင်ငံကြီးတွေက ပါဝင်လုပ်ဆောင်မယ်ဆိုရင် ထိရောက်မှုရှိနိုင်မှာပါ။”

ဒါ့အပြင် သတင်းမီဒီယာ လွတ်လပ်ခွင့် နဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံမှာ လိုအပ်တဲ့အကြောင်း ဗီအိုအေ အမေရီကန်အသံကို အမည်တတ် ပြောဆိုခဲ့ပါသေးတယ်၊

“ဗီအိုအေ အမေရိကန်အသံ အနေနဲ့ မြန်မာနိုင်ငံတွင်းကို အသံလွှင့်နေတာ ကျမ သိပါတယ်။ ဒါဟာအရေးကြီးသလို အင်တာနက်ကတဆင့် သတင်းတွေရဘို့လည်း အရေးကြီးပါတယ်။ ပြည်တွင်းကလည်း သူတို့ရဲ့ သတင်းတွေကို အပြင်က သိအောင်လုပ်ပေးဘို့ လိုသလို မြန်မာနိုင်ငံကလည်း ပြင်ပကမ္ဘာကြီးနဲ့ ပွင့်ပွင့်လင်းလင်း သတင်းရယူခွင့် ရှိဘို့လည်း ဖွင့်ပေးသင့်ပါတယ်။”

အဲ့ဒီနောက် မြန်မာနိုင်ငံသားတွေကို ဆေးဝါးကုသပေးနေတဲ့ မဲဆောက်မြို့ မယ်တော်ဆေးခန်းကို သွားရောက်ခဲ့ပါတယ်။ မာသာထရီဇာ (Martha Teresa) လို့ တင်စားခေါ်ဝေါ်ခြင်း ခံရတဲ့ ဒေါက်တာ စင်သီယာမောင် ရဲ့ ကိုယ်ကျိုးစွန် အနစ်နာခံ ဆောင်ရွက်မှုကို သမ္မတကတော်က ချီကျူးခဲ့ပြီး မြန်မာနိုင်ငံသားတွေ ဒီမိုကရေစီရေးအတွက် ရုန်းကန် ဆောင်ရွက်နေမှုတွေကို ဆက်လက် ထောက်ခံအားပေး လုပ်ဆောင်သွားမယ်လို့ ဆေးဝါးကုသမှု ခံယူနေတာတွေကို လှည့်လည်ကြည့်ရှု့ အပြီး အမေရိကန် သမ္မတကတော် လော်ရာဘုရှ်က ပြောဆိုလိုက်ပါတယ်။

"မြန်မာနိုင်ငံသားတွေကို ကျမအနေနဲ့ အသိပေးပြောဆို လိုတာကတော့ အမေရိကန် ပြည်ထောင်စုအနေနဲ့ တတ်နိုင်သမျှ အကူအညီ ပေးချင်ပါတယ်။ မြန်မာနိုင်ငံမှာ သိပ်ကိုဖိနှိပ်တဲ့ အစိုးရရဲ့ အခြေအနေ နဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အကြောင်းကိုလည်း အမေရိကန် ပြည်ထောင်စုက သိထားတဲ့အကြောင်း၊ တတ်နိုင်တဲ့ဘက်က အကူအညီပေးလိုတဲ့ အကြောင်း ဒါကြောင့်မို့လည်း သမ္မတဘုရှ်နဲ့ ထိုင်းနိုင်ငံကို ကျမလာရောက်တဲ့အခါ မဲဆောက်ကို လာခဲ့တာပါ။"

မယ်တော်ဆေးခန်းကို ဦးစီးတည်ထောင်ခဲ့တဲ့ လူ့အခွင့်အရေးဆုရှင် ဒေါက်တာ စင်သီယာမောင် ကတော့ သူမရဲ့ အခုလို ဂရုတစိုက် လာရောက်ကြည့်ရှု့မှုတွေကြောင့် မြန်မာပြည် ပြောင်းလဲရေးအတွက် အများကြီး အထောက်အပံ့တွေ ရရှိနိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG