သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးနဲ့ လူမှုစီးပွားအကျပ်အတည်း မကျေနပ်လို့ ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြ


တပေါင်းလပြည့် သောကြာနေ့က ရွှေတိဂုံ ရင်ပြင်တော်မှာ ကိုယ့်ကိုကိုယ် ဓါတ်ဆီလောင်း မီးရှို့မှု တခုဖြစ်ပွားခဲ့ပါတယ်။ ဘာကြောင့် အခုလို ကိုယ့်ကိုကိုယ် ဓါတ်ဆီလောင်း မီးရှို့ရတယ်ဆိုတာ မသိရသေးပေမယ့် အသက်(၃၀)ရှိ အမျိုးသားတဦးဖြစ်ပြီး မီးလောင်တဲ့ ဒဏ်ရာတွေနဲ့ ရန်ကုန် ဆေးရုံကြီးမှာ တင်ထားရတယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးပါတယ်။

ဗုဒ္ဓဘာသာ ထွန်းကားတဲ့နိုင်ငံမှာ ကိုယ့်ကိုကိုယ် သတ်သေတာမျိုးဟာ သိပ်ကိုရှားပါးတဲ့ အထဲက အခုလို ဖြစ်ခဲ့တာမို့ အားလုံးက အံ့သြနေကြတာပါ၊ ဒီလို ထူးထူးခြားခြား ဖြစ်ခဲ့ပေမယ့် မြန်မာ စစ်အစိုးရ ထုတ် သတင်းစာတွေထဲမှာတော့ ဖေါ်ပြထားတာ မတွေ့ရပါဘူး။ ဒါပေမယ့် ရန်ကုန်မြို့ခံတွေကို မေးကြည့်တဲ့ အခါမှာလည်း သေသေချာသိသူ သိပ်ကိုမရှိလှပါဘူး၊ ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ကို မေးမြန်းကြည့်တဲ့ အခါမှာတော့ တာဝန်ရှိသူတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ အဓိက သူက သူ့ကိုယ်သူ ရှို့တဲ့ သဘောပေါ့နော်၊ ည(၇)နာရီ၊ (၄၅)လောက်မှာ၊ နာမည်ကတော့ ကျနော် အတိအကျ မသိဘူးပေါ့ခင်ဗျ၊ အသက်ကတော့ (၃၅)လောက်ရှိပြီဖြစ်တယ်လို့ ပြောပါတယ်။ မပိတ်ပါဘူး ခင်ဗျ၊ ဘုရားဖူးတွေ သူ့ကိုယ်သူရှိပါတယ်။ ”

ဘယ်ထောင့်မှာ သူ့ကိုယ်သူရှို့တာလဲ၊

“ သောကြာထောင့်မှာ၊ ဘုရားဖူးများတဲ့ အခါကျတော့လည်း၊ ဝုန်းဝုန်းဖြစ်တဲ့အခါ ကျတော့လည်း ရုတ်ရုတ်တော့ ဖြစ်တာပေါ့၊ ကျနော်တို့ ဘုရားက မီးသတ်သမားက သတ်လိုက်တာ၊ ”

ဘုရားပေါ်မှာ ပိတ်ထားပြုထားတာမရှိဘူပေါ့နော်။

“ မရှိပါဘူး၊ တစ်မိနစ်၊ နှစ်မိနစ်အတွင်းဖြစ်သွားတာပါ၊ ပြီးသွားတာပေါ့၊ ”

ရွှေတိဂုံ ဘုရားဂေါပက ဘုရား အလှည့်ကျ တာဝန်ရှိသူ တဦးက ပြောသွားတာပါ။ အခုလို ဖြစ်ပွားတာ ကို တနင်္ဂနွေ့နေ့ထုတ် international tribune သတင်းစာမှာ ဒီလူဟာ ကိုယ့်ကိုကိုယ်မီးမရှို့ခင် စစ်အာဏရှင် စနစ်ကျဆုံးပါစေလို့ ဖေါ်ပြထားတာမို့ နိုင်ငံရေးနဲ့ ပတ်သက်မှုရှိ၊ မရှိသိရအောင် NLD အဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် NLD အဖွဲ့က ဦးဟံဟာမြင့်က သေဆုံးသူ ဘယ်သူဘယ်ဝါဆို တာ မသိရသေးဘဲ NLD အဖွဲ့ဝင် ဟုတ်မဟုတ်ကိုလည်း မသိရသေးဘူးလို့ပြောပါတယ် အခုလို ကိုယ်ကိုကိုယ် မီးတင်ရှို့မှုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၆၀)လောက်က ဖြစ်ခဲ့တာမို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဦးဝင်းအောင်ကို မေးကြည့်တဲ့အခါမှာတော့ ဦးဝင်းအောင်က အခုလိုပြောပါတယ်။

“ ကြားဖူးပါတယ် ဒေါ်ခင်မျိုးသက်၊ ကြားဖူးရုံတင်မကဘူး၊ ကျနော်ကိုယ်တိုင်ကိုကြုံဖူးတယ်၊ ကျနော် ခပ်ငယ်ငယ်ပေါ့လေ။ စစ်တောင်းရွာမှာ နေတုံးက ကျနော်တို့ရွာက တပေါင်းလဆန်း(၁၂)ရက် ကနေစပြီးတော့၊ ကျိုက်ထီးရိုး ဘုရားကို တက်ကြပါတယ်။ လပြည့်နေ့ဆိုလို့ရှိရင် ကျိုက်ထီးရိုးဘုရား အာရုံဆွမ်း ကပ်တဲ့အချိန်မှီအောင် သွားတယ်ဆိုတာ နှစ်ပေါင်းရာနဲ့ ချီပြီးတော့ ရှိခဲ့တဲ့အစဉ်လာပါ၊ အဲဒီတော့ (၁၉၄၈)ခုနှစ်မှာ မှတ်မှတ်ရပဲ၊ တပေါင်းလပြည့်နေ့မှာ ကျိုက်ထီးရိုးဘုရားမှာ လူတယောက်က သူ့ကိုယ်သူ မီးရှို့ပြီးတော့ပေါ့နော်၊ နောက်ဆုံးကျတော့သေသွားတယ်ပေါ့နော်၊ အဲဒါကို သွားကြည့်ကြပါတယ်၊ ကျနော်ကတော့ ခပ်ငယ်ငယ်ပေါ့ရှိသေးတာပေါ့၊ ကျနော့် အဒေါ်တွေ ဆိုလို့ရှိရင် ခေါင်းကြီးကို တွေ့ပြီးတော့ နောက်ပိုင်းမှာဆိုလို့ရှိရင် ငါးခေါင်းတို့ ဘာတို့ တောင် မစားရဲဘူး ဆိုပြီး ဖြစ်တာ၊ အဲဒါကတော့ သေချာကြုံတွေ့တာတော့မှတ်မိပါတယ် တပေါင်းလ ပြည့်နေ့၊ အခုလို တပေါင်းလပြည့်နေ့မှာပါဘဲ၊ ဘာဖြစ်လို့ ကျနော်လည်းမသိ၊ ကျနော်လည်း အဲဒီတုံးက တော်တော်ငယ်သေးတာပေါ့နော်၊ ”

ဦးဝင်းအောင်က ပြောသွားတာပါ လွန်ခဲ့တဲ့ နှစ်ပေါင်း(၆၀)လောက်က ကျိုပ်ထီးရိုးဘုရားမှာ ဖြစ်ပွားခဲ့ပြီးတဲ့ နောက်ပိုင်း အခုလိုမျိုး ကိုယ့်ကိုကိုယ် မီးတင်းရှို့မှုတွေ ထပ်ပြီးတော့ မတွေ့ရပါဘူး၊ ရိုက်တာ သတင်းမှာတော့ အခု မီးတင်ရှို့သူရဲ့ခန္ဓာကိုယ် (၇၀)ရာခိုင်နှုန်းလောက် လောင်ကျွမ်းသွား တယ်လို့ ဖေါ်ပြထားပြီး သက်သေတချို့ကတော့ စီးပွးရေး ကျပ်တည်းမှုဒဏ်ကို မခံနိုင်တဲ့ အတွက်ကြောင့် ညီးညုပြီး ကိုယ်ကိုကိုယ် မီးတင်ရှို့ခဲ့တယ်လို့ဖေါ်ပြထားပါတယ်၊ အခုလို ကိုယ့်ကိုကို မီးတင်ရှို့မှု ဖြစ်ပွားခဲ့တဲ့ ရွှေတိဂုံစေတီတော်ဟာ မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုသမိုင်းအတွက် အဓိက ဌါနတခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လနဲ့ စက်တင်ဘာလတွေမှာ လောင်စာဆီဈေးနှုန်းကြီးမြင့်ရာကနေ လူထုဆန္ဒပြမှုတွေ၊ သံဃာတော်တွေဦးဆောင်တဲ့ ဆန္ဒပြမှု ဖြစ်ခဲ့တဲ့ အခါမှာလည်း လူထုစုဝေးရာနေရာတခုဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG