သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ်မှာ ဂျပန်ဦးနှောက်အမြှေးပါးရောင် ရောဂါ ကူးစက်


ကရင်ကလေးငယ်များ။
ကရင်ကလေးငယ်များ။

ကရင်ပြည်နယ်တွင်း ကော့ကရိတ်မြို့နယ်ထဲက ကျန်းမာရေးဝန်ထမ်းတွေနဲ့ အလှမ်းဝေးတဲ့ ကျေးရွာတချို့မှာ ကလေးငယ်တချို့ သေဆုံးတဲ့အထိ ဂျပန်ဦးနှောက် အမြှေးပါးရောင်ရောဂါ ကူးစက်မှုဖြစ်ပွားနေတဲ့အတွက်ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ကာကွယ်ရေးနဲ့ ကုသမှုတွေအတွက် အခက်အခဲရှိနေတဲ့ အတွက်လည်း နောက်ထပ်ရောဂါ ကူးစက်ပျံ့နှံ့မှာကို ဒေသခံတွေရော၊ ကျန်းမာရေး ဝန်ထမ်းတွေပါ စိုးရိမ်နေကြတာပါ။ အကြောင်းစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန် ကသတင်းပေးပို့ ထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲက ကော့နွဲ့၊ တတန်ကူး ကော့ဖလို့ ကတိုးထ ရေပူကြီးအစရှိတဲ့ကျေးရွာ(၁၀)ရွာကျော်မှာ အောက်တိုဘာလအထိ ဂျပန်ဦးနှောက်အမြှေးပါးရောင်ရောဂါ ကူးစက်မှုဖြစ်ပွါးနေတဲ့အခြေအနေကိုတော့ နယ်လှည့်ဆေးကု ဆရာဝန် ဒေါက်တာထက်ကိုကိုလင်းက အခုလိုပြောပါတယ်။

"ဒီနှစ်က ကျတော့ ဟိုး ဇူလိုင်လောက်ကတည်းက စဖြစ်တာ။ ဘားအံမှာ လည်းဖြစ်တယ်။ လှိုင်းဘွဲ့လည်းဖြစ်တယ်။ ကော့ကရိတ်လည်းဖြစ်တယ်။ ဖာပွန်ဘက်မှာလည်း နည်းနည်းဖြစ်တယ်။ ကော့ကရိတ်ဘက်ခြမ်းမှာ အရင်အရှိန်တွေနဲ့ ရောဂါလက္ခဏာဖြစ်လို့ ဆေးရုံတက်ပြီးသက်သာသွားတဲ့ကလေးတွေရဲ့ နောက်ဆက်တွဲ ဦးနှောက်မမှန်တော့တာတို့ အဲ့တာမျိုး ဆိုးကျိုးတွေ ကိုကြည့်ပြီး အခုမှ ပြန်ကြောက်လာကြတာပေါ့နော်။"

ဒီရောဂါဟာဇူလိုင်လကစပြီး ကရင်ပြည်နယ်မှာ စတင်ကူးစက်ပြန့်နှံ့လာ တာဖြစ်ပြီး ရောဂါကြောင့်ကလေးငယ်တွေ အသေအ ပျောက်ရှိခဲ့တယ် လို့ ဒေါက်တာထက်ကိုကိုလင်းက ဆက်ပြောပါတယ်။

" သြဂုတ်လမှာ ကလေးငယ် ငါးဦးလောက်ဆုံးသွားတယ်။ သြဂုတ်လအထိဆိုရင် ၄၀ လောက်အထိ သူတို့ဖြစ်ကြတယ် စာရင်းအရ။"

သြဂုတ်လကနေ အခုအထိကလေးငယ်(၅)ဦးသေဆုံး ခဲ့ပြီး(၄၀)ဦး အထိရောဂါဖြစ်ပွါးခဲ့တယ်လို့ သူကပြောပါတယ်။

ဂျပန်ဦးနှောက်အမြှေးပါးရောင်ရောဂါကာကွယ်ဆေးကို သက်ဆိုင်ရာ ကျန်းမာရေးဌာနနဲ့ ဆေးခန်းမှာသွားရောက် ဆေးထိုးရတာ ဖြစ်ပြီး လိုအပ်တဲ့ဆေးဝါးတွေကိုတော့ ဝယ်ယူရတယ်လို့ တတန်ကူးကျေးရွာ အုပ်ချုပ်ရေးမှူးဒေါ်နှင်းရီကပြောပါတယ်။

"ဂျပန်ဦးနှောက်ရောင် အခုကတော့ ကာကွယ်ဆေးထိုးတယ်ပေါ့။ တချို့ကတော့ ဝယ်နိုင်ရင် ဝယ်ထိုးတယ်ပေါ့။ မဝယ်နိုင်ရင်တော့ မထိုးရဘူးပေါ့။ နပ်စ်ဆရာမတွေက ပြောတယ်။ အဲ့ဒီ့ရောဂါကတော့ မြန်မာပြည်မှာ ကူးလာပြီ။ ဆေးကတော့ရှိတယ်။ ကာကွယ်ဆေး ဝယ်ထိုးနိုင်ရင်တော့ ဝယ်ထိုးပေါ့နော်။ တလုံးကို လေးသောင်းတဲ့ အဲ့တာ ဝယ်ထိုးနိုင်တဲ့သူ ကတော့ ဆရာမကို မှာတယ်။ ဆရာမက ဘားအံမှာ သွားယူတယ်။"

ဒီရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဌာန Programထဲမှာ ၂၀၁၇ထဲမှာ ကာကွယ်ဆေးထိုးဖို့ စီစဉ်ထားပေမဲ့ လတ်တလော ရောဂါဖြစ် ပွါးခဲ့တာကြောင့် ကာကွယ်ကုသရေးမှာ အခက်ခဲဖြစ်သွားတယ်လို့ ဒေါက်တာ ထက်ကိုကိုလင်းက ဆက်ပြောပါတယ်။

" ကျနော်တို့ နိုင်ငံတော်အဆင့်အနေနဲ့ စဉ်းစားထားပြီးသား ၂၀၁၇ ထဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ထည့်ဖို့ အဲ့လို မထည့်ခင်ကို သူတို့စဉ်းစားထားတဲ့ အချိန်မှာကို ဒီလိုတွေဖြစ်လာတော့ နည်းနည်းလေး ရုတ်တရက်ဖြစ်သွား တာပေါ့။ လောလောဆယ်ကတော့ ကုမ္ပဏီကပဲ ဆေးမှာထိုးရတာပေါ့။ ကုမ္ပဏီကလည်း အရမ်းမမှာရဲဘူး။ ဒီက ဆေးဆိုင်တွေမှာလည်း မရှိဘူးဆိုတော့ သူက အအေးလမ်းကြောင်းနဲ့သယ်ရတာကိုး။ အအေးလမ်းကြောင်းပျက်ရင် ဆေးလည်းပျက်တော့ ပြသနာက ပြန်တက်ဦးမှာလေ။"

ဂျပန်ဦးနှောက်အမြှေးပါးရောင်ရောဂါဟာ ခြင်ကြောင့်ဖြစ်ပွါးတဲ့ရောဂါဖြစ်သလို အသက်အရွယ်မရွေး ကူးစက်နိုင်ပေမဲ့ ၁၀နှစ်အောက် ကလေးအရွယ်တွေ အဖြစ်များဆုံးဖြစ်ပြီးရောဂါကြောင့် ကိုယ်အင်္ဂါချို့ယွင်းမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှှုတို့ ဖြစ်သွားပြီး ပုံမှန်အခြေ အနေ ပြန်လည် မရရှိနိုင်တော့တဲ့ အခြေအနေရောက်နိုင်တယ်လို့ ဒေါက်တာထက်ကိုကိုလင်းကပြောပါတယ်။

လက်ရှိကော့ကရိတ်မြို့နယ်ကျန်းမာရေးဌာနအနေနဲ့ ခြင်ပေါက်ပွါးမှုမရှိအောင် ဆေးပက်ဖြန်းခြင်းလုပ်ငန်းတွေလုပ်ဆောင်နေတယ် လို့ ကော့ကရိတ်မြို့နယ် ကျန်းမာရေးမှူးတဦးကပြောပါတယ်။

ကရင်ပြည်နယ်မှာ ယခုနှစ်အတွင်း ဂျပန်ဦးနှောက် အမြှေးပါးရောင်ရောဂါဖြစ်ပွား မှုနှုန်း မြင့်မားလာမှုမှာ ကော့ကရိတ်မြို့နယ်အပြင် လှှိုင်းဘွဲမြို့နယ် ကျေးရွာ အချို့မှာလည်း အလားတူအဖြစ်များလျှက်ရှိပြီး ရောဂါကြောင့် အသက်ဆုံးရှူံးမှုတွေ ရှိနေတာကြောင့် ဒေသခံကျေးရွာသားတွေအနေနဲ့စိုးရိမ်မှုတွေဖြစ်ပွါးနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG