သုံးရလွယ်ကူစေသည့် Link များ

အာဖဂန်ရှိ အမေရိကန်စစ်စခန်း ၂ ခု တိုက်ခိုက်သူ စစ်သွေးကြွတွေကို ချေမှုန်းနိုင်


အာဖဂန်နစ္စတန် အရှေ့ပိုင်းမှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို လက်နက်ကိုင် သူပုန်တွေ ၀င်ရောက်စီးနင်းခဲ့မှုကို နေတိုး နဲ့ အာဖဂန်တပ်တွေက တွန်းလှန်နိုင်ခဲ့ကြပြီး လာရောက်တိုက်ခိုက်သူ အနည်းဆုံး ၂၄ ဦးကို အသေရမိခဲ့ပါတယ်။

ဂို့စ်ခရိုင်က စလာနိုနဲ့ ချက်ပင် အခြေစိုက်စခန်းတွေကို ရော့ကတ်လောင်ချာတွေ၊ စက်သေနတ်တွေနဲ့ စနေနေ့ အရုဏ်မတက်ခင် ပစ်ခတ်ခဲ့ကြတယ်လို့ နေတိုးအဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ မဟာမိတ်တပ်တွေနဲ့ အာဖဂန်တပ်တွေ ပူးတွဲပြီး အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် စလာနို စခန်းနားက သူပုန် ၁၅ ဦး သေဆုံးပြီး ချက်မန် နားမှာတော့ သူပုန် ၆ ဦးသေဆုံးခဲ့ရပါတယ်။ ထွက်ပြေးဖို့ကြိုးစားခဲ့တဲ့ သူပုန် ၃ ဦးဟာ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပြီး နောက်ထပ် သူပုန် ၅ ဦးကိုတော့ လက်ရဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

စလာနို စခန်းဝင်းထဲကို သူပုန် ၂ ယောက် ၀င်လာနိုင်ခဲ့ပေမဲ့ ချက်ချင်းပဲ အသက်ခံခဲ့ရတယ်လို့ နေတိုးအဖွဲ့က ပြောပါတယ်။ တာလီဘန်အဖွဲ့ ပြောခွင့်ရကတော့ သူပုန် ၃၀ လောက်ပါတဲ့အဖွဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီအထဲမှာ အသေခံဗုံးခွဲသမားတွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။

လေကြောင်း ပစ်ခတ်မှုနဲ့ သေဆုံးသွားခဲ့တဲ့ သူပုန်တွေထဲက တစ်ယောက်ဟာ မူဒါဆာ လို့ခေါ်တဲ့ ဖောက်ခွဲရေး ကျွမ်းကျင်သူဖြစ်ပြီး အိမ်နီးချင်း ပါကစ္စတန် နိုင်ငံထဲမှာ အချေချသူဖြစ်တဲ့အပြင် အသေခံဗုံးခွဲသမားတွေကို စေလွှတ်တဲ့သူဖြစ်ပြီး အယ်လ်ခိုင်းဒါး အဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ ဟက်ဂါနီ ကွန်ယက်အဖွဲ့ကဖြစ်ကြောင်း နေတိုးတပ်ဖွဲ့တွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။

XS
SM
MD
LG