သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၄ ခုနှစ် နောက်ဆုံးထားပြီး အာဖဂန်မှာ လုံခြုံမှုရအောင် ဆောင်ရွက်မည်


၂၀၁၄ ခုနှစ်မကုန်ခင် အာဖဂန်နစ္စတန်နိုင်ငံရဲ့ လုံခြုံရေးကို အာဖဂန်တပ်တွေက လုံးဝ တာဝန်ယူမယ် ဆိုတဲ့ အာဖဂန်သမ္မတ ဟာမစ် ကာဇိုင်း (Hamid Karzai) ရဲ့ အစီအစဉ်ကို နိုင်ငံတကာ ညီလာခံကနေ ထောက်ခံလိုက်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံအတွက် ပေးတဲ့ ထောက်ပံ့ငွေတွေထဲက အနည်းဆုံး ၅၀% ကိုလည်း အာဖဂန် အစိုးရကတဆင့် ပေးဖို့အတွက် နိုင်ငံပေါင်း ၆၀ ထက် မနည်းက အစိုးရ ကိုယ်စားလှယ်တွေနဲ့ အဖွဲ့အစည်းတွေ တက်ရောက်ကြတဲ့ ညီလာခံမှာ သမ္မတ ကာဇိုင်းက ပြောကြားခဲ့ပါတယ်။

၂၀၀၁ ခုနှစ်ကတည်းက အာဖဂန်နစ္စတန်နိုင်ငံအတွက် နိုင်ငံတကာက ပေးထားတဲ့ ထောက်ပံ့ငွေ ဒေါ်လာ ဘီလီယံ ၄၀ ကျော် ရှိပါတယ်။

အုပ်ချုပ်ရေးပိုင်းနဲ့ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးပိုင်းမှာ အာဖဂန် အစိုးရရဲ့ ဆောင်ရွက်မှုတွေကို အမေရိကန်က အားရပေမဲ့ နောက်ထပ် လုပ်စရာတွေ လိုသေးတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ညီလာခံ တက်လာသူတွေကို ပြောခဲ့ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံရဲ့ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဖဂန်အစိုးရ တင်ပြတဲ့ အစပြု ဆောင်ရွက်ရေး အစီအစဉ် တော်တော်များများကိုလည်း ကဘူးလ်မြို့တော်မှာ တရက်ကြာလုပ်တဲ့ ညီလာခံကနေ ထောက်ခံခဲ့ကြပါတယ်။

အဲဒီ အစီအစဉ်တွေထဲမှာ လက်နက်ချလာတဲ့ တာလီဘန် တိုက်ခိုက်ရေး သမားတွေကို လူမှုအသိုင်းအဝိုင်းထဲ ပြန်ဝင်ဆန့်နိုင်ရေးအတွက် ဘဝ ပြန်လည်ထူထောင်ရေး အစီအစဉ်တွေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်ခံဖို့ အစီအစဉ်တွေ ပါဝင်ပါတယ်။

XS
SM
MD
LG